Quantcast
Channel: The Gardener
Viewing all 146 articles
Browse latest View live

နဂါးရုပ်မင်သေ့နဲ့ကောင်မလေးဟာ ဆိုင်ကယ်ကို အပြင်းမောင်းထွက်သွားတယ်။

$
0
0
နဂါးရုပ်မင်သေ့နဲ့ကောင်မလေးဟာ ဆိုင်ကယ်ကို အပြင်းမောင်းထွက်သွားတယ်။

လကွယ်ည ခေါင်းလောင်းသံတွေ တိုးဝင်နေတဲ့ ဒီဇင်ဘာ ....။ ကြွေဖို့ပွင့်တဲ့ ပန်းပွင့်များ တသွဲ့သွဲ့နှင် လေညင်းလမ်းကြောင်းမှာ တနွဲ့နွဲ့ ကခုန်နေကြတယ်။ ဒဏ်ရာများဟာ ရုပ်ကြွဖြစ်ပေါ်လာတယ်။ နာကျင်မှုဟာ အမြဲတစေ မလှပပေမယ့် ခမ်းနားသက်ဝင်လွန်းနေတယ်။ အချစ်မှာ အရောင်မရှိပါဘူး။ အဝေးပြေးလမ်းကို ဖြတ်ကူးနေတဲ့ ခရုလေးလို သည်းထိတ်ရင်ဖိုဆန်လွန်းခဲ့ရုံသက်သက်။

ဖြတ်ရိုက်လိုက်တဲ့သံတုတ်ဟာ နံရိုးပေါ်တည့်တည့်။ အရိုးတစ်ချောင်းကျိုးသွားတယ်။ မနာပါဘူး။ အရိုးတွေပြန်ဆက်သွားရင် အကျိုးဟာ အကောင်းပြန်ဖြစ်သွားတာပါပဲ။ ကြွေနေတဲ့ပန်းပွင့်ကို နံရံမှာ ကော်နဲ့ကပ်ထားတယ်။ ပင်အပ်သုံးချောင်းနဲ့ထိုးစိုက်ထားတဲ့ ဖယောင်းသုတ် ညောင်ရွက်လေးမှာ ငါတို့ငယ်ဘဝက လက်မှတ်လေးရှိတယ်။ အသည်းမခွဲကြေး ကစားနည်းထဲ တစ်စုံတစ်ယောက် ထမင်းရေပူစည်းနင်းမိထားတယ်။

တီးလုံးဟာ ဘေ့စ်လိုင်းရဲ့ အကျယ်အဝန်းရှိသလောက်ပဲ အနုစိတ် ဖော်ဆောင်နိုင်မှာပေါ့။ ငါတို့ဘဝရဲ့ ကျဉ်းမြောင်းမှုထဲမှာ ဟာမိုးနစ်သံတွေ ကျွံဝင်သွားတာ လွမ်းစရာ။ Tears in Heaven ကို တစ်ယောက်က ဂစ်တာတီးနေ၊ မအောင်မြင်တဲ့သီချင်းကို တစ်ယောက်က စပ်နေ၊ မဖြစ်ထွန်းတဲ့ အဆိုတော်ကလည်း နူးညံ့တဲ့အသံနဲ့ အလွမ်းဖွဲ့တေးကို ဆိုနေ။ ဒီဇင်ဘာမှာ ဘာမှ ပြန်မရနိုင်တော့မှန်း ငါတို့ ကြိုသိခဲ့ကြတာပဲ။ ခဲလုံးကို အဝေးဆုံးပစ်နိုင်တဲ့သူဟာ နိုင်တယ်တဲ့။ ငါတို့ဘဝရဲ့ တစ်ခုတည်းသော ကစားနည်း ဆိုပါတော့။ လွမ်းဆွတ်ခြင်းတွေ ဘယ်သူ ဘယ်လောက်အထိ ရောက်ခဲ့လဲ မမေးကြေး။

ကံကော်ရွက်နုလေး တစ်ရွက်စာ လှပခဲ့ပါတယ်။ သက်တမ်းကို မေ့ထားလိုက်ရင် ရှင်သန်ချိန်အတွင်းမှာ အလှဆုံး သစ်လွင်ခဲ့တာပေါ့။ တစ်ယောက်က Cannon in D ကို တီးရင် တစ်ယောက်က မင်္ဂလာဆောင်ရမှာပေါ့။  လောကရဲ့ စီးကြောင်းထဲ ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်ပစ်လိုက်ဖို့ မမေ့လျော့ကြေး။ တေးဆိုတဲ့ တိမ်တွေ ပြိုကွဲသွားတာကို ငေးကြည့်ရင်း ငိုမိတဲ့အရွယ်က လွန်မြောက်ဖို့လိုပြီ။ ဦးနှောက်ရဲ့ ဘယ်ဖက်ခြမ်းကို ချိတ်ပိတ်ပြီး ရုပ်တည်နဲ့ မုန့်တီသောက်ရမယ့် အရွယ်ရောက်ရင် ရည်းစားစာဆိုတာ ရှေးရှေးတုန်းကနဲ့ အစမချီတဲ့ ပုံပြင်လှလှတွေ။ အဏုကြည့်မှန်ပြောင်းထဲက ပိုးကောင်လို ချစ်ခြင်းတရားဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားခဲ့ပါတယ်။

ဆဲလ်တစ်ခုထဲ သတ္တဝါရဲ့ ချစ်ခြင်းတရားဟာ ကျယ်ပြန့်ခဲ့ပုံရတယ်။ မနေ့က နေရောင်ကို ဖန်လုံပုလင်းထဲ သိမ်းထားချင်ခဲ့မိတာ ... အမှတ်တရပါပဲ ..........။ အနုသယ အမှုန်အမွှားတွေနဲ့ ဒဏ်ရာများဟာ လေးနက်လွန်းကြပါတယ်။ ချစ်ခြင်းတရားဟာ မှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့လေး တစ်ခုထက်ပိုကြောင်းသိဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာပေါ့။ ဆူးစူးထားတဲ့ အိမ်မက်များစွာရဲ့ တခုတ်တရ သိမ်းဆည်းမှုဟာ နောင်တလို့ပဲ ဆိုကြပါတော့။

ခြံဝင်းရှေ့က အရိပ်လေးကို လွမ်းတဲ့နေ့ ..... ကြွေနေသမျှ သစ်ရွက်တိုင်းဟာ ...... ဥသြငှက်ဆန်လွန်းတယ်။ ဇင်ဆရာကြီးကတော့ ဥယျာဉ်မှာ သစ်ရွက်ကြွေမရှိရင် မပြည့်စုံဘူးတဲ့။ ချစ်ခြင်းတရားမှာ အလွမ်းမပါရင် အထီးကျန်လွန်းမယ်။

ကျူးးလစ်ပင်ကို ရေခဲသေတ္တာထဲမှာ စိုက်ကြရအောင်။ တိမ်တွေပြာတဲ့နေ့ .... ကောင်းကင်ကို မော့ကြည့်ရင်း သူပြောတယ်။ .... လရောင်ကို သိမ်းထားလို့ရရင် မင်းတစ်ဘဝစာ သိမ်းထားပေးချင်တယ်လို့ အလားတူ အရူးတစ်ယောက်က ပြောတယ်။ ရူးသွပ်ခြင်းဟာ နယ်စည်းမခြားပါဘူး။ ဂုဏ်သိက္ခာကြီးမားသူရဲ့ မာနတရားလို တသီးတခြား ဖြစ်မနေဘူး။ ရူးသွပ်ခြင်းဟာ အခြားအရူးတစ်ယောက်ကို ပြည့်ဝတဲ့ လွတ်လပ်ခွင့် ပေးတယ်။ တောင်ပေါ်က အိမ်လေးမှာ ဆန်ပြုတ်ဘုန်းပေးတဲ့ ကျောင်းဆရာက ကျယ်ပြန့်တဲ့ မြက်ခင်းဟာ သူ့ရဲ့ကျောင်းတဲ့။ ပုရွက်ဆိတ်ကလေးတွေကို ထိုင်ကြည့်နေမယ့် ကျောင်းသူလေးကို စာဆက်သင်ရမလား ၊ထိုင်စောင့်နေရမလား။ မြေပေါ်မှာ ရေးခြစ်ရင် ကျောက်သင်ပုန်းမလိုပါဘူး။ ကောင်းကင်ကကြယ်တွေကို ရေတွက်တာ သင်္ချာ။ မြင်နေရတဲ့ သက်တံကြီးဟာ မမြင်ရတဲ့အရပ်မှာ ထောက်ပြီးဆွဲလိုက်တဲ့ အဝန်းပြတ်။ သစ်ပင်တွေ ပေါက်ရောက်ပုံက ဖရတ်တယ်ဒိုင်မင်းရှင်း၊ ကလေးငယ်တွေရဲ့ ရယ်သံဟာ ဂီတ၊ သစ်ရွက်လေးကြွေတာ ရုက္ခဗေဒ၊ ချစ်ခြင်းတရားဟာ ဓာတုဗေဒရဲ့ ရူပဗေဒအပေါ် အနိုင်ယူမှုသက်သက်။ သမိုင်းဟာ မြေကြီးတွေ ပြန်တူးကြည့်ရင် တွေ့နိုင်သေးတဲ့ ခမ်းနားမှု၊ နှလုံးသားတစ်ခုကနေ နှလုံးသားတစ်ခုဆီကို သွားလာဖို့ ပထဝီဝင်တော့ တတ်ရလိမ့်မယ်။ တောင်တန်းတွေဟာ၊ နယ်နိမိတ်မျဉ်းတွေဟာ တစ်ခါတစ်ရံ သက်ရှိထင်ရှား ဖြစ်တည်လာတယ်။ ဘာလို့ ချစ်ခြင်းကို ခွဲမလဲ၊ အချစ်မခံရလို့ပဲနေမှာပေါ့။ လောကမှာ အချစ်မခံရတဲ့သူဟာ ချစ်ခြင်းအကြောင်းလည်း နားလည်ဖို့ခက်တယ်။ အဲဒီနေ့ ကျောင်းမတက်ဘူးဖြစ်ဖြစ်နေမယ်။

ငါတို့ လက်ထပ်တဲ့ နေ့ကြရင် ငှက်တောင်နဲ့ မင်ရည်တို့ပြီး ငါ လက်မှတ်ထိုးမယ်။ နင်ကတော့ စာမတတ်တော့ လက်ဗွေနှိပ်ပေါ့လို့ ဆောင်းရာသီတွေက ထထပြီးပြောတယ်။ ထထပြီးပြေးတယ်။ မနက်ခင်းတွေ။ အားကစားကွင်းအထိ ရောက်အောင်ပြေးတယ်။ ကြက်တောင်ရိုက်ပြီး ပြန်မယ်။ ဂျပန်-မြန်မာချစ်ကြည်ရေး တံတားကနေ အရုဏ်တက်စ နေလုံးနဲ့အတူ သပ္ပာယ်နေတဲ့ ရွှေတိဂုံစေတီကို ငေးကြည့်မယ်။ ဘာဝနာဆိုတာ အစဉ်သဖြင့်ပွားများခြင်းဆိုရင် ပြုံးနေတဲ့ မျက်နှာလေးတစ်ခုကို အလေးအနက် ရှုနေတဲ့ သကောင့်သားတစ်ယောက် ဘာဝနာနဲ့မွေ့လျော်တတ်ခဲ့ပါတယ်။

လမ်းတွေဟာ ဘယ်တော့မှ မဖြောင့်ပါဘူး။ ချယ်လိုဟာ တစ်ယောက်တည်းလွမ်းတဲ့ တူရိယာ။ ကမ္ဘာကြီးရဲ့ အဝိုင်းပတ်ထဲ ကိုယ့်စိတ်ဆီ ပြန်ရောက်အောင် လွမ်းရတာ အကွေ့အဝိုက် ဆန်လွန်းနေတယ်။ သက်ပြင်းကိုချလိုက် ပြန်တင်လိုက်လုပ်ရတာ ကရိကထ များတာပေါ့။ ပစ်ချလိုက်တဲ့ အလှူငွေ ပြေးပြေးကောက်နေတဲ့ အလှူခံလို လွမ်းဆွတ်ခြင်းဟာ အမှတ်တရတွေကို ကားကြိုကားကြား ပြေးပြေးကောက်နေတယ်။ ခရေရနံ့ဟာ နည်းနည်းပဲ ကောင်းတယ်။ စံပယ်ရနံ့ဟာ နည်းနည်းပဲ ကောင်းတယ်။ ဒီအောဟာ ထင်သလောက် မမွှေးဘူး။ ရှယ်နယ်ဟာ သူ့ကိုယ်သင်းနံ့မပါရင် အမှိုက်ပုံဆန်သွားမယ် ထင်မိတယ်။ ဘက်လိုက်သမျှ တရားသူကြီးတွေထဲမှာ သမုဒယက ရှေ့ဆုံးရဲ့ရှေ့ဆုံးမှာ ရှိတယ်ဆိုတာ ယုံထားလိုက်။

ချစ်ခြင်းတရားမှာ ဘယ်တော့မှ ရင့်ကျက်မလာတဲ့ လူမိုက်တွေဆိုကြပါတော့။ အချစ်ကဗျာ ဘယ်နှစ်ပုဒ်။ တစ်ယောက်က အေဖိုးစာရွက်လေးထုပ်၊ တစ်ယောက်က အေသရီး လေးထုပ်။ ဒီလူတွေ အသည်းကွဲတာဟာ စာပေလောကရဲ့ ကံဆိုးမိုးမှောင်ကျမှုပါပဲ။ နာတာရှည် ရောဂါတွေထဲမှာ ချစ်ခြင်းတရားဟာ ပျောက်ဖို့ အခက်ဆုံးဖြစ်မယ်။ တိမ်တွေဟာ ခရီးသွားနေတာလား၊ ခရီးက ပြန်လာတာလား။ လေယာဉ်ပေါ်ကနေ မြင်ရတဲ့တိမ်တွေဟာ နီးလွန်းပေမယ့် လှနေတယ်။ တိမ်တွေကို စိုက်ခင်းတစ်ခုလို မြင်ရတယ်။ ရိတ်သိမ်းစရာမလိုတဲ့ အလှတရားဟာ ပြည့်စုံနေတယ်။ ဆောင်းရာသီကို ဆောင်းရာသီလိုပဲ ရင်ဆိုင်ကြရအောင်။ တော်လှန်ရေးကာလမှာ ရိပ်သာဝင်သူဝင်၊ ကဗျာရေးသူရေး၊ ဘာမှမရေးတော့သူကလည်း သူ့ခံစားချက်ကို မိုးပျံပူဖောင်းထဲ ထည့်ထည့်လွှတ်တယ်ကြားတယ်။

အသည်းကွဲတဲ့နေ့ လိုင်းကား ပတ်စီးမယ်ဆိုတဲ့သူကိုလည်း တွေ့ဖူးပြီ။ ညာလက်ဖျံပေါ်က တက်တူးတွေကတော့ မူရင်းအမည်ပေါက်တွေနဲ့ ဝေးကွာမြဲ။ အသည်းကွဲသီချင်းသစ်မရတဲ့သူက လူငယ်ဘဝမှာ အောင်မှတ်မရသူ။ သုံးလေးငါးခါ ဆိုခဲ့သူတွေကြတော့ အသည်းကွဲခြင်းမှာ ဝီရိယလွန်ကဲသူ။ ဒီလိုပါပဲ ရယ်စရာတွေ မရယ်နိုင်ခဲ့တဲ့ အချိန်တွေ၊ အလွမ်းသီချင်းဟာ ထင်တာထက် လွမ်းစရာကောင်းခဲ့ပေါ့။

အိပ်ခန်းထဲ အိမ်ဖွဲ့နေတဲ့ ပင့်ကူတစ်ကောင်ကို မောင်းမထုတ်ရက်ဘူး။ နာကျင်တာတွေကို အိမ်လုပ်ပြီးနေရတဲ့သူတစ်ယောက်ရဲ့ ဘဝကို စာနာမိလို့ပါပဲ။ တစ်နေ့မှာ ပင့်ကူဟာ သူ့အိမ်ရဲ့ အဝေးကို ထွက်သွားးလိမ့်မယ်။ ကြယ်တွေဆီ သူရောက်နိုင်ပါစေလို့ ကျွန်တော်အားပေးနေမိတယ်။          ။

Regards,
Z

ညတစ်နာရီခွဲမှာ ဗစ်ဒယိုကြည့်အပြီး ဝင်ရောက်လာတဲ့ ဆောင်းအိမ်မက်တစ်ခုမျှသာ။


လမ်းလျှောက်ထွက်ခြင်း။

$
0
0
လမ်းလျှောက်ထွက်ခြင်း။

ဆရာချစ်(ချစ်ဦးညို) ရဲ့ လောကဓံနှင့်အတူ လမ်းလျှောက်ထွက်ခြင်းကို သတိရသေးတယ်။ အခုလမ်းလျှောက်တာတော့ ဇနီးသည်နဲ့အတူ အနီးအနားမှာ တစ်နာရီလောက် လျှောက်တာပါ။ လမ်းလျှောက်တာ အင်မတန် အပန်းပြေတာပဲ။ စကားလေးဘာလေးလည်း ပြောချိန်ရတယ်။ အိမ်မှာနေရင် သူ့အလုပ်နဲ့သူ၊ ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ စကားလည်း အေးအေးဆေးဆေးမပြောဖြစ်ဘူး။ လမ်းလျှောက်ရင်းတော့ စကားလည်းအေးအေးဆေးဆေးပြောလို့ရတယ်။

တောင်ကုန်းပေါ်က အိမ်ကလေးတွေ ဘယ်လိုဆောက်ထားသလဲကြည့်တယ်။ 20x60 မှာ သုံးထပ်ဆောက်ထားတဲ့ပုံစံလေးတွေလည်းကြည့်ကြည့်တယ်။ ခေတ်ဟောင်းက နည်းပညာနဲ့ ခေတ်သစ်က နည်းပညာပြောင်းလဲလာတာလေးတွေ ပြောဖြစ်တယ်။ ကြိုကြားကြိုကြားမှာတွေ့ရတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ မြေလွတ်တွေအကြောင်းလည်း ပြောဖြစ်တယ်။ ကျောင်းတွေတွေ့ရင် ကျောင်းက အားကစားကွင်းတွေရှိတာ အဆင်ပြေတဲ့အကြောင်းပြောဖြစ်တယ်။

လောကကြီးဟာ အရင်တုန်းက သိပ်ခက်ခက်ခဲခဲမဟုတ်ဘူး။ လက်နှိပ်စက်ရိုက်တတ်ရင် ထမင်းစားလို့ရတဲ့ ခေတ်တစ်ခေတ်ရှိခဲ့သေးတယ်။ အခုနောက်ပိုင်းမှာ ဒီလောက်နဲ့ ထမင်းစားလို့မရတော့ဘူး။ တစ်ချို့ပြောင်းလဲမှုတွေဟာ တစ်ခြားတစ်နေရာမှာတော့ အခက်အခဲသစ်တွေဖြစ်သွားစေတာပဲ။ ကားတွေကို စက်နဲ့ထုတ်လာတော့ အလုပ်သမားမလိုတော့သလိုမျိုး။ စာပို့သမားမလိုတော့တာမျိုး။ အဲဒီအပြောင်းအလဲတွေကို စဉ်းစားကြည့်လိုက်ရင်တော့ လောကကြီးမှာ အပြောင်းအလဲသစ်ဟာ အလုပ်ဟောင်းတွေကို ပျောက်သွားစေတာကို ပိုသတိထားမိလာတယ်။ အစိုးရအလုပ်တွေမှာတောင် တစ်ချို့တွေ မသက်သာလှဘူး။ လူ့အသိုင်းအဝိုင်းဟာ ထင်သလောက်မတိုးတက်ခဲ့ဘူး။ နှစ်ပေါင်း သုံးလေးဆယ်အတွင်း ပိုခက်ခဲအောင်လုပ်လိုက်တာပဲ။ လူ့အဆင့်အတန်းအရပြောရင် တော်တော်လေး နိမ့်ကျသွားတယ်။ လူလတ်တန်းစားရဲ့ အဆင့်ဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ်က ဆင်းရဲသားအဆင့်လောက်ဖြစ်သွားတာ။ ဝင်ငွေဆိုလည်း ပမာဏများလာပေမယ့် ဝယ်နိုင်စွမ်းပြန်နိမ့်သွားတယ်။ ငွေတန်ဖိုးကျတယ်လို့ အကြမ်းဖျင်းပြောလို့ရမလားမသိဘူး။ အဲဒီအကြောင်းတွေလည်း ပြောဖြစ်တယ်။

သစ်ရွက်တွေကြွေဖို့နေရာရှိနေတာကောင်းတယ်။ သတိထားကြည့်ရင် စိတ်ဟာ သစ်ရွက်ခြောက်တွေကြွေနေတဲ့ မြင်ကွင်းမျိုးကို ခံစားနားလည်နိုင်တယ်။ လေတိုက်လို့ သစ်ရွက်ခြောက်လေးတွေ လွင့်သွားတာမှာလည်း အလှတစ်မျိုးရှိတယ်။ ဒါတွေ အိမ်ထဲမှာနေရင် မခံစားမိဘူး။ ခံစားချက် ထုံပေပေဖြစ်သွားတယ်။ အသက်မဝင်တော့ဘူး။ စိတ်ဟာ ကျဉ်းမြောင်းသွားတယ်။ အဲဒါဟာ မသိမသာလေးပေမယ့် အင်မတန်ကြီးကျယ်နေတဲ့ ပြဿနာ။ လမ်းသွားရင်း ကလေးလေး စကူတာလေး သူ့ဟာသူ စီးပြီး သူ့အဖေနောက်ကလိုက်နေတာလည်း အနုပညာဆန်တယ်။ သူ့စကူတာတောင် သူဒီအတိုင်း မမနိုင်သေးဘူး။ ကောင်းကောင်းစီးတတ်နေပြီ။ လမ်းကူးရင်လည်း သတိထားပြီးကူးတတ်တယ်။ နှစ်နှစ်လောက်ပဲရှိဦးမယ်ထင်တယ်။ သူ့အသိဉာဏ်လေးနဲ့သူ လုပ်တတ်ကိုင်တတ်နေပြီ။ ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ဟာလည်း သိပ်လှတဲ့ အနုပညာတရားတစ်ခုပဲ။ သူတို့နေထိုင်ဖို့ လောကကြီး နည်းနည်းခက်ခဲနေတာကို အားနာမိတယ်။ ကျနော်တို့ ခေတ်မှာ ခက်ခဲမှုတွေ နည်းနည်းလောက် လျှော့ချနိုင်ဖို့ကြိုးစားချင်တယ်။

လောကကြီး ခက်ခဲနေတာကို ဘယ်သူက အဆင်ပြေအောင်လုပ်ပေးမလဲ။ အားလုံးက ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆရင် ဒီပြဿနာကြီး အေးသွားမှာမဟုတ်ဘူး။ လူတစ်ယောက်ဟာ ပိုက်ဆံမရှိရင် တစ်သက်လုံး ပူပူပန်ပန်ကြီး နေသွားရတာ လူ့ဘုံဟာ ငရဲဘုံဆန်လာတာပဲ။ မြင့်မြတ်တဲ့ ဘုံဘဝဆိုတာ ပူလောင်မှုမကင်းသေးရင်တောင် ပူလောင်မှုနည်းရမယ်။ နာရေးကူညီမှုအသင်းကိုကြည့်။ အဲဒီတစ်ဖွဲ့လေးရှိရုံနဲ့ မြို့လေးတစ်မြို့မှာ သေတဲ့ဒုက္ခ အတော်လေးအေးသွားတယ်။ သေခါနီးလူတွေက မတွေးဘူးမထင်နဲ့။ တွေးတာပဲ။ ကျန်နေတဲ့သူတွေ အသုဘစရိတ်မတတ်နိုင်ဘူးဆိုရင် အသေတောင်ဖြောင့်မှာမဟုတ်ဘူးထင်တယ်။ ဒီလိုအဖွဲ့အစည်းလေးရှိလာတော့ အသေဖြောင့်တာပေါ့။ အသေဖြောင့်ရင် ကောင်းတဲ့တရား နှလုံးသွင်းမိဖို့ နည်းနည်းလွယ်တာပေါ့။ လူကောင်းတွေ ကောင်းတာလေးတွေ လုပ်ခွင့်ရှိရမယ်။ အဲဒါလေးတွေက အခြေခံပေမယ့် သိပ်အရေးကြီးတယ်။ အာဏာရှင်ခေတ်မှာ ဘုန်းကြီးကို ဆွမ်းကပ်လို့ ထောင်ချခံရတာလည်းရှိတယ်။ ခေါင်းကွဲနေတဲ့ဘုန်းကြီးကို ချုပ်ပေးလို့ နားရင်းအုပ်ခံရတဲ့ ဆရာဝန်လည်းရှိခဲ့တာပဲ။ လူကောင်းတွေ ကောင်းတာ လုပ်ခွင့်မရတဲ့နိုင်ငံဟာ အင်မတန် နိမ့်ကျသွားတာပဲ။ အခြေခံတရားကို မလိုက်နာရင် နိုင်ငံပျက်စီးတာပဲ။ ပျက်စီးတဲ့စိတ်ဓာတ်နဲ့နိုင်ငံတွေများလာရင် ကမ္ဘာကြီးပျက်စီးတာပဲ။ လမ်းလျှောက်ရင်း ခဏလေးတွေးလိုက်ရင် လောကကြီးမှာ ကိုယ်လုပ်နိုင်တဲ့ အခန်းကဏ္ဍကို ဆင်ခြင်နိုင်တာပဲ။

မြန်မာပြည်မှာ အခုရောဂါတွေ သိပ်များတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေတာ သိပ်များတယ်။ အခမဲ့ဆေးခန်းတွေ ရှိရင်တောင် အလကားနေရင်း ရောဂါမရအောင် အစားအသောက်တွေ စီစစ်တဲ့အဖွဲ့တွေ အများကြီးလိုသေးတယ်။ ကိုယ့်နိုင်ငံထဲ ဝင်ချင်သလိုဝင်နေတဲ့ အဆိပ်အတောက်တွေကို တားမြစ်ဖို့လိုတယ်။ အဲဒါတွေကို သေသေချာချာမလုပ်ရင် တစ်နိုင်ငံလုံးကို အန္တရာယ်ဖြစ်အောင်လုပ်နေတာနဲ့အတူတူပဲ။ ခင်ဗျားသိပ်ချမ်းသာနေရင်တောင် အဲဒီမှာဝယ်လို့ရတဲ့ပစ္စည်းတွေထဲမှာ ကင်ဆာဖြစ်စေနိုင်တာတွေ သိပ်များနေရင် ကျန်းမာရေးအန္တရာယ်ရှိနေဦးမယ်။ တစ်နိုင်ငံလုံးစားနေတဲ့ အခြေခံစားသောက်ကုန်တွေက ဆိုးဆေးတွေကအစ၊ ကွာလတီကွန်ထရိုးမရှိတဲ့ ပစ္စည်းတွေရဲ့ ပြဿနာဟာ တော်တော်လေး ကြောက်စရာကောင်းတယ်။ ဈေးပေါပေါနဲ့ရောင်းတာတွေမှာ မသုံးသင့်တဲ့ပစ္စည်းတွေ အများကြီးပါတယ်။ ကောင်းကောင်းမွန်မွန် ထုတ်လုပ်ရင် တန်ရာတန်ကြေးမြင့်သွားတာပဲ။ အဲဒီဈေးကို ပေးမဝယ်နိုင်သေးဘူးဆိုရင်လည်း အရည်အသွေးမီ ပစ္စည်းသုံးရဖို့မလွယ်ဘူး။ အရည်အသွေးကောင်းပြီး၊ အန္တရာယ်ကင်းတာကို ခြိုးခြံသုံးလိုက်တာဟာ အန္တရာယ်ရှိတဲ့ ဈေးပေါပေါပစ္စည်းကို ဖောဖောသီသီသုံးတာထက် ပိုမကောင်းဘူးလား။ နိုင်ငံနဲ့ချီဖြစ်နေတဲ့ အခြေခံပြဿနာလေးတွေကို ပထမအဆင့် identify လုပ်ရမယ်။ ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်။ ဒီနှစ်ခုမှာ identify လုပ်ဖို့ကို ပျက်ကွက်နေရင် ဒုတိယအဆင့်ရောက်မလာတော့ဘူး။ ဆိုးဆေးလေးကြောင့်၊ ပိုးသတ်ဆေးလေးကြောင့် ဒီလောက်ဖြစ်မှာမဟုတ်ဘူး။ ဆီအုန်းလေးအိတ်စ်ပို့ထ်လုပ်လိုက်ရုံနဲ့ ဘာမှမဖြစ်လောက်ဘူး။ အဲဒီလိုအတွေးအခေါ်ဟာ နှစ် နှစ်ဆယ်လောက်မှာ ကြောက်စရာ ပြဿနာတွေ ဖြစ်သွားစေတာပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က အမှားကို အခုတစ်တိုင်းပြည်လုံး ခံစားရတယ်။ အခုအချိန်မှာ ဒါတွေကို ကောင်းကောင်းသဘောပေါက်ဖို့လိုနေပြီ။ လမ်းလျှောက်ရင်းနဲ့ တိုင်းပြည်ရဲ့ ပြဿနာလည်း ပြောဖြစ်သွားတယ်။

တိုင်းပြည်ရဲ့ ပြဿနာကို များများပြောဖို့လိုတယ်။ နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး လို့ပြောကြတယ်။ အမှန်တော့  နှမ်းတစ်စေ့ကဖြစ်တဲ့ဆီက နည်းလွန်းလို့ မမြင်ရတာပါ။ မိုက်ခရိုစကုပ်နဲ့ကြည့်ရင် နှမ်းတစ်စေ့က ဖြစ်တဲ့ဆီကို မြင်ရတယ်။ နှမ်းတစ်စေ့ စားကြည့်လိုက်ရင်လည်း စိမ့်တာလေးတော့ ရှိတာပဲ။ တစ်ယောက်စီ တတ်နိုင်တဲ့ဘက်က ပြောရမယ်။ စာရေးတဲ့သူက စာရေးပြီးပြောမယ်။ ဟောပြောတဲ့သူက ဟောပြောရင်းပြောမယ်။ လူအများဟာ ယုံကြည်မှုတစ်ခုကို စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ယုံကြည်လာရင် အဲဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ကြိုးစားနိုင်တဲ့ အဆင့်ကို ရောက်လာမယ်။ ညီညွတ်မှုရဲ့ စွမ်းအားဟာ အဲဒီလို အရေးကြီးတယ်။ တစ်နိုင်ငံလုံးဟာ အရေးအကြီးဆုံး ကိစ္စတွေကို ဖြေရှင်းဖို့ညီညွတ်ရင် ပြဿနာအားလုံး တစ်ခုချင်းပြေလည်သွားမယ်။ အသေးအဖွဲကိစ္စကို အရင်ဆုံးဖြေရှင်းခိုင်းနေရင် အရေးကြီးပြဿနာဘက်မှာ အားနည်းသွားတယ်။ ရည်မှန်းချက် ဝေဝါးတဲ့ အစိုးရဟာ ဘာမှ မယ်မယ်ရရမလုပ်သွားနိုင်ဘူး။ ဟန်ဆောင်ပန်ဆောင်လောက်ပဲ ဟိုလိုလို ဒီလိုလိုလုပ်သွားကြတယ်။ အရေးကြီးတဲ့နေရာမှာ နေရာယူပြီး ဟန်ဆောင်ပန်ဆောင်လောက်ပဲ အလုပ်လုပ်ရင် တိုင်းပြည်မှာ ပြဿနာရှိတယ်။ နောက်ထပ်ပိုဆိုးတာက ကြိုးစားပြီးတော့လုပ်တယ်။ ဒါပေမယ့် အရည်အချင်းမရှိဘူး။ ငါးနှစ်အရွယ်ကလေးလေးကို ရှိတ်စပီးယားလိုဖြစ်အောင် ရေးကွာဆိုပြီး စာအုပ်အကန့်အသတ်မရှိပေးရင်လည်း မဖြစ်နိုင်ဘူး။ ပညာကောင်းကောင်းမတတ်တဲ့သူကို ဝန်ကြီးခန့်ပြီး ဉာဏ်စွမ်းရှိသလောက်လုပ်ကွာ ဆိုရင် ဖေ့စ်ဘွတ်ခ်တက်ပြီး ပေါက်ကရပြောတာလောက်ပဲဖြစ်တာပဲ။ အဲဒီတော့ပြဿနာက နှစ်ခုဖြစ်လာတယ်။ ရိုးသားပြီး မုန့်ဟင်းခါးရောင်းစားချင်တဲ့သူကို မုန့်ဟင်းခါးဆိုင်ဖွင့်ခွင့်ပေးနိုင်ပေမယ့်၊ သမ္မတတော့ ပေးမလုပ်သင့်ဘူး။ လူတကာပါးရိုက်ရဲတဲ့သူကို လွတ်လပ်စွာ အရက်သောက်ခွင့်ပေးနိုင်ပေမယ့် ဝန်ကြီးရာထူးမပေးသင့်ဘူး။ လူမှန်နေရာမှန်မဟုတ်ရင် ကြိုက်သလောက်ကြိုးစားပါ။ ဟာသထဲက အရက်မူးပြီး ဓာတ်တိုင်ကို ကိုင်ပြီးပတ်နေတဲ့ အရက်သမားတစ်ယောက် သူ့ဟာသူ အုတ်တံတိုင်းတွေနဲ့ပိတ်မိပြီး ထွက်ပေါက်ပျောက်နေပါပြီ အော်နေရသလိုပဲဖြစ်မယ်။ ဒီလောက်ကြိုးစားပြီးရှာနေရက်နဲ့ ထွက်ပေါက်မတွေ့ဘူးဖြစ်နေတာ အမူးမပြေသေးလို့ပါ။ အာဏာအမူးမပြေသေးရင် လူလူချင်း တန်ဖိုးထားတတ်မှာမဟုတ်ဘူး။ အရင်အစိုးရခေတ်ကထက် တံတားအစင်း ဘယ်လောက် ပိုလာတယ်ဆိုတာလောက်ကို အဟုတ်မှတ်ကုန်တော့မှာ။ ကင်မ်ဂျုံအီတို့ဆီမှာ ပီစီကို မီးမဖွင့်ဘဲ ကလေးတွေကို ပေးသုံးထားတာမျိုးကို မြန်မာပြည်မှာလည်း လုပ်ဖူးတာပဲ။ အညာခံချင်တဲ့စိတ်ရှိမှ အညာခံရတာပဲ။ တိုင်းပြည်ကြီးတိုးတက်နေပါတယ်ဆိုတာကို တကယ်ယုံထားလိုက်ပြီး၊ အဲဒီယုံကြည်မှုအမှားကို သက်သေပြဖို့ တပည့်မွေးလိုက်လို့ နိုင်ငံနဲ့ချီ မွဲပြာသွားတာ။ မဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးလို့ပြောတဲ့သူကို ဝန်ကြီးနေရာကဖြုတ်ခဲ့ကြတာတွေ ဘယ်သူမှမမေ့ကြသေးဘူး။ ဆရာပီ (အော်ပီကျယ်)တောင် ကာတွန်းတစ်ကွက်ဆွဲတယ်။ နွားကို ပုလင်းထဲထည့်ခိုင်းတာ တစ်ယောက်က မရဘူးပြောတယ်။ တစ်ယောက်က ကြိုးစားထည့်တယ်ဆိုပြီး နွားကို နပမ်းဖက်လုံးပြီး ထည့်တော့ထည့်လိုက်တယ် ပုလင်းကွဲသွားပါတယ်ဆိုတယ်။ အဲဒီလို ပုလင်းကွဲဝန်ကြီးတွေ အခုလည်းရှိသေးတယ်။ ဇနီးသည်ကတော့ ဒါတွေ သိပ်မရေးစေချင်ဘူး။ မိတ်ဆွေတွေရှိတော့ အားနာစရာကောင်းတယ်လို့ပြောတယ်။ နည်းပညာတက္ကသိုလ်မှာတော့ ပုလင်းကွဲတွေရဲ့တပည့်တွေ ဟိုတလောကပြန်တော့ ဌာနမှုးတွေဖြစ်နေတယ်။ phD ချင်းအတူတူ ပုလင်းကွဲဘက်ကနေလာရင် နယ်မှာဆို ပါမောက္ခဖြစ်ပြီ။ သာမန်လူတွေလို ကျောင်းတက်လာတဲ့သူတွေကတော့ လက်ထောက် ကထိကကနေ မတက်ဘူး။ ဘာလို့လည်းဆိုတော့ ပုလင်းကွဲမွေးထုတ်လိုက်တဲ့ စံပြအင်ဂျင်နီယာဆိုတာတွေက စာသာကောင်းကောင်းမတတ်ပေမယ့်၊ ကျောင်းတက်တဲ့ ငါးနှစ်ကို လုပ်သက်ထဲထည့်ပေါင်းပေးတယ်။ ကြံကြံဖန်ဖန်တွေလုပ်ထားတာ။ အဲဒီပုလင်းကွဲ အခုပြုတ်သွားပြီ။ သူ့ရဲ့ ပုလင်းကွဲပေါက်စလေးတွေကို ရာထူးပြန်မချသေးဘူး။ အဲဒီပြဿနာမျိုးကို ပြန်သုံးသပ်တဲ့ အဖွဲ့လိုတယ်။ မဟုတ်ရင် တကယ့်လူတွေ နေရာမရနိုင်တော့ဘူး။ ဒါက ဌာနတိုင်းမှာဖြစ်နေတာ။ အမှားလုပ်တဲ့သူမရှိတော့ရင်တောင် သူလုပ်လိုက်တဲ့ အမှားက ဆက်လက်ရှင်သန်နေတယ်။ ကိုယ်တိုင်က မေးမယ့်မေးခွန်းလောက်သာ ကျက်ပြီးဖြေခဲ့ဖူးတဲ့သူတွေက ဘယ်လိုတွေများ ပညာရေးကို မြှင့်တင်မလဲဆိုတာ ကျနော် တော်တော်လေးစဉ်းစားမိတယ်။ အမှားလုပ်တဲ့သူကို ပြင်ဖို့လွယ်တယ်။ သူလုပ်လိုက်တဲ့ အမှားကို လိုက်ပြင်ဖို့တော့ သတ္တိအများကြီးရှိမှဖြစ်မယ်။ နိုင်ငံ့အတွက် အလုပ်လုပ်တဲ့သူတွေမှာ အဲဒီလို အများအကျိုးအတွက်ကို ရဲရဲရင့်ရင့် လုပ်တတ်တဲ့ စိတ်ဓာတ်လိုတယ်။ ပျော့တိပျော့ညံ့နဲ့ နိုင်ငံခေါင်းဆောင်လုပ်လို့မရဘူး။ အမှားကိုမပြင်ဘဲ အပေါ်ယံလေး လုပ်နေရုံနဲ့တော့ မပျောက်နိုင်ဘူး။ အိုရှိုစာအုပ်မှာပါတဲ့ဟာသလိုပေါ့။ ဆင်းရဲသားက ဆေးခန်းလာပြတဲ့။ အဆုတ်ကင်ဆာဖြစ်နေတယ်တဲ့။ အဲဒီတော့ ကုရင်ဘယ်လောက်ကုန်မလဲ ဆရာဝန်က တွက်ပြတယ်။ ဒေါ်လာသိန်းနဲ့ချီကုန်မယ်တဲ့။ အဲဒီတော့ ဆင်းရဲသားက မကုနိုင်ဘူးဗျာလို့ပြောတယ်။ အဲဒီတော့ဆရာဝန်က ကျနော့်ကို တစ်ဆယ်ပဲပေး။ ခင်ဗျားရဲ့ ဓာတ်မှန်ကိုပဲ ပြင်လိုက်ကြတာပေါ့လို့ပြောတယ်။ ကင်ဆာဖြစ်တယ်ဆိုတာ ဓာတ်မှန်ကပြနေတာကို ပြင်လိုက်ရုံနဲ့တော့ ကင်ဆာမပျောက်နိုင်ဘူးပေါ့။ အစဉ်အဆက်မှားလာတာတွေကို ဟိုလူ့ဖြုတ်၊ဒီလူ့ဖြုတ်လုပ်လိုက်ရုံနဲ့ ဘယ်ပြင်နိုင်မှာလဲ။ မြန်မာပြည်မှာတော့ ဓာတ်မှန်ရလဒ်ကိုပြင်ဖို့တောင် ကော်မတီဖွဲ့ရသေးတယ်။ ပိုက်ဆံကုန်လိုက်တာဗျာ။

လမ်းလျှောက်တာ တော်တော်တွက်ချေကိုက်တယ်။ စကားပြောရင်း မေ့နေတာလေးတွေ ပြန်သတိရလာတယ်။ နိုင်ငံမှာ ဒီမိုကရေစီ လမ်းစဉ်ကိုလျှောက်ပြီလို့ပြောတယ်။ မကြာဘူးတစ်မျိုးပြီးတစ်မျိုးဖြစ်တယ်။ အဓိကရုဏ်းတွေဖြစ်တယ်။ မထင်လောက်တဲ့နေရာမှာ မထင်လောက်တဲ့ အဖြစ်အပျက်တွေဖြစ်တယ်။ အဲဒီအဖျက်စွမ်းအားစုဟာ ဒီမိုကရေစီလမ်းစဉ်ဖြစ်သွားမှာကြောက်နေသေးတယ်လို့မြင်လာတယ်။ ၂၀၁၄-၁၅ အတွက် စစ်စရိတ် ဒေါ်လာ23 ဘီလျံတောင်းတယ်ပြောတယ်။ အဲဒီပမာဏဟာ ဟိုပုလင်းကွဲပြောတဲ့ တစ်နေ့နှစ်ထောင်နှုန်းနဲ့ကျွေးရင် မြန်မာပြည်သား သုံးဆယ့်တစ်သန်းကို တစ်နှစ်အလကားကျွေးထားလို့ရတယ်ဗျ။ စက်မှုဝန်ကြီးတွေကလည်း အစိုးရစရိတ်နဲ့ ဖရီးကစ်လုပ်တာတောင်မှ တစ်နှစ်တစ်နှစ် အရှုံးပေါ်တယ်ပြောတယ်။ ကျနော်တို့တွေ အမြဲအံ့သြလေးစားရတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မြန်မာ့ဆက်သွယ်ရေးတောင်မှ ရှုံးသေးတယ်တဲ့ခင်ဗျာ့။ လူလိမ် သူခိုးနဲ့ ကြမ်းပိုးတွေကို မပေးသင့်တဲ့နေရာပေးတော့ ရှုံးတာပေါ့။ လိပ်ကို ခုန်ခိုင်းသလိုဖြစ်နေတာပေါ့။ လိပ်ကတော့ တစ်လက်မလောက်ခုန်ဖို့တောင် မဖြစ်နိုင်ဘူုး။ အခက်အခဲတွေ အများကြီးရှိတယ်ပြောမှာပေါ့။ သူမှ မခုန်တက်ဘဲ။ အဲဒီတော့ လိပ်မှာ အမှားမရှိဘူး။ လိပ်ကို ခုန်ရမယ့်နေရာမှာ ရာထူးသွားပေးတဲ့သူမှာသာ ပြဿနာရှိတယ်။ ကမ္ဘာမှာ အဆင့်အမြင့်ဆုံး တက္ကသိုလ်က မြန်မာပြည်က စစ်တက္ကသိုလ်ပဲ။ အဲဒီမှာ တက်လိုက်ရင် ဘာမဆိုတတ်သွားတာ။ အဲဒီယုံကြည်ချက်မျိုးနဲ့ကြိုးစားသွားရင် မြောက်ကိုးရီးယားလောက်ဖြစ်သွားနိုင်တယ်။ လူလူသူသူနိုင်ငံတော့ မဖြစ်နိုင်ဘူး။ ရွှေဘီပိုးနဲ့ ရွှေမိုးကျညွှန်ကြားရေးမှုးတွေ အကုန်ဖြုတ်ပြီးရင်တောင် မြန်မာပြည်ရဲ့ အစိုးရဝန်ထမ်းလောကကို ပြန်တည့်မတ်ဖို့ အချိန်အများကြီးလိုဦးမယ်။ ဒီကြမ်းပိုးတွေနဲ့ ပညာတတ်အလုပ်တွေနဲ့မဆီလျော်ပါဘူး။ တိုင်းပြည်ကာကွယ်ချင်လို့ စစ်ထဲဝင်ရင်ကောင်းတယ်။ စစ်တပ်ဟာ နိုင်ငံတိုင်းမှာလိုလိုရှိတယ်။ ကာကွယ်ရေးအတွက် လိုလို့ ထွင်ထားတာ။ အဲဒါကို ငြင်းလို့မရဘူး။ ဒါပေမယ့် အုပ်ချုပ်ရေးက သက်သက်ပဲ။ တော်တဲ့သူတွေက အုပ်ချုပ်ရေးဘက်ကို မလာတော့ဘူး။ အဲဒီဘက်မှာ ကြမ်းပိုးများနေတယ်။ ကိုယ့်ထမင်းကိုယ်ရှာစားပြီး အေးအေးဆေးဆေးနေတော့မယ်။ ကြမ်းပိုးတွေနဲ့တော့ အတူညီလာခံမတက်ချင်ဘူးဆိုတဲ့ လူကောင်းသူကောင်းတွေများလာတယ်။ အဲဒါလည်းမကောင်းဘူး။ လူငယ်တွေ နိုင်ငံရေးမှာ ပါဝင်မှုနည်းလေလေ၊ ပညာတတ်တွေ ပါဝင်မှုနည်းလေလေ၊ နိုင်ငံရဲ့ အနာဂတ်ဟာ သွက်ချာပါဒလိုက်လေလေပဲ။ စေတနာချည်းလှိမ့်ကောင်းနေလို့မဖြစ်ဘူး။ ပညာလည်းတတ်ရမယ်။ သဒ္ဓါနဲ့ပညာလိုပေါ့။ တစ်ခုတည်းကောင်းနေလို့မဖြစ်ဘူး။ သဒ္ဓါလိုရင် ပညာနဲ့ဖြည့်ရတယ်။ ပညာလိုရင်သဒ္ဓါနဲ့ဖြည့်ရတယ်။ သီလနဲ့ပညာလည်း အဲဒီလိုပဲ။ အကျင့်ကောင်းနေရုံနဲ့တော့ လူကြီးလူကောင်းတော့ဖြစ်မယ်။ ပညာရှိမဖြစ်နိုင်သေးဘူး။ အကြံဉာဏ်တောင်းလို့မဖြစ်သေးဘူး။ နှစ်ခုလုံးပြည့်စုံမှဖြစ်မယ်။ အတိုက်အခံတွေကိုလည်း အမတ်နေရာလောက်ပေးလို့မဖြစ်ဘူး။ လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ ဝန်ကြီးနေရာတွေလည်းပေးရဦးမယ်။ လျှပ်စစ်မီးပိုတာတို့၊တစ်နပ်လျှော့စားတို့၊ ပါးရိုက်တတ်တယ်တို့၊နှစ်ထောင်နဲ့လောက်တယ်တို့တောင် ဝန်ကြီးလုပ်လို့ရသေးရင် မြန်မာပြည်ရဲ့လက်ရှိဝန်ကြီးနေရာဆိုတာ မူလတန်းအောင်ရင် လူတိုင်းဝင်လုပ်လို့ရတဲ့အလုပ်ပဲမဟုတ်လား။ နေရာအများစုမှာ အရည်းအချင်းမမီသူတွေများလွန်းတာဟာ အဓိကပြဿနာမဟုတ်ဘူးလားဗျာ။

လမ်းလျှောက်ရင်းတွေးမိ ပြောမိတာတွေပါဗျာ။ တောင်စဉ်ရေမရကိစ္စတွေ။ ကိုယ်တိုင်ကတော့ ကောင်းတာလုပ်နေတဲ့၊ လူတွေ အခက်အခဲဖြေလျှော့ပေးတဲ့သူတွေကို ကူတယ်။ ကိုယ်လုပ်နိုင်တာလေးတွေကူတယ်။ ကိုယ်လုပ်နိုင်တဲ့ဘက်ကိုလုပ်တယ်။ အာဏာမရှိဘူး။ ကိုယ့်ဟာကိုယ်ရှာထားတဲ့ ပိုက်ဆံနည်းနည်းလောက်ကို သင့်တဲ့နေရာတွေမှာ နည်းနည်းစီလိုက်ခွဲလှူတယ်။ နေရတဲ့အခက်အခဲ၊ရှာရတဲ့အခက်အခဲတွေကို ကျနော်စာနာတယ်။ စာနာတယ်ဆိုတာ ခပ်ပေါ့ပေါ့လေး ပြောလိုက်တာမဟုတ်ဘူး။ သောကကို မြင်လို့ စာနာမိတာမျိုး။ ပိုက်ဆံမတတ်နိုင်တဲ့ မိဘတွေရဲ့ သား၊သမီးအတွက် အပူတွေလည်းမြင်ရတယ်။ အဲဒါကိုစာနာတယ်။ ဆေးမကုနိုင်တဲ့ မိသားစုတွေရဲ့ အပူကိုစာနာတယ်။ စောင့်ရှောက်မယ့်သူမရှိလို့ ဘိုးဘွားရိပ်သာရောက်နေတဲ့ အဘိုးအဘွားတွေကိုလည်း စာနာတယ်။ ကိုယ်လှူနိုင်တာ တစ်ရက်စာ ကြက်သားထမင်းလောက်ပဲ ဖြစ်ရင်ဖြစ်မယ်ဗျာ။ ဒါပေမယ့် ကျနော်စာနာတယ်ဆိုတာ သူတို့သိတယ်။ အဲဒါအရေးကြီးတယ်။ လူ့လောကမှာ လူတိုင်းက ကိုယ့်ကို စာနာနိုင်တဲ့သူတစ်ယောက်လောက် အနည်းဆုံးရှိရင် စိတ်အင်မတန်အားရှိတယ်။ ဆင်းရဲတဲ့ကလေးတွေကို လှူရင် သူတို့ကို ချစ်လို့ ခင်လို့လှူတာဆိုတာလေးကို သိအောင်ပြောခဲ့သင့်တယ်။ လောကမှာ အဲဒီစိတ်ထားလေး အင်မတန်အရေးကြီးတယ်။ စေတနာ့ဝန်ထမ်းလုပ်နေတဲ့သူတွေ တွေ့ရင်လည်း နည်းနည်းပါးပါး ချီးကျူးပေးကြပါ။ သူတို့မလုပ်ရင် အဲဒီနေရာတွေမှာ ပိုက်ဆံအများကြီးပေးပြီး လူရှာရမှာ။ သူတို့အလုပ်ဟာ အင်မတန် တန်ဖိုးရှိတယ်ဆိုတာလေး ပြောရတာ အပမ်းမကြီးဘူး။ စာနာစိတ်လေးနဲ့ နည်းနည်းပြောလိုက်။ သူလည်းပျော်သွားတာပေါ့။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်က စာနာမှ အခက်အခဲကြုံရတဲ့သူလည်း စိတ်အားရှိမယ်။ ရှေ့မှာတော့ နိုင်ငံနဲ့ချီ လွဲနေတာတွေပြောပြီးပြီ။ အဲဒီအလွဲတွေကို ပြင်ဖို့ကျွန်တော်တို့ လတ်တလောမတတ်နိုင်သေးဘူး။ လတ်တလောလုပ်နိုင်တာက charity ကိစ္စတွေမှာ စည်းစနစ်တကျလှူဖို့ပဲ။ စည်းစနစ်တကျလို့ပြောတာက ကိုယ်လှူတာကို သူတို့ဘယ်လို စီမံသလဲဆိုတာကို မေးရတယ်။ ဖြေတဲ့နေရာမှာ ဝိုးတိုးဝါးတားဆို နောက်တစ်ခါမလှူတော့ဘူး။ ဘာအလုပ်ပဲလုပ်လုပ် စီမံကိန်းရှိရှိနဲ့လုပ်တတ်မှ ရေရှည်အောင်မြင်တယ်။ မြန်မာပြည်မှာနှင်းဆီကုန်း ဘိုးဘွားရိပ်သာဆိုတာရှိတယ်။ အဲဒီမှာ တရားနာ၊တရားထိုင်တာတွေလုပ်ရတယ်။ ကျနော့်သဘောအရတော့ ဒီဘာသာရေးကိစ္စတွေက optional ဖြစ်သင့်တယ်။ ကချင်တဲ့သူ ကနေပါစေ။ သီချင်းဆိုချင်တဲ့ အဘိုးအဘွားတွေ သီဆိုနေပါစေ။ ရိပ်သာဝင်နေသလိုနေရတာ လူတိုင်းအတွက် မသင့်လျော်ဘူး။ ဘဝရဲ့ နေဝင်ချိန်မှာ ကောင်းတာတွေလုပ်နိုင်သလောက်လုပ်သွားတာကောင်းတယ်။ ဒါပေမယ့် ကောင်းတာကိုတောင် မလုပ်မနေရမို့လို့ လုပ်တာမကောင်းလှဘူး။ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့်နဲ့ စည်းကမ်းကို အဆင်ပြေပြေလုပ်ဖို့ ခက်ပုံရတယ်။ စီမံခန့်ခွဲမှုနဲ့ပတ်သက်ရင်တော့ နှင်းဆီကုန်းဘိုးဘွားရိပ်သာနဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံက အမြော်အမြင်ရှိတယ်။ သူတို့မှာ ငွေပင်ငွေရင်းရှိတယ်။ ဘဏ်တိုးနဲ့လည်းရတယ်ထင်တယ်။ တစ်ချို့သိပ်ဆင်းရဲတဲ့ charity တွေလည်းရှိတယ်။ အင်မတန်ချို့ချို့တဲ့တဲ့ရပ်တည်နေတာတွေ။ အဲဒါတွေတွေ့တော့ လူတွေရဲ့ ချစ်စရာကောင်းတဲ့ စာနာစိတ်ကို တွေ့ရတယ်။ လူတွေကို ကူညီချင်စိတ်ဟာ အင်မတန်လှတဲ့တရားပဲ။ ကရုဏာနဲ့မေတ္တာမရှိရင် ဒါမျိုး charity လုပ်ငန်းတစ်ခုခု ထူထောင်ဖို့မလွယ်ဘူး။ အလှူရတာ၊မရတာကိုမကြည့်ဘဲလုပ်နေကြတာ။ အဲဒါမျိုးကိုလေးစားတယ်။

နောက်ထပ်ပြဿနာလေးတွေလည်းတွေ့ခဲ့တယ်။ ခွေးတွေကိုစောင့်ရှောက်ထားတဲ့အဖွဲ့အစည်းတွေ တစ်လကို သိန်းသုံးဆယ်လောက်ကုန်တယ်ပြောတယ်။ လမ်းဘေးခွေးပြဿနာကမသေးဘူး။ အဲဒီခွေးတွေ မပွားအောင် ဆေးထိုးပေးရမယ်ထင်တယ်။ လျှောက်သတ်နေတာတော့ မလုပ်အပ်ဘူး။ ဒီအတိုင်းပွားချင်သလောက်ပွားဆိုပြီးထားလို့လည်းမဖြစ်ဘူး။ အဘက်ဘက်မှာ အခက်အခဲဖြစ်စေတယ်။ ခွေးရူးရောဂါဖြစ်နိုင်တယ်။ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေ အကိုက်ခံရတာတွေဖြစ်တယ်။ လမ်းဘေး ခွေးတွေကို တားဆေးထိုးတာ၊တိုက်တာတွေကို မြို့နယ်အလိုက်လုပ်ရမယ်ထင်တယ်။ လမ်းဘေးခွေးမရှိအောင် တဖြည်းဖြည်းလုပ်သွားရမယ်။ ဒါလေးတွေ အရေးကြီးတယ်။ လမ်းထဲကခွေးတွေကအစ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရမယ်။ ကြောင်ကလေးတွေလည်း ဆေးထိုးထားရမယ်။ ခွေရူးရောဂါက ခွေးကနေပဲဖြစ်တယ် ထင်နေကြသေးတာလည်း တွေ့ခဲ့သေးတယ်။

ရပ်ကွက်တိုင်းမှာ အမှိုက်ပုံးကြီးကြီးတွေ နေရာများများမှာ ထားပြီး အမှိုက်စနစ်တကျပစ်ဖို့လည်းလိုတယ်။ အခုတစ်ခေါက်ပြန်တော့ အမှိုက်နည်းနည်းလေးပိုနည်းသွားတာ ဝမ်းသာစရာကောင်းတယ်။ ဒါတွေက လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်လို့ရတာတွေ။ အမှိုက်တွေ စနစ်တကျစွန့်ပစ်ပြီးရင် ရောဂါတစ်ဝက်လောက် ကင်းသွားမယ်။ ရေစီးရေလာမကောင်းတဲ့မြောင်းတွေဖော်ရမယ်။ ရေမဝပ်အောင်လုပ်ရမယ်။ မိုးတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်တာ ကြောက်စရာကောင်းနေတုန်းပဲ။ အဲဒါကို ကြောက်စရာလို့မထင်သေးတဲ့သူတွေ ကလေးဆေးရုံတွေကို တစ်ရက်လောက်သွားကြည့်စေချင်တယ်။ ခြင်အကိုက်မခံရအောင် ခြင်ဆေးလေးထွန်းနေရုံနဲ့မပြီးဘူး။ ရေမဝပ်အောင်လည်းလုပ်ရဦးမယ်။ စည်ပင်ကအလုပ်တွေ စည်ပင်မလုပ်ရင် စည်ပင်ခွန်မဆောင်သင့်တော့ဘူး။ ရေမစီးတဲ့မြောင်းက ခြင်တွေကြောင့် တစ်နှစ်တစ်နှစ် ကလေး ဘယ်နှစ်ယောက်သေနေသလဲ စာရင်းကောက်ကြည့်ဖို့ကောင်းတယ်။ သန့်နေရင် ခြင်မရှိဘူး။ ရေစီးရေလာကောင်းနေရင် ခြင်မပေါက်ဘူး။ ရေသေမှာပဲပေါက်တယ်။ အဲဒါတွေ ပြုပြင်ဖို့ ပိုက်ဆံတွေ အများကြီးမလိုပါဘူး။ အားလုံး ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းရေးလုပ်၊ မြောင်းဖော်၊ ရေကန်တွေ အဖုံးအုပ်။ အဖုံးမအုပ်ထားနိုင်ရင် ငါးမွေးထားလိုက်ရုံပဲ။ သိပ်ခက်တာတွေမဟုတ်ဘူး။ အများစု သတိထားအောင်လုပ်နိုင်ရင်ရပြီ။ ခက်နေတာက အရေးကြီးတာတွေကို အရေးမကြီးသလိုမလုပ်လို့ပဲ။ ကိုကျော်သူတို့ ဒဂုံမှာ အမှိုက်ကောက်တော့ ရပ်ကွက်ကလူတွေက ဒီအတိုင်းရပ်ကြည့်နေသတဲ့။ တော်တော်ကောင်းတယ်။ ကိုယ့်အမှိုက်လာကောက်ပေးတာတောင် ကူမကောက်တတ်သေးဘူး။ အဲဒီလို စိတ်ဓာတ်နဲ့တော့ မရဘူး။ တာဝန်သိစိတ်လေး နည်းနည်းပိုမွေးကြပါ။ လူကောင်းသူကောင်းတွေက ခင်ဗျားတို့အတွက် လုပ်နေကြတာဆိုတာကို နားလည်ရင် နည်းနည်းပါးပါး ဝိုင်းကူလိုက်ကြပါ။

လူတိုင်းဟာ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်နားလည်ပြီး နည်းနည်းလေး စာနာစိတ်ထားလိုက်ရုံနဲ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်တယ်။ ဒါကို ကျွန်တော် အလေးအနက်ပြောချင်တယ်။ ကျန်တာတွေကတော့ အရေးမကြီးလှဘူး။ အစိုးရမကောင်းတာတွေ ကောင်းလာလိမ့်မယ်။ ကိုယ့်ရပ်ကွက်က ကိစ္စကိုယ်ဝင်မကူတဲ့စိတ်ကတော့ ကိုယ်အခုမပြင်ရင် အစိုးရကောင်းလာလည်း ဒုံရင်းဖြစ်နေမယ်။ လူတိုင်း ကိုယ့်တာဝန်လေးကိုယ်ကျေလိုက်။ ကိုယ့်လမ်းကိုယ်သန့်ရှင်းလိုက်။ ကိုယ့်အမှိုက်ကိုယ်သိမ်းလိုက်။ ကိုယ်လုပ်နိုင်တာလေး ကူညီလိုက်။ အခက်အခဲတော်တော်နည်းသွားမယ်။

အစ်ကိုအရင်းကြီးနဲ့လည်း စကားပြောဖြစ်တယ်။ သူက ကားမောင်းတော့ ညဘက်ကြီး ကလေးတစ်ယောက် အဖျားတက်တော့ ဆေးရုံကိုမောင်းပို့ရတယ်။ မီးပွိုင့်အနီလည်း ကားမရှိရင်ဖြတ်မောင်းတာပဲ။ အဲဒီတော့ လမ်းပြပုလိပ်ကတားတယ်။ ကလေးဆေးရုံပို့မလို့ဆိုပြီး ပြောတော့ လမ်းပြပုလိပ်ကလည်း အေးအေး ညီလေး မောင်းမောင်းဆိုပြီး လွှတ်ပေးတယ်။ ဆေးရုံကို အချိန်မီရောက်သွားတယ်။ မဟုတ်ရင်သေနိုင်တယ်။ လမ်းပြပုလိပ်မှာလည်း လူသားစိတ်လေးရှိတယ်။ အဲဒါကိုလည်း အသိအမှတ်ပြုရမယ်။ ကလေးအဖေမှာလည်း သောကရှိတယ်။ ကားဆရာမှာလည်း ကလေးအတွက်ပူပန်မှုရှိတယ်။ လူတွေပဲဗျာ။ သူ့အပူ၊ကိုယ့်အပူကိုယ်စီပဲ စာနာလိုက်ရင် နားလည်မှုလေးရသွားတာပဲ။

ဘာမဟုတ်တဲ့ကိစ္စနဲ့ တစ်ယောက်နဲ့တစ်ယောက် အချွန်အတက်တွေနဲ့ထိုးပြီး ဒဏ်ရာရလို့ ဆေးရုံပြေးရတာတွေလည်း အစ်ကို့ဆီကကြားခဲ့တယ်။ လူတွေ မိုက်နေကြတုန်းပဲ။ ထင်တာထက်တောင် ပိုမိုက်ကြသေးတယ်။ အခန့်မသင့်ရင် ထောင်ကျပြီး ဘဝပျက်နိုင်တယ်။ ဒေါသကြောင့်မှားကြတယ်။ အရက်လည်း အလွန်သောက်ကြတယ်။ အဲဒါကြောင့်လည်း ပိုပြီးသွေးကြွသလားမသိဘူး။ အခုဖြစ်နေတာက ဆင်းရဲတဲ့သူတွေက ပိုပြီးဆင်းရဲမယ့်လမ်းကို ရွေးချယ်နေကြတယ်။ ဒီအတိုင်းကို ခက်ခဲပြီးသား ဘဝထဲမှာ မိုက်မဲမှုကြောင့် ပိုခက်ကုန်တယ်။ အဲဒါတွေကိုလည်း ကြားခဲ့တယ်။ တွေ့လည်းတွေ့ခဲ့တယ်။ အချိန်အားတွေများရင် စိတ်တွေလေလွင့်တယ်။ တန်ဖိုးရှိတာတွေလုပ်မနေရင် အလဟဿကိစ္စတွေနဲ့ အချိန်ကုန်သွားမယ်။ စိတ်လည်း အားမရှိကြတော့ဘူး။ အဲဒီပြဿနာဟာ ကြောက်စရာကောင်းတယ်။ စိတ်အားရှိတဲ့သူဖြစ်ဖို့ တန်ဖိုးရှိတာလေး တစ်ခုခုလုပ်နေဖို့လိုတယ်။

လူကြီးတွေကိုတော့ ပြင်ဖို့မလွယ်တော့ဘူး။ ကျွန်တော်ကတော့ ကလေးတွေနဲ့လူငယ်တွေကိုပဲ ပြုပြင်စေချင်တော့တယ်။ သူတို့ကောင်းလာရင် အနာဂတ်လည်းကောင်းလာမှာပဲ။ လူကြီးတစ်ယောက် ဒီစာဖတ်လိုက်လို့ တစ်ခုခုနားလည်သွားဖို့ မမျှော်လင့်ဘူး။ လူငယ်တစ်ယောက် ဒီစာဖတ်လိုက်ပြီး စာနာစိတ်လေးနဲ့ သူ့တိုင်းပြည်အတွက် သူလုပ်နိုင်တာလေး လုပ်သွားရင်သိပ်လှပသွားမှာပဲ။ ပိုကောင်းတဲ့ ကမ္ဘာကို ဒီလိုပဲ ချီတက်သွားရမယ်။ အာဏာရူးတွေ၊ကြမ်းပိုးတွေ အာဏာစားခွက်လုရင်လုနေပါစေ။ လူကောင်းတွေက လူ့အသိုင်းအဝိုင်းကို လှပပြီး ဒုက္ခနည်းအောင် လုပ်ကြရဦးမယ်။

ငြိမ်းချမ်းခြင်းတရားထွန်းကားရာ နိုင်ငံသစ်ဆီသို့ .....။

Regards,
Z

ရန်ကုန်ပြန်လက်ဆောင်များ

$
0
0
ရန်ကုန်ပြန်လက်ဆောင်များ

Zသမားပြန်ရင် မှတ်သားစရာကျန်တယ်တဲ့။
Zခေါင်းကွဲရင်တော့ ဘာမှမကျန်လောက်ဘူး။


သေဖို့အရေးကြီးတယ်။ အဲဒါနဲ့နာရေးကူညီမှုအသင်းကိုသွားကြည့်တယ်။ ဝှိုက်ဘုတ်ကြီးနဲ့ ဒီနေ့ ဘယ်သူသေ၊ ဘယ်သူပို့၊ ဗော်လန်တီးယား ဘယ်သူက လိုက်ကူ စသဖြင့် စာရင်းတွေရေးထားတယ်။ အသုဘကန်ထရိုက်လက်မခံဘူုးတဲ့။ ရန်ကုန်ပြန်ပြီး အသုဘ ကန်ထရိုက်လုပ်ဖို့ မစဉ်းစားနဲ့တော့။




အထိမ်းအမှတ်လေးပဲ။


အဲဒီယာဉ်က နှယ်နှယ်ရရမဟုတ်ဘူး။ ဒဂုံမြို့သစ်က အမှိုက်တွေလှည့်ကောက်နေတဲ့ကား။ စည်ပင်ကလူတွေ ဓာတ်ဆီလာဖြည့်ပေးဖို့တောင်ကောင်းတယ်။ အမှိုက်ကလည်း ကောက်လို့မကုန်ဘူးတဲ့။ ဝိသာခါကျောင်းအမကြီးရဲ့ဆွမ်းအုပ်လိုပဲ၊ ခပ်သလောက်ထွက်နေပုံရတယ်။






မြန်မာလူမျိုးလောက် စာအုပ်ချစ်တာ မြန်မာလူမျိုးပဲ။ စာသာကောင်းကောင်းမတတ်ကြတာ။ ငါတို့လူမျိုးတွေဟာ စာအုပ်သိပ်ရိုသေတယ်။ စာအုပ်နင်းမိရင်တောင် တောင်းပန်သူတဲ့၊ ပြန်ရှိခိုးတဲ့သူနဲ့။ စာကြတော့ ဟုတ်တိပတ်တိမဖတ်ကြပါဘူး။ ဖတ်ချင်တဲ့သူတွေဖတ်ဖို့ စာကြည့်တိုက်တော့ရှိရမယ်။ စာကြည့်တိုက်ကို တန်ဖိုးမထားတဲ့လူမျိုးဟာ အင်မတန် အဆင့်နိမ့်တယ်။ စာပေကို မြှင့်တင်ရမယ်။ စင်အမြင့်ကြီးတွေဆောက်ပြီး အပေါ်ဆုံးမှာထားဖို့ပြောတာမဟုတ်ဘူး။ ကောင်းမွန်တဲ့စာပေ၊ အသိပညာပါတာတွေ များများထုတ်ရမယ်။ အမှိုက်တွေကို များများမထုတ်နဲ့။စာရွက်ကုန်တယ်။ စာတစ်အုပ်လောက် ကောင်းကောင်းဖတ်လိုက်ရင် ဘဝမှာ အင်မတန်နေတတ်သွားတာမျိုးဖြစ်ရမယ်။ ဥပမာ ယောနသံစင်ရော်။ နေဧလိမ်နည်း။ ဘကြီးဥရဲ့ တစ်သက်တာမှတ်တမ်း။ ဆရာတော်ဦးဇောတိကရဲ့ သိက္ခာရှိရှိနေမယ်။



စာကြည့်တိုက်လည်းရှိတယ်။ ထိုင်ခုံတော့သိပ်မရှိဘူးထင်တယ်။ အဲဒီလိုလေးတွေ ထိုင်ဖတ်နေကြတာတွေ့တယ်။ စာဖတ်တာကောင်းတယ်။ မကောင်းဘူး မပြောတော့ဘူး။ အသက်ကြီးလာလေ တစ်ခုခုကို အကောင်းအဆိုးပြောရတာ ငြီးငွေ့လေလေပဲ။ စာဖတ်ချင်လည်းဖတ်၊ မဖတ်ချင်လည်းနေ။ ဒါပေမယ့် ကိုယ့်ဘဝကိုယ် တိုးတက်အောင်လုပ်ကြပါ။ တန်ဖိုးရှိတာတွေကိုတော့ ဖတ်ချင်လည်းဖတ်ကြပေါ့။ ဖတ်ပြီးရင်လည်း လက်တွေ့အကောင်အထည်ဖော်ကြပါ။ စာအုပ်ဖတ်ပြီး ရပ်သွားရင် စာဖတ်တဲ့ကျေးဇူးမများဘူး။ ဖတ်ပြီးရင် နည်းနည်းတော့ ရေးထားလိုက်။ ဘဝမှာ ဘယ်လိုနေသွားမယ်။ ဘယ်လိုလေး ပြုပြင်လိုက်မယ်ဆိုတာလေးတော့ ရှိရမယ်။ အဲဒီလို ဘဝထဲကို စာထဲက ပညာတွေ ရောက်လာရင်တော့ အင်မတန်ကောင်းတာပေါ့။



ဒီကားကြိုက်သလား။ စီးချင်စီး။ အိပ်လျက်စီးရမယ်။


နာရေးကူညီမှုအသင်းမှာလာပြီး တစ်ချို့တွေ ကုသိုလ်လုပ်တယ်။ အခမဲ့ဆံပင်ညှပ်တာတို့ဘာတို့ပေါ့။ ကောင်းတယ်။ ဆံပင်ဝင်ညှပ်ခဲ့ဦးမလို့ပဲ။ သိပ်ဂုံးဆင်းတာမကောင်းဘူးဆိုပြီး ကိုယ့်ကိုယ်ကို ဟန့်လိုက်ရတယ်။


အဲဒါက သုခဆေးခန်းခေါ်တယ်။ အရင်တုန်းကတော့ နည်းနည်း တန်းစီရတယ်ဗျ။ အခုတော့ တော်တော်လေး အဆင်ပြေလာတာတွေ့တယ်။ အရင်ဆို မျက်လုံးခွဲတာတွေဘာတွေအတွက် စက်မရှိဘူး။ ဗော်လန်တီယာ လာထိုင်ပေးတဲ့ဆရာဝန်ရဲ့ ဆေးခန်းသွားရတယ်။ အခုတော့ စက်တွေ တော်တော်လေး စုံလာပြီ။ ဖုန်းနဲ့ booking ကြိုယူလို့ရတယ်။ တစ်ရက်ပဲကြိုယူရတယ်။ လူနာစောင့်တဲ့ အဆောင်လေးလည်းရှိတယ်။ အရင်ဆို အဲဒီလိုမရှိဘူး။ တိုးတက်လာတာ။ လူတွေကိုကြည့်ရတာတော့ သိပ်ဝမ်းသာအဲလဲပုံမပေါက်ဘူး။ အလကာားကုရတာတောင် မပျော်ဘူးလားမသိဘူး။ အဲဒါကလည်း မြန်မာပြည်မှာ တော်တော်လေး စိတ်ရှည်ရမယ့်ကိစ္စ။ အခမဲ့ဆေးခန်းဆိုရင် ဆေးလာတောင်းပြီး အပြင်မှာ ပြန်ရောင်းတဲ့သူလည်းရှိတယ်။ ဒါမျိုးတွေကိုလည်း သတိထားရသေးတယ်ထင်တယ်။ ခေတ်က သိပ်မကောင်းဘူး။ စေတနာနဲ့လုပ်လေလေ စိတ်ရှည်ရလေလေပဲ။ အသင်းအဖွဲ့နဲ့လုပ်တော့လည်း တော်တော်လေးကို အပြိုင်အဆိုင်တွေဖြစ်တတ်သေးတယ်။ စားသောက်ဆိုင်လည်းရှိတယ်။ ဈေးသက်သာတယ်လို့ပြောတယ်။ လိုက်ပြတဲ့ကောင်မလေးကလည်းစင်ကာပူကနေပြန်သွားတာ။ တိုပါရိုးမှာဆိုလား နေခဲ့တာတဲ့။ ကလေးမလေးတွေ တော်တယ်။ အနာဂတ်မှာ အများကြီးအောင်မြင်ဦးမယ်။ စိတ်ထားလှတယ်။

အရင်တုန်းက ဘုရားစာတွေများများဖတ်ပြီး မောက်မာတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သုခလို့ခေါ်တယ်။ နောက်တော့ကြီးလာတယ်။ ပညာလည်းကြီးလာတယ်။ မာနမကြီးတော့ဘူး။ ကောင်းတာတွေကို မျိုးစေ့ချပေးခဲ့တယ်။ လူဟာ အဲဒီလိုဖြစ်ရမယ်။ အစပိုင်းက မာနကို ပညာကနေသတ်လိုက်တယ်။ ပညာနဲ့ယှဉ်တဲ့ အမြော်အမြင်နဲ့ လူသားတွေအတွက် ကြိုးစားပေးသွားတယ်။ အဲဒါကြောင့်လည်း ဘဘဦးသုခဆိုပြီး လူတကာလေးစားရတယ်။


အာကာကျော်(ထင်တယ်။ နာမည်သိပ်မှတ်မိလေ့မရှိ)ရဲ့ လက်ရာ။ အိုဘာမားပုံဆွဲတဲ့ကောင်လေး။ ဘဘဦးသုခပုံ ဂရပ်ဖစ်တီဆွဲထားတယ်။


နာရေးကနေစလိုက်ပေမယ့်။ ကျောင်းတွေ၊ သင်တန်းတွေလည်း စလုပ်နေပြီ။ နှစ်ထပ်ကျောင်းဆောင်သစ်။


နည်းနည်းလေးလွဲသွားပုံရတဲ့ quotes. ခဏလာတုန်း ဟိုပြင်ဒီပြင်မလုပ်နဲ့လို့ Zနီးသည်က မှာထားတယ်။ အမှန်ကတော့ Education is the most powerful weapon which you can use to change the world. ဆိုတဲ့ Nelson Mandela quotes ကနေလာတယ်ထင်တယ်။  လွန်တာရှိ ဝန္တာမိ။


ပုံတွေက လက်ရာမြောက်တယ်။ လွတ်လပ်မှုနဲ့ယှဉ်တဲ့ ရသတစ်ခု။


ငယ်တုန်းက လက်ဝှေ့သမား။ နိုင်ငံရေးသမားဖြစ်လာတယ်။ မိန်းမနဲ့ကွဲတယ်။ ထောင်ကျတယ်။ ကမ္ဘာကျော်သွားတယ်။ သူ့အတ္ထုပ္ပတ္တိဝယ်ထားတယ်။ သူသေရင်ဖတ်မယ်ဆိုပြီး မသေခင်ကတည်းကဝယ်ထားတာ။ အခုဖတ်ရတော့မယ်။


သဲခင်းထားတဲ့လမ်း။ နာရေးကူညီမှုအသင်းမြေက နှစ်ဧကလောက်ကျယ်တယ်ပြောတယ်။ အဲဒါမယုံလို့ လိုက်တိုင်းကြည့်နေတာ။


အန်ကယ် ကြိုက်တဲ့ကားရွေးသွားတဲ့။ ငါမသေလောက်သေးပါဘူးလို့ ထင်တာပဲ။ အသက်လမ်းကြောင်းက ခြောက်ဆယ်လောက်တော့အသာလေး။ အရံလမ်းကြောင်းတွေနဲ့ဆိုတော့ ရှစ်ဆယ်လောက်အထိ။ အဲဒီမှာ အထောက်ပါသေးတာဆိုတော့ ၉၂ လောက်မှလာကြည့်ရမယ်။







ကားကောင်းကောင်းမစီးဖူးလိုက်လို့ ဝမ်းမနည်းပါနဲ့။ သေရင် Alphard စီးနိုင်ဦးမှာပါ။ တစ်ချို့တွေ Alphard လှူထားတယ်ပြောတယ်။ ပုံထဲမှာမရှာနဲ့။ တစ်ချို့ကားတွေက လမ်းပေါ်ရောက်နေတယ်။ နာရေးကူညီမှုအသင်းကနေ တစ်ခြားနယ်က အသင်းအဖွဲ့လေးတွေကိုလည်း ပြန်လှူထားတာရှိပါတယ်။ ရောက်ရင် ရှင်းပြတဲ့သူတွေရှိတယ်။ ခင်ဗျားသေချာနားထောင်ခဲ့။ လှူစရာရှိတာလှူပြီး ပြန်မယ်ဆိုပြီး မလုပ်ရဘူး။ လူကြီးလူကောင်းဆန်ကြ။ လူကောင်းတွေ ဘာလုပ်နေသလဲဆိုတာလောက်တော့ အချိန်ပေးပြီး နားထောင်သွားသင့်တယ်။ သိပ်ဝမ်းမြောက်စရာကောင်းတာတွေ။


ခင်ဗျားတို့ကို အပေါ်မှာတစ်ခေါက်ပြောပြီးသား။ မယုံမှာစိုးလို့ ဓာတ်ပုံပြတာ။ အသုဘပွဲစား လုံးဝမဝင်ရတဲ့။ ဟိဟိ။




အခေါင်းတွေထားတာထင်တယ်။ ဝါသနာပါရင် အရောင်ဝင်ရွေးလို့ရသလားတော့ မမေးခဲ့မိဘူး။ အသက်ကြီးလာပြီဆိုတော့ ပေါတာတွေ၊ ပြောင်တာ၊နောက်တာတွေလျော့ရတော့မယ်။

ခင်ဗျားတို့ကို သေဖို့နေရာပြပြီးပြီ။ မသေခင် အိုရဦးမယ်။ ဇာတိရလာရင် ဇရာ၊ ဗျာဓိ၊ မရဏက ဒီလိုပဲကပ်လျက်လိုက်တာ။ နောက်တန်းသမားလိုပဲ။ ခင်ဗျားဘောလုံးသယ်ပြီး ပြေးလာရင် နောက်တန်းသမား ဇရာက ခင်ဗျားကို ခြေထိုးမယ်။ ဗျာဓိက တွန်းလှဲမယ်။ မရဏကတော့ တစ်သက်လုံးနားသွားအောင် ခြေစုံပစ်ပြီးဖျက်မှာ။ ခင်ဗျားသေမှာပဲ။ အဲဒါ သိပ်ကိုသေချာတယ်။ ကျန်တာတွေက အဲဒီလောက်မသေချာဘူး။ SK2 တွေ ခင်ဗျားဝယ်လည်း အိုခြင်းတရားကိုလှည့်စားလို့မရဘူး။ အသက်ဆိုတာ တွက်နေရင် ကြီးလာတာပဲ။ မေ့ထားလိုက်ရင်လည်း ပြန်မငယ်သွားတော့ဘူး။ Anti-aging cream တွေဘာတွေဆိုတာလည်း နာမည်လောက်ပဲရှိတာ။ အိုခြင်းသဘောကို ကာကွယ်လို့မရဘူး သေလိုက်မှပဲ နောက်ဘဝ လူပြန်ဖြစ်ရင် နုပျိုသွားနိုင်သေးတယ်။ ဇရာနဲ့ဗျာဓိကတွဲလာတာပဲ။ အိုတယ်။ နာတယ်။ အိုလို့လည်းနာတယ်။ နာလွန်းလို့လည်း အိုကုန်တယ်။ စိတ်နာလို့လည်းအိုတယ်။ ရောဂါတွေနာလို့လည်းအိုတယ်။ မသေခင် အိုနာရှိတယ်။ အိုတာဟာ နာတာပဲ။ တစ်ချို့အလုပ်တွေ အိုရင်လုပ်လို့မရတော့ဘူး။ အသက်အလိုက်လုပ်ရတာတွေရှိတယ်။ ဉာဏ်ပညာ ဦးစားပေးအလုပ်တွေသာ အသက်ကြီးချိန်အထိလုပ်လို့ရတယ်။ မော်ဒယ်အလုပ်တို့၊ ဘောလုံးသမားအလုပ်တို့ဆို ၃၀ လောက်ဆို အအိုကြီးအိုသွားပြီ။ နားလိုက်ရတော့တာ။ အဲဒီတော့ ဘိုးဘွားရိပ်သာသွားကြည့်တယ်။ အိုမင်းခြင်းဟာ ဘယ်လိုမျိုးလဲ။ သိဒ္ဓတ္ထဟာ မြင်းရထားပေါ်ကနေ သူအို၊ သူနာ၊ သူသေ၊ ရဟန်းကို အစဉ်အတိုင်း ကြည့်သွားတာဟာ သံဝေဂဉာဏ်အတွက်ပဲ။ သံဝေဂဉာဏ်မရှိရင် ဝိပဿနာအလုပ် လုပ်လို့မရဘူး။ ဖှောရှော ဝိပဿနာတော့ဖြစ်တယ်။ အားကောင်းတဲ့ ဝိပဿနာမဖြစ်ဘူး။ သံဝေဂဉာဏ်လေးရှိမှ အော .. လောကကြီးဟာ နေပျော်စရာ ဘာရှိသလဲ။ တွယ်ငြိစရာဘာရှိလဲဆိုပြီး စိတ်က ဝိမုတ္တိဘက်ကို နည်းနည်းလေး ခေါင်းလှည့်တယ်။ မဟုတ်ရင်တော့ ငါသိပ်ပျော်တယ်။ ဒီမှာ အိုကေနေတာ။ ဟိုဘက်ကမ်းမကူးဘူးဆိုတဲ့ သက္ကာယဒိဌိလေးက ပြန်ပြန်ဆွဲခေါ်သွားတာပဲ။ ကိုယ့်အလှည့်ရောက်မှ သံဝေဂရရင် နောက်ကျသွားပြီ။ လူဟာ ကြီးလေ​ဉာဏ်တုံးလေပဲ။ တရားအလုပ်တွေဘာတွေဆိုတာ ဉာဏ်ထက်တုန်းလုပ်ရတာတွေ။ အိုမှလုပ်ရင် မသေချာဘူး။ သမာဓိတောင် ကောင်းကောင်းမရနိုင်တော့ဘူး။ စိတ်အင်အားတွေ အများကြီးလျော့သွားပြီ။ ခန္ဓာကိုယ်ကလည်း အင်တိုက်အားတိုက် စူးစိုက်နိုင်ဖို့ မကူနိုင်တော့ဘူး။ ငယ်တုန်းမိုက်နေရင် ကြီးရင် မှိုင်သွားရမယ်။ အခုတရားအားမထုတ်နိုင်သေးဘူးလား။ ကိစ္စမရှိဘူး။ သံဝေဂဉာဏ်လေးနဲ့နေ။ အင်မတန်ကောင်းတယ်။ စိတ်ဒုက္ခနည်းတယ်။ အဆိုးလောကဓံကို လေလေးချွန်ရင်း ရင်ဆိုင်နိုင်တယ်။


အဲဒီလောက်ကုန်ကျတယ်။ ဒါက ကန်တော်လေး ဘိုးဘွားရိပ်သာကစာရင်း။ ကြက်သားနဲ့နေ့လည်စာကျွေးတယ်။ ကြက်သားဆန်ပြုတ် ညစာကျွေးတယ်။ ခရစ်ယာန်သီလရှင်တွေ စောင့်ရှောက်ထားတာ။ လူကြီးတွေကတော့ ဘာသာအမျိုးမျိုးပဲ။ အယောက် ၁၀၀ ဝန်းကျင်ထင်တယ်။ အဲဒါလည်း ရိုက်လာတာ ပုံရှာမတွေ့သေးဘူး။ လှူမယ့်လှူ သက်ကြီးရွယ်အိုတွေကို လှူလိုက်တယ်။ သူတို့ ဝဝစားရပါစေ။ ပျော်ပါစေ။ ခန္ဓာဝန်ကို ကောင်းကောင်းထမ်းနိုင်ပါစေ။





အသက်ကြီးသွားတော့ အိုသွားတာပေါ့။ အိုခြင်းဟာ ဘာမှမကောင်းဘူး။ ငါတို့ တစ်နေ့အိုရမယ်။ Zနီးသည်က သွားတွေမရှိတော့ရင် ငါ့ကို ဝေါင်လို့ ခေါ်မှာပဲ။ အတွေးနဲ့တင်ရယ်ချင်စရာကြီး။  ဒါပေမယ့် အိုခြင်းတရားဟာ ရယ်စရာမဟုတ်ဘူးဗျ။ ခင်ဗျားအနီးကပ်သွားကြည့်။ အိုခြင်းတရားမှာလည်း ကျက်သရေရှိတယ်။ လူ့ဂုဏ်သိက္ခာရှိတယ်ဗျ။ သူတို့ကို activity လေးတွေပေးထားရမယ်။ ဒါမှ ကျန်းမာပြီး စိတ်ချမ်းသာမှာ။ ဆေးကုပေးဖို့ အထူးကုတွေလည်း လာတယ်။ သွားဆရာဝန်လည်းလာတယ်။ကောင်းတာပဲ။ ပူစရာမလိုတော့ဘူးပေါ့။ အိမ်မှာနေရင် ပိုက်ဆံကုန်ဦးမယ်။ ဘိုးဘွားရိပ်သာမှာ ငြိမ်းတယ်။ ဒါပေမယ့် ခင်ဗျား အိုခြင်းတရားကိုတော့ ဘယ်မှာနေနေ ရင်ဆိုင်ရဦးမယ်။ ကြက်သားလေးစား၊ ဆန်ပြုတ်လေးသောက်ပြီး ရင်ဆိုင်ရတာ အစာအိမ်အလွတ်နဲ့ ရင်ဆိုင်ရတာထက်တော့ သက်သာမှာပါ။ အဖေ့မွေးနေ့ ၂၁ ရက်နေ့မှာ နောက်ထပ်တစ်ခါ ကြက်သားနဲ့ နေ့လည်စာ ထပ်ကျွေးဖို့ လှူထားသေးတယ်။ သူတို့ ခင်ဗျားကို မသိလည်း ခင်ဗျားရဲ့စေတနာကိုတော့ သူတို့သိတယ်။ သူတို့ မေတ္တာပို့ပေးရင်လည်း ပို့ပေးလိမ့်မယ်။ မပို့ပေးရင်လည်း မပို့ပေးဘူး။ ဒါပေမယ့် ခင်ဗျားဘဝမှာ အမှတ်တရဖြစ်သွားရမယ်။ လူတွေအိုတတ်ပါလား။ အိုလာရင် မစွမ်းတော့ပါလား။ မစွမ်းတော့ရင် အကူအညီယူရပါလားဆိုတာဆက်တိုက်ကြီး တွေးမိသွားတယ်။

ဗုဒ္ဓအသက်ကြီးတော့ အရေခွံတွေ တွန့်တာကို အာနန္ဒာကြည့်ပြီး စိတ်တောင်မကောင်းဖြစ်ရသေးတာလေးကို သတိရတယ်။ ငယ်တုန်းက သိပ်ချောသိပ်လှတာ။ အခုခေတ်ဆိုရင် ဘောလီးဝုဒ်က ရုပ်ရှင်ရိုက်ဖို့ လူထွက်ပါဆိုပြီး နေ့တိုင်း နားလာပူနိုင်တဲ့ရုပ်ရည်မျိုးရှိတာ။ ဒါပေမယ့် အိုခြင်းသဘောကို မလွန်ဆန်နိုင်ဘူး။ ဒါက ခန္ဓာရဲ့သဘာဝပဲ။ ဂေါတမဗုဒ္ဓဟာ အသက်ကို ဆယ်လပဲ ဆွဲဆန့်ထားတယ်။ ဒါကလည်း သူ့အတွက်မဟုတ်ဘူး။ သုဘဒ္ဒအတွက်ပဲ။ ဒီငနဲက ကုသိုလ်ကံလေးရှိတော့ ဘုရားတောင် သေခြင်းကို ဆယ်လတားပြီး တရားဟောရတာ။ ကုသိုလ်ကံမကုန်သေးတဲ့ လူမိုက်တွေက ဘုရားကိုတောင် ဆယ်လ ဒုက္ခပေးနိုင်တာ သံဝေဂရစရာကောင်းတာပဲ။ သေခြင်းတရားမတိုင်ခင် အိုခြင်းဟာ အင်မတန်နှိပ်စက်နိုင်တာ။

ငယ်တုန်းက အမှတ်ရစရာတစ်ခုရှိသေးတယ်။ အဖွားနဲ့နေတယ်။ မွေးကတည်းက အဖွားကပဲ မွေးထားတယ်ထင်တယ်။ အမေက ရုံးတွေဘာတွေ သွားသေးတယ်။ အဖွားကတော့ တစ်နေ့လုံးအိမ်မှာရှိတယ်။ မုန့်ဖိုးလည်း ပိုပေးတယ်။ တစ်နေ့မှာ မျိုးကျော့မြိုင်ရဲ့ လူဖြစ်ရတဲ့ ဒုက္ခသီချင်း နားထောင်နေကြရင်း အဖွားက ဒါသိပ်မှန်တာပဲလို့ပြောတယ်။ အသက်ကြီးလာတော့ နာကျင်မှုတွေ ပိုဖြစ်လာတာကို ဆိုလိုပုံရတယ်။ အခုတော့ အဖွားဆုံးသွားပြီဆိုတော့ ဒါတွေ ပြောမယ့်သူမရှိတော့ဘူး။ ဒါပေမယ့် ဘိုးဘွားရိပ်သာက အဖွားတွေမြင်ရတော့ ကိုယ့်အဖွားကိုယ်သတိရတယ်။ သူတို့မှာတော့ မြေးတွေမရှိရှာဘူးထင်တယ်။ မြေးတွေကတော့ အဖွားကိုချစ်တာပဲ။




အဖွားတွေထိုင်နေကြတယ်။ ထိုင်နေခြင်းမှာကိုက တရားသဘောတစ်မျိုးပါတယ်။ လောကမှာ အိုခြင်းတရားကိုမေ့နေတဲ့သူတွေကို သတိပေးနေတဲ့ တည်ရှိမှုမျိုးပဲ။ ခန္ဓာဝန်လေးသလား အဖွားတို့။



ဘီးတပ်ကုလားထိုင်နဲ့အဖွား။ မုန့်ဖိုးရရင် ပျော်တာပဲ။

သေခြင်းတရားရော အိုခြင်းတရားကိုပါ ခင်ဗျားတွေ့ပြီးရင် စေတီသွားပေတော့။


ပန်းပုဆိုင်။ ကမ္ဘာအေးဘုရားက။ ငါးရာတန်လေးတွေကို ဈေးဆစ်နေတာနဲ့ Zနီးသည်က သူသာဆိုင်ရှင်ဆိုရင် ကျုပ်ကို ရိုက်ထုတ်မယ်လို့ပြောတယ်။ အများကြီးဝယ်တာပဲ ဈေးဆစ်ရတာပေါ့။ သူဘာပြောသလဲဆိုတာ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ မလျှော့ပေးလည်း ဝယ်မှာပါပဲ။ လူတွေက ဈေးဆစ်ရင်ပြန်ပြောတဲ့စကားလုံးတွေကို အဘိဓာန်ပြုစုတဲ့သူများရှိလာခဲ့ရင် ကျုပ်ကို အကြံပေးခေါ်ကြပါ။


ဘုရားပေါ်မှာ အေးချမ်းလိုက်တာ။ ကင်မရာခွန်ဆောင်ခိုင်းတော့ ကင်မရာပြန်သိမ်းလိုက်တယ်။ မရိုက်တော့ဘူး။ ဖုံးနဲ့ပဲရိုက်မယ်လို့ပြောလိုက်တယ်။ ငါ လူလည်ပါ။



ငယ်တုန်းက အဲဒီမှာ တရားသွားသွားထိုင်တယ်။ ဂန္ဓာရီသမားဘဝတုန်းက။ သိပ်အေးချမ်းတယ်။ အဲကွန်းလည်းရှိတယ်။ အဲဒီအဲကွန်းရဲ့ ကျေးဇူးလည်းရှိခဲ့ဖူးတယ်။ ကျေးဇူးရှင်ပုံလေးအပါရိုက်ခိုင်းရတယ်။


တစ်ကောင်တည်းပေမယ့် ကြွက်မဟုတ်ဘူး။ ကြောင်။


ဘုရားနားမှာပေါက်တဲ့ ထန်းပင်ဟာ သိပ်လှတာပဲ။
မဂျူးးသာ ရှိသေးရင် ကိုယ်အဲဒီလိုပြောရင် မင်းယုံလိုက်ပါဆိုတာလေးထည့်ဦးမယ်ထင်တယ်။
(သူလည်းအသက်ကြီးပြီဆိုတော့ ရှိသေးရင်လို့ရေးလိုက်တယ်။ အခုခေတ်ကမလွယ်ဘူး။)


ခေါင်းလောင်း။ အသံသာတယ်။ ပြုလိုက်တဲ့ ကုသိုလ်တွေ အမေနဲ့အဖွား အမျှလာယူနိုင်ရင် လာယူကြပါ။ မယူနိုင်တော့ရင်လည်းမလာပါနဲ့။ ကိုယ့်ကံနဲ့ကိုယ်ပဲ။


ဓာတ်ပုံဆရာကတော့ မိုးရွာလည်းရိုက်။ နေပူလည်းရိုက်ပဲ။


လှိုဏ်ဂူထဲက ဆင်းတုတွေ။ အဲဒီမှာ လေးသင်္ချေဆိုတာကို သတိရတယ်။ အဲဒါမူကွဲတွေအများကြီး။ အရှင်ဆေကိန္ဒကတော့ သုည အလုံး ၁၄၀ လို့ပြောတယ်။ ကြာလွန်းတယ်ပြောတာ။ ကမ္ဘာပေါင်း အဲဒီလောက်ကြာသွားတယ်ပြောတာတဲ့။ အဲဒီနေ့မှာပဲ ဒေါက်တာနန္ဒမာလာ ဟောတာတစ်ခုမှာတော့ သုမေဓာဘဝမှာ နိဝတဗျာဒိတ်ယူလိုက်တယ်။ ဗျာဒိတ်ယူတော့ ဒီပင်္ကရာဘုရားလက်ထက်။ အဲဒီအချိန်ပြီးတော့ ကမ္ဘာတွေ သောက်သောက်လဲကြာသွားတာ ဘယ်လောက်ကြာမှန်းမသိဘူး။ ရေတွက်လို့မရနိုင်လောက်အောင်ကြတယ်။ နောက်ဘုရားတစ်ဆူပွင့်တယ်။ အဲဒီအချိန်ကို တစ်အသင်္ချေလို့ခေါ်တယ်။ အဲဒီလို ဘုရားလေးဆူပွင့်လောက်အောင်ကြာသွားတဲ့ အင်မတိအင်မတန်အချိန်ကြာကြီးကို လေးအသင်္ချေ (အတိုကောက် လေးသင်္ချေလို့ခေါ်တယ်)လို့ဆိုတယ်။ ဒီပင်္ကရာဘုရားနဲ့ ရဟန္တာတစ်သိန်း အနင်းခံရရင်တော့ သုမေဓာရှင်ရသေ့ဟာ အင်မတန် နာကျင်ပြားချပ်သွားမှာပဲလို့တွေးမိတယ်။ အဲဒါလိုတွေးမိတတ်တာကြောင့် ဗုဒ္ဓဝင်တွေဘာတွေ ဖတ်လေ့မရှိဘူး။ ထားပါတော့။ သတ္တိအင်မတန်ကောင်းမှ ဘုရားလောင်းဖြစ်တယ်။ ဆန္ဒာဓိပတိလို့ခေါ်တယ်။ ဆန္ဒအားကောင်းလာရင် ကျန်တာတွေအားလုံးကိုစွန့်နိုင်တယ်။ ၂၄ ပစ္စည်းက အဓိပတိပစ္စယောကို အကျယ်လေ့လာဖို့လိုတယ်။ အဓိပတိကြီးတွေကိုသိမှလည်း သူတို့စွမ်းအားကို သိနိုင်တယ်။ မဟုတ်ရင် ဘာဖြစ်လို့ ဘာဖြစ်တာမှန်းမသိဘဲနေမယ်။ ရွတ်တာတွေထက် တကယ်သိဖို့ ပိုအရေးကြီးတယ်ထင်တယ်။ ၂၄ ပစ္စည်းကို ဘုရားရှိခိုးလို့ပြောတာလည်းရှိတယ်။ အဲဒီလိုပဲ တရားက ကြံကြံဖန်ဖန်ကပ်ပြီး ကွယ်နေတာမျိုးထင်တယ်။ သြကာသ ဘုရားရှိခိုးဆိုတာ သိကြားမင်းက သေခါနီး တရားလာနာရင်း နတ်ပြည်ကစုတေပြီး ချက်ခြင်း သောတာပန်လည်းတည်၊ သိကြားမင်းလည်းဖြစ်သွားလို့ မိန်းမတွေ အများကြီးပြန်ရသွားတာနဲ့ ဝမ်းသာအားရကြီး ရှိခိုးသွားတာပဲ။ ကျုပ်ထင်တာမမှားရင် နတ်ပြည် အမြန်ပြန်ကဲဖို့ အကျဉ်းချုပ်ရှိခိုးသွားတာပဲ ဖြစ်ရမယ်။ အဲဒါကြီးကိုဖတ်ပြီးကတည်းက ကျုပ်ယောက္ခထီးကြီး သြကာသရှိခိုးနေပြီဆိုရင် ကျုပ်ပြုံးမိတော့တာပဲ။




ရုပ်ပွားတော်တွေ။


တိမ်တွေကလှလိုက်တာ။ ဦးသိန်းဇော်မှာ တရားနဲ့ဖြေရတယ်။


ကောင်းကင်ပြာပုံကအစ မြန်မာပြည်မှာ သိပ်လှတယ်။ စင်ကာပူလို ဟေ့ဇ်တွေဘာတွေမရှိသေးဘူး။ ကြည်ကြည်စင်စင်။

အဘယလာဘမုနိ။ ကျမ်းမာလာဘ်ပေါဘုရားတဲ့။ ဘုရားသာရှိသေးရင် နာမည်ပေးတဲ့သူတွေကို ဟဲ့ တုစ္စ၊ မဂ်ဖိုလ်မနီး အချည်းနှီးသော ငနဲတို့ ကိုယ့်ဟာကိုယ် ပေါချင်ပေါ၊ ဘုရားတွေ နာမည်လျှောက်မပေးနဲ့ အစချီတဲ့ တစ်ဂါထာလောက်တော့ ဟောခဲ့မှာပဲ။


ပိုတဲ့စကျင်ကျောက်နဲ့ထုလိုက်တာထင်တယ်။



အမှတ်တရတွေပါတဲ့ ပန်းချီ။ ကျောက်တုံးသယ်လာတုန်းကပုံ။ အရင်တုန်းက ထေရဝါဒမှာ ရုပ်ပွားတော် အလေ့အထမရှိဘူး။ အဲဒါ ရောမကနေပြန်လာတဲ့ ငနဲတွေ အိန္ဒိယမှာ စတန့်ထွင်လိုက်တာပဲ။ ဘုရားဆင်းတုတော်ထုလုပ်တယ်ဆိုတာ အင်မတန် ခက်မှာပဲ။ မူရင်းပုံလည်း မမြင်ဖူးတော့ ဘယ်လိုထုသလဲမသိဘူး။ အဲဒါလည်းသိပ်မပြောရဲဘူး။ မိုးပြာဆတော်လည်း ဘုရားဆင်းတုတော်မလှဘူးပြောတာကို ဘုရားကို မကြည်ညိုတတ်ဆိုပြီး ဓမ္မန္တရာယ်သင့်ကုန်တာ။ ရွှေပြည်ကြီးက အယူအဆတွေကတော့ အင်မတန်ရယ်ရတယ်။ ဟိုတစ်နေ့က နာတဲ့တရားမှာလည်းပါတယ်။ ဘုန်းကြီးကျောင်းထဲသွားရင် ဖိနပ်ချွတ်တယ်တဲ့။ ကားကြတော့ မောင်းဝင်တယ်။ စက်ဘီး၊ဆိုင်ကယ်လည်းစီးသတဲ့။ ဖိနပ်ကိုချွတ်ရတာက ယာဉ်လို့သတ်မှတ်လို့ချွတ်တာ။ ယာဉ်တွေထဲမှာ ကားနဲ့စက်ဘီးက ဖိနပ်ထက် ပိုကြီးတဲ့ယာဉ်တွေမဟုတ်လား။ အဲဒီတော့ ရယ်တော့ရယ်ရတယ်။ သိပ်လည်း မရယ်ရဲဘူး။ တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ်နေရတာပဲ လွတ်လပ်တယ်။ ဘာသာရေးရဲ့ အနှစ်သာရကိုပဲရှာကြပါ။ ကျန်တာတွေကို သိပ်အာရုံမထားကြပါနဲ့။ ပိုကောင်းတဲ့ လောကကြီးဖြစ်ဖို့ နည်းနည်းလောက် ပိုပြုံးပြီး၊ ချို့တဲ့သူတွေ့ရင် နည်းနည်းမျှဝေတာပေါ့။ ဒီလောက်ပဲကောင်းပါတယ်။ သံဝေဂဉာဏ်လေးရလာရင် အပျောက်မခံဘဲ အဲဒါလေးကို ပျိုးထောင်ကြဖို့တော့ မမေ့ကြနဲ့ပေါ့ဗျာ။ တန်ဖိုးရှိတာလေးရထားရင် ဘယ်သူ့မှ ထုတ်မပြတာ အကောင်းဆုံးပေါ့။                         ။

Regards,
Z

ဒါ့ပုံကြည့်ရင်းပွား။

$
0
0
ဒါ့ပုံကြည့်ရင်းပွား။

အမှန်တော့ ဓာတ်ပုံရိုက်ရတာကို ဝါသနာမပါဘူး။ ဒီပုံတွေကလည်း ရည်မွန်ရိုက်ထားတဲ့ပုံတွေ။  phone လဲလိုက်တာနဲ့ ဓာတ်ပုံတွေပါ အမွေရသွားတယ်။ အဲဒါနဲ့ ဓာတ်ပုံတွေပြန်ကြည့်ရင်း ဇာတ်ကြောင်းပြန်တဲ့သဘောပဲ။


ရွှေပုစွန်က ရေညှိငါးကန်။ ငါးကန်တွေ မသန့်ရင် ငါးတွေ သနားဖို့ကောင်းတယ်။ သတ္တဝါလေးတွေ မွေးမယ်ဆိုရင် သူတို့ရဲ့ ကရိကထကို ခံနိုင်မှ မွေးသင့်တယ်။ မွေးပြီး ပစ်ထားလိုက်ရင် ရက်စက်ရာကျတယ်။ အိမ်မှာငါးမွေးတုန်းကဆိုရင် သုံးလေးရက်တစ်ခါ ရေလဲတယ်။ မှန်ပုံးအကြီးကြီးမှာ ငါးနည်းနည်းပဲမွေးထားတယ်။ လွတ်လွတ်လပ်လပ်ရေကူးပါစေ။ ငါးတွေ အသက်ရှူမဝရင် အလကားနေရင်း အကုသိုလ်ဖြစ်မယ်။ မမွေးတတ်ရင် ညှင်းဆဲသလိုဖြစ်သွားတယ်။ ငါးမှမဟုတ်ဘူး။ ခွေးတွေ၊ကြောင်တွေမွေးတာလည်း အချိန်ပေးနိုင်မှရမယ်။ တစ်ချို့တွေက ဦးနှောက်သိပ်မသုံးဘူး။ အရင်မွေးလိုက်ပြီး နောက်မှ စဉ်းစားတယ်။ အဲဒါကြောင့်လည်း ပြဿနာပိုများသွားတယ်။ စကတည်းက တာဝန်မယူနိုင်ရင် ဘာအကောင်ပလောင်မှ မမွေးသင့်ဘူး။ မြန်မာပြည်မှာ ခွေးမမွေးတတ်ဘဲ ခွေးအကြီးကြီးတွေ အများကြီးမွေးလာကြတယ်။ အဲဒါ အန္တရာယ်သိပ်များတယ်။ ကိုယ့်ခွေးကိုယ်မနိုင်ရင် တစ်ချိန်ကြရင် ဒုက္ခရောက်မယ်။ ခွေးတစ်ကောင်အတွက်ကိုတောင် တစ်နေ့ကို သုံးနာရီလောက် အချိန်ပေးရတယ်။ မဟုတ်ရင် ခွေးက ပျင်းလာရော။ ပျင်းလာရင် စိတ်တိုလာရော။ စိတ်တိုလာရင် ကိုက်ရော။ ကိုက်တော့မှ ခွေးကို ဆိုးတယ်လုပ်ကြပြန်ရော။ နားမလည်မှုဟာ အင်မတန် အန္တရာယ်များတာပဲ။ ဘုရားမှာ ရေပုပ်ကန်ထဲ ငါးလွှတ်တာ။ ကန်ထဲမှာ ညစ်ပတ်နေတာကို မြင်နေရဲ့သားနဲ့ ပေါက်ပေါက်တွေ ထပ်ပစ်ချတာ။ အင်မတန်ဆိုးတာပဲ။ ဘုရားက ငါးကန်ဆိုတာတွေက ငါးတွေအတွက် ငရဲဖြစ်မယ်။ အဲဒီငရဲထဲ ငါးတွေ ထပ်လွှတ်လို့ ကုသိုလ်တွေ တစ်လှေကြီး ရဦးမယ်ထင်တဲ့လူတွေက ရူးများရူးနေသလားတောင် ထင်မိတယ်။ ငါးတွေ နေပျော်တဲ့ ငါးကန်ဖြစ်အောင် လုပ်ကြရဦးမယ်။ လိပ်သပ်သပ်၊ ငါးသပ်သပ်ထားတဲ့ကန်ဖြစ်အောင်၊ ငါးပေါက်တွေကို စားတဲ့ ငါးရံ့တွေဘာတွေ ဝင်မနေအောင်လုပ်ဖို့လည်း လိုဦးမယ်ထင်တယ်။ မသိမှုဟာ အဝိဇ္ဇာပဲ။ အဝိဇ္ဇာတရားဟာ ဝိဇ္ဇာရဲ့ ဆန့်ကျင်ဘက်ပဲ။ အကောင်းကို မကောင်းထင်၊ မကောင်းကို အကောင်းထင်နေရင် ခက်တာပေါ့။ ဘယ်နေရာမှာမဆို မသိတဲ့သူတစ်ယောက် နေရာရလာရင် ကျန်တာတွေ အကုန်ခက်တယ်။ နိုင်ငံကို မသိတဲ့သူ အုပ်ချုပ်၊ နိုင်ငံပျက်တယ်။ စေတီမှာ မသိတဲ့ ဂေါပက အုပ်ချုပ် စေတီပျက်မယ်။ နားမလည်တဲ့သူတွေဟာ နားမလည်တာကိုက အပြစ်ပဲဆိုတာသိရမယ်။ တာဝန်တစ်ခုကို ယူထားရင် အဲဒီတာဝန်နဲ့ပတ်သက်တဲ့ အသိတော့ရှိရမယ်။ အသိမရှိတဲ့သူကို တာဝန်ပေးလေလေ၊ တလွဲတချော်ဖြစ်လေလေပဲ။ အသေးအဖွဲကို ဂရုမစိုက်ရင် ကြီးကျယ်တဲ့ကိစ္စကိုလည်း အသေးအဖွဲပဲထင်ကုန်ကြတော့တာပဲ။


စေတီတွေမှာရှိတဲ့ တံခွန်တိုင်။ ရှေးခေတ်ကအယူအဆတွေက ရောနေတယ်ထင်တယ်။ အခုခေတ်မှာ ဗေဒင်သုံးပုံကို မြန်မာပြည်က ဗေဒင်ဆရာတွေဟောတဲ့ ဗေဒင်နဲ့ရောနေတာသတိထားမိတယ်။ ဗေဒင်သုံးပုံဟာ တော်တော်လေး ကျယ်ပြန့်တဲ့ပညာတွေ။ အဲဒီကျမ်းရင်းသုံးကျမ်းနဲ့ ကျမ်းမြောင်တွေ တော်တော်လေးရှိသေးတယ်။ အဲဒါတတ်မှ ဗြဟ္မဏတွေအတွက် စာတတ်ပြီခေါ်ရတယ်။ ဟောနေတဲ့ ဗေဒင်ဆိုတာ အဲဒီကျမ်းတွေထဲက လောကီမင်္ဂလာလေးတွေလောက်ပဲ။ အများကြီး အစုံပါသေးတယ်လို့ပြောတယ်။ ဗုဒ္ဓဘာသာမှာတော့ လောကီမင်္ဂလာလမ်းကသပ်သပ်၊ နိဗ္ဗာန်ရောက်ကြောင်းက သပ်သပ်လို့ဟောတာရှိတယ်။ ဘုရားတွေက လောကီမင်္ဂလာလို့ခေါ်တဲ့ ဗေဒင်တွေ၊ယတြာတွေကို အင်မတန်ဆန့်ကျင်တာ။ ဘာသာဝင်တွေကတော့ ခပ်ရောရောလေးတွေလုပ်ကြတယ်။ ဝသုန္ဒရီ ဆံရည်မညှစ်ပါဘူးဆိုလည်း မရဘူး။ ညှစ်နေတုန်းပဲ။ လောကကြီးထဲမှာ မမြင်ရတဲ့ အကောင်ပလောင်တွေ (နတ်၊ဗြဟ္မာ၊သိကြား)တွေ၊ မမြင်ရတဲ့ ဒိုင်မင်းရှင်းတွေထည့်ရတာကို တစ်ချို့ တော်တော် သဘောကျတယ် ထင်တယ်။ တစ်ချို့ကျမ်းတွေမှာ နတ်ပြည်ကတစ်ရက်ဟာ လူ့ပြည်က အနှစ်ငါးဆယ်ဆိုပြီး ပြောတာတောင်ရှိတယ်။ အဲဒီလို ရက်တွေ့နေ့တွေ သတ်မှတ်ဖို့ဆိုတာ နေတွေ လတွေလိုသေးတယ်။ နတ်တွေဟာ တခြားဂြိုဟ်တစ်ခုမှနေပြီး အဲဒီဂြိုဟ်က နေကို တစ်ပတ်ပြည့်ဖို့ ၃၆၅x၅၀= ၁၈၂၅၀ ကြာဖို့လိုတယ်။ လောလောဆယ်အနီးအနားက စေတန်ဂြိုဟ်ဆိုရင် ၁၀၇၆၀ ရက်မှ နေကို တစ်ပတ်ပြည့်တယ်။ အဲဒီထက် နည်းနည်းပိုကြာတာက ယူရေးနပ်စ်ဂြိုဟ် ရက်ပေါင်း ၃၀၇၀၀ ရက် ကြာတယ်။ အဲဒီဂြိုဟ်နှစ်ခုကို နတ်တွေ ခွနေတယ်ဆိုရင်တော့ ရက်ပေါင်း ၁သောင်း ၈ ထောင်လောက်နဲ့ တစ်နှစ်တစ်နှစ်ကြာသွားနိုင်တယ်။ ဒါတောင် တရားနာဖို့ ဟိုပြေး၊ဒီပြေးလုပ်နေရတဲ့ ပြဿနာမပါသေးဘူး။ တန်ခိုးလိုလာတယ်။ အဲဒီမှာ တန်ခိုးကိုဖြည့်ရတယ်။ ခြောက်ထပ်တိုက်တွေ၊ သုံးဆယ့်တစ်ထပ်တိုက်တွေကတော့ သိပ်ကို ကွန့်ကုန်ပြီ။ လိုက်မမီတော့ဘူး။ ရူပဗေဒမသင်ဖူးတဲ့ ဘုန်းကြီးတွေက တစ်ခါတစ်ခါ ရှင်းပြသေးတယ်။ ကိုယ်တွေ နားမလည်နိုင်ဘူး။ ဈာန်ဆိုတာလည်း လုပ်ချင်သလိုလျှောက်လုပ်တာမဟုတ်ဘူးပဲ။ မြေလျှိုးတယ်ဆိုတာ စိတ်နဲ့ မြေကြီးကို အပေါက်ဖောက်ရသေးတယ်ပြောတယ်။ အဲဒီမြေကြီးကို ဆင်းသွားလို့ရအောင်အပေါက်ဖောက်၊ ပြန်တက်လို့ရအောင် အပေါက်ဖောက်ရသေးတယ်။ အင်အားကြီးတဲ့စိတ်နဲ့ စိတ်ကူးယဉ်လိုက်တာ တကယ်ဖြစ်ကုန်တဲ့သဘောပဲ။ ကောင်းကင်မှာ လူတွေ ပျံတယ်ပြောပေမယ့် တကယ်ကပျံတာမဟုတ်ဘူး။ ကောင်းကင်မှာ လမ်းတစ်ခုကို စိတ်နဲ့အရင်ဖော်ပြီး အဲဒီကနေသွားတာလို့ဆိုတယ်။ ထရာဗယ်လေတာတစ်ခုလောက်ကို စိတ်ကူးပြီး အဲဒီပေါ်ရပ်ပြီးလိုက်သွားတာမျိုးပဲ။ နောက်တစ်ခုရယ်ရတာက ဘုံတွေက စိတ်ကူးမျိုးပဲ။ အရင်ခေတ်က နတ်ပြည်က ရွှေရှိမယ်။ ရေကန်ရှိမယ်။ ပန်းဥယျာဉ်ရှိမယ်။ ဝိုင်ဖိုင်မရှိဘူး။ ရေခဲသေတ္တာမရှိဘူး။ ရေခဲမုန့်မရှိဘူး။ Play Station မရှိဘူး။ Facebook မရှိဘူး။ နတ်တွေမှာ Evolution မရှိဘူး။ အခုခေတ်လူတစ်ယောက် နတ်ပြည်ရောက်သွားရင် ဇာတ်ထဲရောက်သွားသလိုတောင် ဖြစ်မလားမသိဘူး။ စောင်းလည်းတီးဦးမယ်။ ရွှေတုံးကြီးတွေဝတ်ထားတဲ့ နတ်မကြီးတွေက ရေလေးတွေပက်ပြီးဆော့နေမယ်။ လုပ်စရာအလုပ်ဆိုလို့ ပန်းခူးတာနဲ့ ဟိုသင်းပြုတာပဲရှိတယ်။ တော်တော်စိတ်လေစရာ နေရာကြီး။ အဲဒါကြီးကို ဘာကြီးမှန်းမသိဘဲ ဘုရားရှိခိုးထဲ ထည့်ထည့် ဆုတောင်းနေတဲ့သူတွေ တွေ့ရင် ရယ်မိတာပဲ။ လူဖြစ်ရင် လူချမ်းသာ၊ နတ်ဖြစ်ရင် နတ်ချမ်းသာတဲ့။ ဘုရားရှေ့မှာ အသားလွတ်ပေါနေကြတာ။ တစ်ခါတစ်ခါ ဘုရားကိုတောင် အားနာမိတယ်။ ကိုယ်တော်ကြီး နိဗ္ဗာန်ရောက်သွားတာတော်သေးတယ်။ မဟုတ်ရင် သူ့ရုပ်ပွားတော်ရှေ့မှာ လူတွေ အတ္တတွေ ထိုးအန်ချနေတာကို မြင်ရရင် မဟာကရုဏာတော်ကြီးနဲ့ အသနားကြီး သနားနေမိမယ်ထင်တယ်။


ရွှေချမှကောင်းတယ်ထင်တဲ့ခေတ်ရှိတယ်။ နတ်ပြည်ကြီးမှာ သဲအစား ရွှေမှုန်တွေလို့ဆိုတာကိုး။ ရွှေအစစ်မတတ်နိုင်သေးရင် မှန်စီရွှေချလောက်တော့ လုပ်ကြတယ်။ မြန်မာတွေကို ရွှေတွေလို့ ခေါ်တာ ရွှေအစစ်တွေလို့ဆိုလိုတာ ဟုတ်ချင်မှဟုတ်မယ်။ စစ်စေးသုတ်ပြီး ရွှေချထားတဲ့ ရွှေအတုတွေလို့ ခေါ်ချင်တာလည်းဖြစ်မယ်ထင်တယ်။ အခုခေတ်မှာ ပေါက်ကရတွေ တော်တော်ဖြစ်တယ်။ နိုင်ငံခြားမှာမွေးတဲ့ကလေးကို သန်းခေါင်စာရင်းရဖို့ခက်တယ်။ ဘာသာခြားလက်ထပ်မှုကို အရင်လို တရားရုံးမှာ လက်မှတ်ထိုးခွင့်မပေးဘူးလို့လည်းကြားလိုက်သေးတယ်။ မဟုတ်တာတွေမှာ အရူးထလွန်းရင်ခက်တယ်။ တိုင်းပြည်တစ်ခုဟာ တစ်ညီတစ်ညွတ်တည်းမရှိရင်၊ ထင်ရာစိုင်းလွန်းရင် မအောင်မြင်နိုင်တော့ဘူး။ လူစုသိပ်ကွဲလွန်းနေရင် ဘယ်အရာကို ဦးတည်ပြီး လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်၊ရည်မှန်းချက်ပျောက်ကုန်လိမ့်မယ်။ နေရာတကာ အရူးတွေ ခြယ်လှယ်လွန်းရင် လူကောင်းတွေ ဒုက္ခများလိမ့်မယ်။


တိမ်တွေသိပ်လှတယ်။ ကျနော့်အတွက်သက်သက်ပြောရရင် အခြေခံအရာင်လေးမျိုးပဲ။ အဖြူနဲ့အနက်က အရောင်တွေရဲ့ အစွန်းနှစ်ပါး။ သဘာဝမှာတော့ အပြာနဲ့ အစိမ်းဟာ စိတ်ကို အချယ်လှယ်ဆုံးပဲ။ အဲဒီလေးရောင်မှာ နှစ်ရောင်လောက်တွဲလိုက်ရင် စိတ်က လွတ်လပ်မှုကို ခံစားရတယ်။ အစိမ်းရောင်ဟာ ကျနော်တို့ gene ထဲမှာရှိခဲ့တဲ့ သဘာဝထဲမှာ နေထိုင်ခဲ့မှုကို ပြန်ပြီး အမှတ်ရစေတယ်။ အပြာရောင်ဟာ လွတ်လပ်မှုနဲ့ ကျယ်ပြောမှုကို ကိုယ်စားပြုတဲ့ ကောင်းကင်ကို ပြန်သတိရစေတယ်။ ရှေးဟောင်းအကျဆုံးဝါဒတစ်ခုကို ဿဣရဝါဒလို့ခေါ်တယ်။ မတော်တဆပေါ်ပေါက်လာတာလို့ ဆိုတယ်။ အရင်တုန်းက ဗြဟ္မာကြီးရှိတယ်။ သူတစ်ယောက်တည်း ဗြဟ္မဘုံမှာ ငြိမ့်နေတာ။ နှစ်တွေ သိပ်ကြာလာတော့ သိပ်ပျင်းလာတယ်။ တစ်ကောင်တည်းဗြဟ္မာ။ တစ်ကောင်ကြွက်ဗြဟ္မာလို့ဆိုရမယ်။ အားနေတော့ ပျင်းကလည်းပျင်းဆိုတော့ မိတ်ဆွေလေးဘာလေး တစ်ယောက်လောက်ရှိလာရင်ကောင်းမယ်လို့ ကြံမိတယ်။ သူ့ဟာသူကြံလိုက်တာ။ အဲဒီအချိန်မှာ လူ့ပြည်မှာ ဈာန်ရတဲ့ ရသေ့တစ်ယောက်က သေပြီး ဗြဟ္မာသွားဖြစ်တယ်။ အဲဒီတော့ ဗြဟ္မာကြီးက ငါ့အတွေးကြောင့်ဖြစ်တာ ငါဖန်ဆင်းတာ။ ငါ့ခြံထဲမှာ ဥတဲ့တဲ့ဥ ငါဖန်ဆင်းတဲ့ဥလို့ ထင်သွားတယ်။ ရောက်တာတဲ့ ဗြဟ္မာအသစ်ကလည်း ဟိုဘီးကျဲ ငါ့ရှေ့က အရင်ရောက်နေတာ။ ငါ့ကို ဒီငနဲ ဖန်ဆင်းတာဖြစ်မယ်လို့ထင်သွားတယ်။ နှစ်ယောက်တည်း ထင်ချင်ရာထင်လိုက်ကြတာ။ အဆင်သင့်နေရောပဲ။ တိုက်ဆိုင်လိုက်တာများကွာ။

ထားပါတော့ အဲဒီလိုနဲ့ ဗြဟ္မာအသစ်က သက်တမ်းကုန်သွားတယ်။ အဟောင်းကြီးက သက်တော်ရှည်တယ်။ ဗြဟ္မာအသစ်က လူပြန်ဖြစ်တယ်။ ဈာန်ပြန်ကျင့်တယ်။ ဈာန်ရတယ်။ အဘိဉာဏ်လည်းရတယ်။ ရှေးဘဝကို ပြန်ကြည့်တော့ သူဗြဟ္မာပြည်မှာဖြစ်တယ်ဆိုတာကို မှတ်မိတယ်။ အဲဒီမှာ သူ့ကို ဖန်ဆင်းလိုက်တဲ့ ဗြဟ္မာကြီးလို့ထင်ခဲ့တဲ့အစွဲကို ဆက်ယုံသွားတယ်။ အဲဒီရသေ့ကြီးက တရားဟောတော့ လောကကြီးမှာ ဖန်ဆင်းရှင်ဆိုတာရှိတယ်ဆိုပြီးဖြစ်လာတယ်။ အဲဒီဝါဒဟာ ပေါ့သေးသေးမဟုတ်ဘူး။ ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံမကဘူး ယုံကြတယ်။ ဘာသာမတူရင်မတူဘူး။ တစ်ယောက်ယောက်က ဖန်ဆင်းနေတယ်လို့တော့ ယုံကြတယ်။ သိပ္ပံသမားတွေတောင် ဂြိုဟ်သားက ဖန်ဆင်းထားတယ်ယုံချင်ယုံနေနိုင်တယ်။ ၂၀၁၅ မှာထွက်မယ့် Minion ကားအရတော့ မီနီယွန်တွေက လူမတိုင်ခင်ကရှိခဲ့တာဆိုတော့ ဗြဟ္မာကြီးရဲ့ အမျိုးတွေဖြစ်နိုင်သေးတယ်။

ဖန်ဆင်းရှင်အယူအဆနဲ့ကြည့်လိုက်ရင် ကောင်းကင်ဟာလည်း ဖန်ဆင်းခံအရာဝတ္ထုဖြစ်သွားတယ်။ ဘုရားတွေဆိုတာ အကုန်သိရမယ်။ နေရာတကာလည်းရှိရမယ်။ နေရာတကာရှိရမယ်ဆိုတာ ဘာသာရေးစကားနဲ့တော့ omnipresence ခေါ်တယ်။ ဟုတ်တယ်လေ။ ဘုရားလုပ်နေပြီး ဟိုဟာမသိ၊ဒီဟာမသိဆိုရင် ခက်မယ်။ အဲဒါကြောင့် Bruce Almighty ထဲမှာ God မှာ  စာရွက်တွေထည့်တဲ့ cabinet အရှည်ကြီးရှိတယ်။ နောက်ဆုံးလောလောလတ်လတ်ထွက်ခဲ့တဲ့ Lucy ကားမှာဆိုလည်း သူက နေရာတကာမှာရှိတယ်လို့ပြောတယ်။ လူစီဟာ ဘုရားဖြစ်သွားတာပါလား။ ဒရက်ဂွန်ဘော ကားတွန်းမှာဆိုရင်လည်း စကြဝဠာထဲက အင်အားကြီးတဲ့ ဂိုဏ်းတွေက ချယ်လှယ်တာပဲ။ ဖန်ဆင်းရှင်ကလည်း ချယ်လှယ်တာပဲ။ ဟိန္ဒူဝါဒမှာဆိုရင် လူတွေအားလုံးဟာ ဖန်ဆင်းရှင်ရဲ့စိတ်ကူးတွေလို့ဆိုတယ်။ ဦးနှောက်ဆဲလ်တွေတောင်ဖြစ်ချင်ဖြစ်မယ်။ ဖန်ဆင်းရှင်က အိပ်နေတာဆိုရင် လောကကြီးဟာ သူ့ရဲ့ အိမ်မက်ပဲ။ လူတွေတော်တော်လေးကို တီတီထွင်ထွင် တွေးထားကြတာ။ အဲဒါတွေ တစ်နေ့မှာ နားလည်လာဦးမယ်ထင်တယ်။ Energy cannot be created nor destroyed. ဆိုတာနဲ့ လူတွေရဲ့ အတ္တကောင်လေးမသေဘူးဆိုတာနဲ့က ခပ်ဆင်ဆင်ကိစ္စတွေ။ လူတွေက ဘယ်ကနေပွားနေသလဲဆိုတာကိုတော့ ကြံဖန်ပြောရတယ်။ အရင်က ပုရွက်ဆိတ်တွေ အခု လူဖြစ်လာတာလေ၊ အဲဒီလိုမျိုးပေါ့။ အဲဒါလည်း တော်တော်လေးကို ဆင်ခြင်ကြည့်သင့်တာတွေ။ ဖန်ဆင်းရှင်ဝါဒမှာတော့ ဘုရားတစ်ယောက်တည်းက အကောင်းနဲ့အဆိုးလုပ်ဖို့ခက်တယ်။ ခရစ်ယာန်မှာတော့ လက်ယာလက်နဲ့ ကောင်းချီးပေးပြီး လက်ဝဲဘက်လက်နဲ့ သုတ်သင်ဖယ်ရှားရေးလုပ်တယ်ထင်တယ်။ ဟိန္ဒူတို့၊ ဂရိတို့ကတော့ ဂိုဏ်းဖွဲ့လိုက်တယ်။ ဘုရားကောင်းနဲ့ ဘုရားဆိုးတွေ။ ဗုဒ္ဓဘာသာမှာတော့ မာရ်နတ်ဆိုတာရှိတယ်။ မွတ်ဆလင်က ရှိုက်တန်၊ ခရစ်ယာန်က လူစီဖှာတို့နဲ့ တစ်ကျောင်းထဲထွက်တွေ။

လူဟာ တစ်ခုခုကို ဆင်ခြင်လိုက်ရင် လှိုင်းတွေဖြာထွက်သွားတယ်။ ကုသိုလ်ရှိရင်၊ သူ့ကိုပြည့်စုံစေဖို့ အကုသိုလ်ရှိတယ်။ အကုသိုလ်သမားတွေသွားဖို့လည်း ငရဲဘုံလိုလာတယ်။ ငရဲဘုံဆိုတာလည်း automation လုပ်လို့မရတော့ တရားသူကြီးလိုလာတယ်။ ငရဲထိန်းတို့၊ ငရဲထိန်းရဲ့ ရော့ထ်ဝိုင်လာတို့ လိုလာတယ်။ ကောင်းတဲ့သူတွေ၊ ကုသိုလ်ရှင်တွေသွားဖို့လည်း ဘုံတွေ လိုလာတယ်။ နတ်ပြည်ဆိုတာလည်း အရင်က အရက်သမားတွေအရင်ရောက်နေတာ။ အသူရာဘုံခေါ်တယ်။ မာဃတို့က နောက်မှရောက်တာ။ ဆင်ခြင်ကြည့်ရတာ အရက်သမားတွေက မြင့်ရာမြတ်ရာဘုံ ပိုရောက်လွယ်တယ်ထင်တယ်။ အဲဒီမှာ အသားကုန်သောက်နေကြတာ။ နောက်မှ မာဃက လုပြီး ဘုံလုတယ်တဲ့။ သိကြားမင်းက အတော်စုတ်ပဲ့သွားတာပဲ။ နေစရာမရှိလို့ လူများအိမ်လုရတဲ့သူကို ကျနော်တို့က ဘာလေးစားရမလဲ။ ယုံကြည်မှုတော်တော်များများဟာ ဆင်ခြင်ဉာဏ်ကို စွန့်ခွာပြီး ယုံနေကြတာများတယ်ဆိုတာကို ပြောချင်တာပါ။ ကိုယ့်ဟာကိုယ် ယုံချင်ရာ ယုံတာကိုတော့ အမှား၊အမှန်မပြောလိုပါဘူး။ လောကကြီးထဲမှာ လူတိုင်းမှာ လွတ်လပ်စွာ ယုံကြည်ခွင့်နဲ့၊ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။

ကောင်းကင်ကိုကြည့်လိုက်လို့ အပြာရောင်လှလှမှာ တိမ်လှလှလေးတွေပွင့်နေတဲ့ကိစ္စမှာ တခြားဘာသာရေးအမြင်တွေမရောထွေးဘဲ တည့်တည့် မတ်မတ်၊ ခံစားနားလည်ဖို့ပိုအရေးကြီးတယ်လို့ ပြောချင်တာပါ။ အဲဒါလေးပြောဖို့ ခင်ဗျားကို ကျနော် ဘုရားတွေအကြောင်းဘက်ကနေ ပတ်ခေါ်လာခဲ့ရတာပါ။



အစာအိမ်ကမကောင်းတော့ဘူး။ ထမင်းစားရင် အစာမကြေဘူး။ ဝါးစားရမှာလည်းပျင်းတော့ ကျေအောင်လည်း ဝါးစားလေ့မရှိဘူး။ ဆန်ပြုတ်သောက်ရင်သောက်၊ မသောက်ရင် တိုရှည်တို့၊ နံပြားတို့စားတယ်။ ထောပတ်နံပြားပုံရိုက်ထားတာတွေ့တော့ နံပြားအကြောင်းဘက်ကို တွေးမိပြန်တယ်။ စိတ်က ပြောင်းရရွေ့ရလွယ်ပါတယ်။ နံပြားဆိုတာ နန်းကနေလာတာပဲ။ naan ။ မြန်မာတွေက ပြားနေရင် ပြားထည့်တယ်။ လုံးနေရင်လုံးထည့်တယ်။ Mug ဆိုတာတောင် Mug ကို မက်ဆိုရင်မပြည့်စုံသေးဘူး။ မက်ခွက်လို့ခေါ်တယ်။ ခွက်မဟုတ်လား။ ခွက်ပါရမယ်လေ။ ပူရီကိုတော့ ပူရီကြော်လို့မခေါ်ဘူး။ ပူရီပဲခေါ်တယ်။ ဒါတောင် potato ကို ကုလားတွေက arloo လို့ခေါ်တော့ အာလူးပူရီဆိုပြီး အပိုလေးထည့်လိုက်သေးတယ်။ ပူရီကို အသားနဲ့စားရင်လည်း အာလူးဟင်းရည်တော့ ပေးကြတာများပါတယ်။ အာလူးပူရီလို့မှာစရာတော့မလိုဘူး။ thosai ကိုတော့ေဿာ်ဆယ်လို့ မခေါ်တတ်တော့ မြန်မာလို သော်ဆယ်၊ သိုဆယ်၊ သိုရှည်၊ တိုရှည်ဆိုပြီးလုပ်လိုက်တာပဲ။ ကျနော်တို့အိမ်နောက်ဘက်မှာတော့ ကုလားရပ်ကွက်ရှိတယ်။ေဿာ်ဆယ်လို့မှာရင် နားလည်တယ်။ ချပါတီကျတော့ အသံထွက်မခက်ဘူး။ ချပါတီပဲထားလိုက်တယ်။ ပရာတာကြမှ ရာကခက်တယ်။ လာပြောင်းလိုက်ဆိုပြီး ပလာတာလုပ်လိုက်တယ်။ စမိုဆာလည်း မိုမနေတဲ့ မူလိုက်တာကောင်းတယ်။ စမူဆာဖြစ်သွားတယ်။ You tiao ကိုတော့ ကန်တုံနိစ်တွေလို yàuhjagwái    ခေါ်ရတာ လျှာယားတာနဲ့ အီကြာကွေးလုပ်ပစ်လိုက်တယ်။ ပိုင်ချက်။ လုပ်နည်းကိုင်နည်းတွေလည်း နည်းနည်းပြောင်းလိုက်တယ်။ အထူးသဖြင့် နံပြားမှာ အပါးလုပ်လိုက်တာ။ အပါး၊အကြွပ်ဖြစ်သွားတယ်။ အိန္ဒိယတွေရဲ့ Naan ကတော့ နည်းနည်းလေးထူးတယ်။ နည်းနည်းပျော့့တယ်။ ပေါင်မုန့်ဆန်တယ်။ အထူနဲ့အပါးပြဿနာက အနံ့ပြောင်းသွားတာပဲ။ နည်းနည်းထူတော့ နံပြားရဲ့ မွေးရနံ့က ပိုပြီး တသင်းသင်းမွှေးနေတယ်။ ထောပတ်လေး ခပ်ပါးပါးသုတ်ထားရင် ချစ်သူရဲ့ကိုယ်သင်းနံ့နဲ့ စံပယ်ရနံ့ပြီးရင် တတိယမြောက် စွဲဆောင်မှုအရှိဆုံးဖြစ်လာတာပဲ။ နံပြားစားတယ်ဆိုတာ ပေါ့ပေါ့ဆဆစားလို့မဖြစ်ဘူး။ သေသေချာချာ ခံစားပြီး အနုပညာမြောက်အောင်စားကြရမယ်။ မြန်မာလူမျိုးဟာ အစားအသောက်မြန်တယ်။ ဇိမ်လေးနဲ့အေးအေးစားတတ်ဖို့မလွယ်ဘူး။ ခေတ်ကြောင့်။ အဘိုး၊အဖွားတွေက ဂျပန်ခေတ်၊အင်္ဂလိပ်ခေတ်မှာ ပြေးလွှားခဲ့တော့ စားပုံသောက်ပုံက မီးလန့်လို့ ပြေးခါနီး စားသလိုတွေဖြစ်နေတယ်။ အဟောင်းအစုတ်တွေ ပြန်သုံးဖို့ သိမ်းထားတာကလည်း အဲဒါတွေကြောင့်ပဲ။ ရှေးကတော့ အဲဒါက အရေးကြီးတာပေါ့။ အခုခေတ်မှာတော့ ဒါတွေ မလိုတော့ဘူး။ ဖြည်းဖြည်းစားကြပါ။ စားသောက်တာမှာ အနုပညာရှိတယ်။ လူကြီးလူကောင်းတွေ အစာကို အေးအေးပဲစားတယ်။ စားနေသောက်နေတုန်း စိတ်ညစ်စရာ၊စိတ်လေစရာတွေမပြောနဲ့။ ငြိမ်းငြိမ်းချမ်းချမ်းလေးစားကြသောက်ကြပါ။ ဝေဒနာဟောင်းသစ်၊မဖြစ်စေရာ ယာပိုဒ်မျှလစ် ၊ ခပ်သိမ်းပြစ်ကို မဖြစ်ရအောင် ချမ်းမြေ့အောင်ဆိုပြီး သုံးဆောင်ကြပါ။


မှောင်တဲ့လောကမှာ အလင်းရောက်လာတာလှတယ်။ အဲဒါကို တခြားသူတွေ သိပ်သဘောမပေါက်ကြဘူး။ ဦးလှိုင်ကတော့ လက်နှိပ်ဓာတ်မီးထိုးပြီးရေးတယ်ဆိုလား၊ ကဗျာ စာအုပ်တစ်အုပ်ထုတ်တယ်။ အလင်းကိုစောင့်ခဲ့ကြရတာ။ ကမ္ဘာကြီးသာ မှောင်သွားရင် အေးခဲသေကုန်ကြမှာပဲ။ တော်တော်ကြောက်စရာကောင်းတယ်။ အဲဒါလေးတွေးမိတော့ မနက်ခင်း အလင်းကို ပိုချစ်ခင်မိလာတာပဲ။ ဇနီးသည်ကတော့ ထုတ်မပြောတတ်ပေမယ့် သဘာဝတရားကို နားလည်တယ်။ တိမ်တွေကို သဘောကျပုံရတယ်။ ဦးသိန်းဇော်ရဲ့ ကိုယ့်မှာ တရားနဲ့ဖြေရတယ်ဆိုတာကို သူတောင် အလွတ်ရနေပြီ။


အလင်းပေါက်တိမ်တွေ။ ရေငွေ့ထဲမှာ အလင်းဟာ အိမ်ဖွဲ့နေတယ်။ တိမ်တွေဟာ ပင့်ကူအိမ်ဆို အလင်းဟာမိနေတဲ့ ပိုးကောင်ပဲ။ သူ့ကို ကြာကြာဖမ်းထားလို့မရပေမယ့် အခုတော့ မိနေသေးတယ်။


ရာဖဲလ်အရပ်က ငှက်တွေ။ ညနေစောင်းမှာ ပျံတက်သွားတယ်။ တစ်ချိန်ကြရင် ဒါဟာ လွမ်းစရာတစ်ခုဖြစ်နေတော့မှာပဲ။ ဟိုဘက်လမ်းမှာက SMRT ရုံး။


စင်ကာပူမှာက လူတွေက တိမ်တွေကို ငေးကြည့်ဖို့ သတိမထားတော့တာပဲ။ သတိထားထား၊ မထားထားပါ။ တိမ်တွေက မစိမ်းကားပါဘူး။ သူ့အလှသိုဝှက်ပြီး ဂုဏ်မောက်မနေပါဘူး။ အရှိအတိုင်းလှနေတာပါပဲ။ ကြည်စင်တဲ့ကောင်းကင်မှာ မိုးပွင့်ဖြူတွေ။ သမ္မာကျမ်းစာမှာတော့ မြင့်မြတ်တဲ့သူတွေရဲ့ မျက်နှာကို မိုးပွင့်လိုဖြူတယ်လို့ ရူပကအလင်္ကာသုံးတယ်။


တိမ်ပင်လယ်ကြီးတစ်ခု။ ငါးတွေရေထဲမှာကူးသလို၊ ငှက်တွေ တိမ်ထဲမှာကူးတယ်။ ဒိုင်မင်းရှင်းမတူရင် အမြင်မတူဘူး။ တိမ်ကို ငုံ့ကြည့်ရတဲ့ ခံစားချက်နဲ့ မော့ကြည့်ရတဲ့ ခံစားချက်လည်းမတူဘူး။  တိမ်တွေဟာ ရုံးသွားဖော်လည်းဖြစ်တယ်။ အားလပ်ရက်တွေမှာ ခရီးဖော်၊ ပျော်ပွဲစားထွက်တော့ သူဟာ ထီးလှလှလေးတစ်လက်။


လူတွေဆောက်တဲ့အလှတရားနဲ့ သဘာဝတရားရဲ့ အလှတရား။ သဘာဝတရားဟာ အကန့်အသတ်မဲ့မှုထဲမှာ ကျယ်ကျယ်ပြန့်ပြန့်တည်ဆောက်တယ်။


လူတွေ အိပ်ရေးမဝတဲ့အချိန်မှာ တိမ်တွေက အပြေးလေ့ကျင့်နေပြီ။


အလင်းရောင်မှာ စွမ်းအင်တွေရှိတယ်။ အလင်းဟာ လင်းချင်းတောက်ပမှုနဲ့ သူ့အလှကိုပြတယ်။ စကားလုံးမပါဘဲ ချစ်တဲ့စိတ်ကလေးတစ်ခုနဲ့ အလင်းကို ငေးကြည့်နေတဲ့စိတ်ဟာ လှတာပဲ။ မြစ်တစ်မြစ်ကရေကို နှစ်ခါမချိုးနိုင်ဘူးဆိုရင် အလင်းတရားရဲ့အလှကို နှစ်ခါပြန်ကြည့်ခွင့် မရနိုင်ဘူးဆိုရမယ်။ သူ့ရဲ့ အရှိန်ဟာ ပြောင်းလဲနေတယ်။ မြစ်ရေစီးနေသလို၊ အလင်းရောင်ဟာလည်း စီးဆင်းနေတယ်။ မိုင်ပေါင်း ၉၃ သန်းကို လျှောက်လာခဲ့ပေမယ့် ညောင်းညာပုံမပေါ်တဲ့ ခရီးသွားတစ်ယောက်။

မမြင်ရပေမယ့် အပေါ်မှာ သူတို့တွေရှိနေတယ်။ အဲဒီမှာ တိတ်ဆိတ်နေတယ်။ ပေါ့ပါးနေတယ်။ လွတ်လပ်နေတယ်။ အနှောင်အတွယ်ကင်းနေတယ်။ ကောင်းကင်အမြင့်က တိမ်တွေနဲ့ စိတ်ရဲ့အနက်အရှိုင်းက ပီတိဟာ ခပ်ဆင်ဆင်ပဲ။ သိပ်လှတယ်။ သိပ်ရိုးရှင်းတယ်။ တန်ဖိုးမဖြတ်နိုင်ဘူး။


Regards,
Z

ဒါ့ပုံဆှာအား ကျေးဇူးတင်ပါသည်။

နာရီတွေရပ်တန့်သွားပြီ။

$
0
0
နာရီတွေရပ်တန့်သွားပြီ။

အချိန်နည်းနည်းလောက်ကြာတော ဘဝမှာ နေသားပြန်ကျသွားတယ်။
တစ်နာရီကြာလမ်းလျှောက်တယ်။
၃ နာရီခွဲ ကြာအောင် လမ်းလျှောက်တယ်။
၂ နာရီ ကြာအောင် လမ်းလျှောက်တယ်။

လမ်းလျှောက်ခြင်းဟာ မှတ်ဉာဏ်တွေကို ဖုန်ခါပေးသလိုမျိုးပဲ။ ရည်ရွယ်ချက်မဲ့နေထိုင်ခြင်းဟာ လွတ်လပ်ခြင်းဘက်ကိုသွားတယ်။ လူဟာ အောင်မြင်တဲ့သူပြောမှ အဟုတ်ထင်ကြတာမျိုး။ လိုအပ်မှုတွေ နည်းသွားရင် ကြွယ်ဝတဲ့စိတ်လေးဖြစ်လာတာပဲ။ ချမ်းသာမှုဆိုတာ ပိုင်ဆိုင်မှုပမာဏမဟုတ်ဘဲ မလိုချင်မှု ပမာဏလည်း ဖြစ်နိုင်တယ်။ စိတ်ချမ်းသာမှုရှိနေတဲ့သူဟာ ဘယ်ချမ်းသာမှမလိုချင်တော့ဘူး။

ရဌပါလဟာ ကာမဂုဏ် အာရုံခံစားခြင်းဟာ ဝဲစိုနာကို မီးကင်နေတာလို့ သိလိုက်ရတဲ့အချိန်မှာ လက်ထပ်ပြီးကာစ မိန်းမလေးယောက်နဲ့အတူ ကြွယ်ဝမှုကို စွန့်ပြီး ရဟန်းပြုသွားတာပဲ။ သူ့အပြောကတော့ လောကကြီးဟာ မတည်မြဲဘူး။ လောကကြီးဟာ လျော့နေတယ်။ များများရတာကို များများထပ်ရှာနေလည်း လျော့မြဲတရားဟာ လျော့မြဲလျော့နေတယ်။ ခန္ဓာကြီးဟာ ကိုယ့်လောကပဲ။ သူလည်း လျော့နေတယ်။ လျော့နေတာမှ နေ့တိုင်းပဲ။ အသက်ကြီးလာတယ်။ ရောဂါထူပြောလာတယ်။ လျော့နေတာပဲ။ အရင်လိုမကောင်းတော့တာ လျော့သွားတာပဲ။

စေတနာသည် ကံ။ ဒါန၊သီလ၊ဘာဝနာပြုဖို့ စေတနာက လှုံ့ဆော်လိုက်တာပဲ။ စေတနာဟာ ပြုသူပဲ။ စေတနာလုပ်တာကို ငါလုပ်တယ်မမှတ်သင့်ဘူး။ ဝေဒနာက ခံစားမှာပဲ။ ဝေဒနာခံစားတာ ငါခံစားတာမဟုတ်ဘူး။ စေတနာနဲ့လုပ်လိုက်ပြီဆိုရင် ဝိပါက ဖြစ်တာပဲ။ အားလုံးဟာ သူ့အစဉ်လေးနဲ့သူပဲ။ သူ့ဟာသူပြည့်စုံတဲ့ အလှတရား။ အဲဒီအလှတရားထဲ ငါတွေ၊ သူတွေ မရောထွေးရင် ငြိမ်းချမ်းတာပါပဲ။

လမ်းလျှောက်ရင်း အဟိံသက အကြောင်းတွေးမိတယ်။ ဗုဒ္ဓရဲ့ ငါဟာ ရပ်နေတဲ့သူ။ သင်သာ ပြေးနေတဲ့သူ။ တစ်သံသရာလုံးလည်းပြေးပြီးပြီ။ အခုလည်း ပြေးနေတုန်းပဲ။ နောက်လည်း ပြေးနေရဦးမယ်ဆိုတဲ့ စကားသံကို ကြားလာတယ်။ လက်ညှိုးပန်းကုံးဆွဲသူ အင်္ဂုလိမာလ ဖြစ်သွားတဲ့ အဟိံသကတွေသွားတယ်။ လိုက်မမီတဲ့ ရဟန်းကြီးက သူရပ်နေပြီ၊ ငါသာ အပြေးသမားတဲ့။ အဲဒီအတွေးလေးတစ်ချက်ဟာ ပါရမီကြီးရင့်တဲ့ အင်္ဂုလိမာလကို တွေသွားစေတယ်။ တစ်ခြား အပြေးသမားတွေကိုလည်း တွေသွားစေတယ်။ ငါတို့လည်း တွေသွားတယ်။

ရှာမီးခြင်းဟာ လောဘနဲ့စတင်တယ်။ လောဘနဲ့ရှာမီးလို့ရလာရင် မပေးချင်တဲ့စိတ်နဲ့တွန့်တိုတယ်။ တွန့်တိုနေရက်နဲ့ ကုန်သွားရင် ဒေါသဖြစ်တယ်။ ဒေါသဖြစ်နေရက်နဲ့ ပြန်မရတော့ရင် ဝမ်းနည်းတယ်။ ဒါနဟာ ရှာမီးခြင်းရဲ့အစမှာ လောဘကပ်ငြိမှုကို ပယ်သတ်တယ်။ ကုသိုလ်ဟာ ကပ်ငြိမှုတွေကို ပယ်ရှင်းပေးတယ်။ ဘဏ်ထဲမှာသိမ်းထားလည်း ဘဏ်ဒေဝါလီခံရင် မွဲတာပဲ။ အာရှဓန၊မေဖလားဝါး သွားနှင့်ပြီးပြီ။ လတ်တလော အမြတ်များများရတဲ့ အလုပ်ထဲထည့်ထားဦးမလား။ ကုန်သွားတတ်တာပဲ။ မဟာဓနံ၊ သစ္စာပန်းခင်း၊ ဧရာမြေ ကြုံခဲ့ဖူးပြီ။ ဒါပေမယ့် ငယ်တုန်းက လှူခဲ့တဲ့ တစ်ဆယ်တန်လေးတစ်ရွက်ရဲ့ ဒါနကုသိုလ်၊ အခုအထိနှလုံးသားထဲမှာရှိနေသေးတယ်။ နေပူထဲမှာ ရေငတ်နေတဲ့သူတွေ သောက်သွားဖို့ ရေအိုးစင်လေးရဲ့ ကုသိုလ် အခုအထိ အေးမြနေတုန်း။ ကုသိုလ်တရားရဲ့ ရနံ့ကို ခိုးယူသွားလို့မရဘူး။ ကုသိုလ်ဘဏ်တိုက်ကြီးက ဘယ်တော့မှ ဒေဝါလီမခံပါဘူး။ စိတ်ထဲမှာ တစ်ချက်တွေးလိုက်၊ တစ်ချက်လင်းလိုက်ရှိနေတာ။ သေချာတဲ့စုဆောင်းမှုတွေ။

လောကကြီးထဲမှာ ကိုယ့်တစ်ယောက်တည်းအတွက် နေသွားရင် သိပ်ကျဉ်းမြောင်းတဲ့နေထိုင်မှုပဲ။ ဒါကို သေချာဆင်ခြင်ကြပါ။ ကိုယ်နေတဲ့လောကမှာ သစ်ပင်တွေဟာ အရိပ်ကိုပေးတယ်။ သီးသမျှဟာ တခြားသူတွေအဖို့ပဲ။ နွားမဟာ နွားနို့ကိုပေးတယ်။ တခြားသူတွေအဖို့ပဲ။ နွားတွေ၊ကျွဲတွေဟာ ပခုံးပွန်းအောင်တစ်သက်လုံးရုန်းပြီး၊ သေတော့ အသားကိုပေးခဲ့သေးတယ်။ သူတို့လောက်ပေးတတ်ပြီလား။ ပေးနိုင်ပြီလား။ လောကကြီးမှာ လူဟာ တာဝန်အရှိဆုံး သတ္တဝါပဲ။ မိမိရဲ့ အသိဉာဏ်ကို အလွဲသုံးစားမလုပ်သင့်ဘူး။ အဆင့်မြင့်တဲ့အသိကို ရထားသူဟာ နှိမ့်ချရမယ်။ မနှိမ့်ချနိုင်သေးရင် ပိုအဖိုးတန်တဲ့အသိကို မရနိုင်တော့ဘူး။

တန်ဖိုးရှိတာနဲ့ တန်ဖိုးမရှိတာနှစ်ခုယှဉ်ရင် ဘယ်ဟာကို အရင်စုဆောင်းမလဲ။ တန်ဖိုးရှိတာချင်းအတူတူ ပိုတန်ဖိုးကြီးတာကို အရင်ရအောင် ကြိုးစားရမှာပဲ။ လောကမှာ နေတတ်ထိုင်တတ်ဖို့ ယောနိသောမနသီကာရလိုတယ်။ မေတ္တာတရားနဲ့ ခန္တီလိုတယ်။ ဒါတွေမရှိရင် ဘဝဟာ ခြောက်သွေ့သွားမယ်။ မှားသွားရင်လည်း မပြင်နိုင်တော့ဘူး။ ပြင်ဖို့ဆိုတာ မာနကို လျော့ရမယ်။ မာနကို လျော့ဖို့ဆိုတာ သိပ်ခက်တယ်။ လူဟာ မွေးလာကတည်းက မာနမှာ တည်ဆောက်ထားတာပဲ။ လူ့ဂုဏ်သိက္ခာဟာ မာနမှာ မြစ်ဖျားခံတာ။ မာနကို လျော့ရရင် လူက စိတ်ကျသွားတတ်တယ်။ မာနကို အလျော့မှာ တစ်ခုခုဖြည့်ရမယ်။ အသင့်အတင့်နှလုံးသွင်းမှုကိုဖြည့်ရမယ်။ ချစ်တဲ့ခင်တဲ့သူတွေနဲ့ အဆင်ပြေအောင်နေ။ ဒီနေ့ရှိနေသေးပေမယ့် နောက်နေ့ ရှိချင်မှရှိတော့မယ်။ မသေခင် အဆင်ပြေပြေနေတာ သေမှ ငိုတာထက်တော့ ပိုကောင်းတယ်။

လူသားဟာ အင်မတန် အသိဉာဏ်ကြီးတယ်။ အဲဒီအသိဉာဏ်နဲ့ မှားလိုက်ရင် တော်တော်ကြီးကျယ်တဲ့ အမှားတွေ ဖြစ်သွားတတ်တယ်။ အဲဒီလိုမဖြစ်ဖို့ တော်တော်သတိထားရတယ်။ အသိဉာဏ်ဟာ ဆင်ခြေတွေကို တည်ဆောက်တယ်။ ယုတ္တိဗေဒကိုတည်ဆောက်တယ်။ အဲဒီလိုတည်ဆောက်လေလေ ကိုယ့်ရဲ့ အစစ်အမှန်တရားနဲ့ဝေးလေလေ ဖြစ်လာတာပဲ။ မာနကို အောက်ချရမှာ တော်တော်ဆိုးပါတယ်။ ဒီထက်ဆိုးတာက မာနကြောင့် မှားနေတဲ့ အမှားမပြင်နိုင်တော့တာပဲ။

ကောင်းတဲ့အလုပ်ကိုတောင်မှ လွတ်လပ်တဲ့စိတ်နဲ့လုပ်နိုင်မှ ကောင်းတယ်လို့ထင်ပါတယ်။ ဘာသာရေးထက် ပိုအရေးကြီးတာက အတွင်းစိတ်ရဲ့ ယဉ်ကျေးမှုပါပဲ။ သီလဟာ လောကရဲ့ လူသားစည်းကမ်းတွေပါပဲ။ သီလရှိတဲ့သူဟာ ဘယ်ဘာသာကိုးကွယ်၊ကိုးကွယ် လူ့ဂုဏ်သိက္ခာမြင့်မားတဲ့သူပါပဲ။ အချိန်တွေက ကုန်သွားမှာပါ။ ကုန်သွားတဲ့အချိန်တွေမှာ အသိတရားတစ်ခုခု ကျန်ရစ်တယ်ဆိုရင် လှပတဲ့ အချိန်ကုန်ခြင်းဖြစ်မှာပါ။ ကိုယ့်စိတ်ကိုယ်ပြင်ဖို့ကြိုးစားတာ လူ့ဘဝမှ အလှပဆုံးအလုပ်တစ်ခုလို့ထင်ပါတယ်။ ကျန်တာတွေက ဒီလောက် အရေးမကြီးဘူး။ စိတ်ထားလှဖို့ အရေးကြီးတယ်။ လှပတဲ့စိတ်ထားနဲ့ လုပ်လိုက်တဲ့ လုပ်ရပ်တိုင်းဟာ လှပတာပါပဲ။ ဒါကို ဘယ်သူသိသိမသိသိ၊ ကိုယ့်စိတ်ကိုယ်သိပါတယ်။

ငြိမ်းချမ်းမှုဆိုတာ မငြိမ်းချမ်းမှုတွေ ကင်းနေတဲ့စိတ်ရဲ့ အလင်းရောင်ပါပဲ။

လရောင်အောက်မှာ ပွင့်နေတဲ့ကြာပန်းဟာ ... လရောင်ကို နှလုံးသားနဲ့ နားလည်ခဲ့သူ အစစ်ပါပဲ။

လှပမှုမှာ စကားလုံးမလိုအပ်ဘူး။

ငြိမ်းချမ်းမှုရဲ့ အလှတရားကို ငြိမ်းချမ်းတဲ့စိတ်က သိပြီး ဝေဒနာက ခံစားလိမ့်မယ်။

Regards,
Z

အကြိမ်ကြိမ်ငြိတွယ်ရှုပ်ထွေး

$
0
0
အကြိမ်ကြိမ်ငြိတွယ်ရှုပ်ထွေး

တိမ်ရေးရုပ်များ။ ထိုမှတစ်ဆင့် ထပ်မံသယ်ဆောင်သွားခဲ့သော လှိုင်းများ။ မဟာဒီလှိုင်းနှင့် မိမိကိုယ်ကို အောင်နိုင်ခြင်းများ။ သမုဒ္ဒရာလေးစင်းမက မျက်ရည်များ။ ရယ်သံများ။ အတုအယောင်များ။ Slipknot ၏ The Devil in I မှ ဒရမ်သံများကို ကြားလာရသလိုရှိသည်။

ရော့ခ်ဂီတ၏ ခြောက်လှန့်မှု။ နေ့စွဲတိုင်းဟာ အတုအယောင်များသာ။ ထင်ယောင်မှုများဖြင့် တကယ်မရရှိသော မေတ္တာတရား၏ ချောက်ထဲ မတော်တဆချော်ကျသွားမှုသည် ဖတ်ခဲ့ဖူးပြီးသား ပုံပြင်တစ်ပုဒ်ဖြစ်နေသည်။ မင်းဟာ ပုံပြောကောင်းသူတစ်ယောက်မဟုတ်လားဟူသော စာကြောင်းတစ်ခုကို မျဉ်းအဝါတားထားလိုက်သည်။ ဒရမ်သံများသည် လက်နှင့်ခြေတို့ဖြင့် ပြုလုပ်ထားသော စစ်ပွဲအသေးစားလေး တစ်ခုဖြစ်သည်။

ဆက်သွယ်မှုဧရိယာပြင်ပတွင် နေထိုင်သူနှစ်ယောက်သည် အဆက်အသွယ်မရှိကြပါ။ မိမိ၏ ပျော်ရွှင်မှုကို ရောင်းကုန်တစ်ခုပမာ လှလှပပထုတ်ပိုးထားရန် ပျင်းရိလွန်းပါသည်။ အသေးစားနောက်ပြောင်မှုလေးတစ်ခုအဖြစ်သာ လောကတွင်နေထိုင်သွားသည်။ ခြေချောင်းများ တစ်ချောင်းစီဖြုတ်ခံနေရသော ဂဏန်းတစ်ကောင်၏ မိမိဘဝ မိမိ နားမလည်နိုင်ခဲ့ခြင်းများနှင့် ခပ်ဆင်ဆင်တူသော ညနေခင်းများတွင် ပုစွန်ဆီရောင်သမ်းသော နေလုံးကို ငေးကြည့်ရန် ကမ်းခြေသို့ တစ်နာရီခန့် လမ်းလျှောက်သွားပါသည်။ တစ်နေ့တာ၏ ကျဆုံးခန်းများသည် ခမ်းနားမှုရှိပါသည်။ အောင်မြင်ခြင်းများကို ပင်လယ်ထဲ ငုပ်လျှိုးစေခဲ့သော အရာကို ကံကြမ္မာ အနည်းငယ် အလင်းအမှောင်ပေးထားသော ပြဇာတ်ဟုသာ ယူဆရလိမ့်မည်ထင်သည်။

ပျော်ရွှင်စရာကောင်းမည်ဟု ယူဆသောကြောင့် အပျော်တမ်းကစားနည်းများကို ကစားခဲ့ကြပါသည်။ ထို့အတွက် နောင်တမရခဲ့ပါ။ လောကသည် တိုတောင်းလွန်းသောကြောင့် နောင်တများများ ရလျှင် အချိန်ကုန်လွန်းသည်။ မိမိဘဝကို မိမိ၏ အသိဉာဏ်မှ အပ အခြားအရာများနှင့် တည်ဆောက်ရန် စဉ်းစားမိခြင်းပင် မရှိပါ။ အလွန်သေးဖွဲသော ကိစ္စလေးတစ်ခုအတွက်၊ စကားလေးတစ်ခွန်းအတွက်နှင့် မိမိတို့၏ ဘဝလမ်းကြောင်းများကို ပြောင်းလဲပစ်ခဲ့ကြပါသည်။ လူသည် ဆတ်ဆတ်ထိမခံနိုင်သော အရာများဖြင့်ဖွဲ့စည်းထားသော အစိုင်အခဲတစ်ခုဖြစ်ပါသည်။

ဆောင်းရာသီ၏ အေးမြမှုထဲတွင် ဆေးလိပ်ငွေ့များရောထွေးပါဝင်နေသည်။ ထမင်းရှာစားသော အတတ်အတွက် အချိန်များစွာပေးနေရသော ရှင်သန်မှုသည် အခါးရောင်ကဲလွန်းနေသည်။ လူသည် လူသားအဖြစ်မှ လျှောကျသွားပြီ။ မိမိ၏ ရှင်သန်မှုကို စွန့်လွှတ်လိုက်သူများသာ များလာသည်။ ပိုင်ဆိုင်ခြင်းသည် shuffle repeat လုပ်ထားသော စီဒီတစ်ချပ်သာဖြစ်ပါသည်။ မဆုံးနိုင်သော ကျပန်းဖြစ်စဉ်တစ်ခု၏ တဝဲလည်လည်ဖြစ်နေမှုသာဖြစ်သည်။ ကြားဖူးနားဝသီချင်းတစ်ပုဒ်မှာ လိုနေဆဲ ဟုအမည်ရသော ပြင်သစ်တေးသွားတစ်ခုဖြစ်မည်ထင်သည်။

Have you ever see the rain ဆိုနေသော Rod Stewart ၏ အသံနောက်မှ ခပ်အုပ်အုပ်ထွက်လာသော ဂစ်တာသံလေးများကို နားထောင်နေသည်။ စမ်းချောင်းလေးသည် ရေစီးသံလွင်လွင် ထွက်ပေါ်နေသည်။ မိုးရေစက်များသည် စမ်းချောင်းတွင်းသို့ ခုန်ဆင်းသွားချိန်တွင် ပြင်းထန်သော ထိခိုက်မှုတစ်ချက်ဖြစ်သွားခဲ့သည်။ ဖဿရှိလျှင် ဝေဒနာရှိမည်ဟုထင်ပါသည်။ စမ်းချောင်းလေး၏ ဝေဒနာသည် စီးဆင်းမှုထဲ စီးမျောသွားလိမ့်မည်ထင်သည်။

Eric Clapton ၏ Wonderful Tonight သီချင်း၏ အစသည် အမြဲတမ်း ဝမ်းနည်းစရာကောင်းနေခဲ့သည်။ နှစ်ယောက်အတူနားထောင်ခဲ့သော သီချင်းတိုင်းသည် တစ်ယောက်တည်း နားထောင်ချိန်များတွင် ဝမ်းနည်းစရာကောင်းနေခဲ့သည်ထင်သည်။ ဘဝတစ်လျှောက်လုံး အတူမလိုက်နိုင်သူများနှင့် သီချင်းတစ်ပုဒ် အတူနားမထောင်ရန် ဆိုသည့်အချက်ကို ကျွန်ုပ်၏ သံသရာခရီးသွားမှတ်တမ်းတွင် သေရာပါမှင်နီဖြင့် လေးနက်စွာ ရေးမှတ်ထားလိုက်သည်။

Tears in Heaven ကို နားထောင်လိုက်လျှင်  Beyond the door, there's peace ဆိုသည့်နေရာတွင် နည်းနည်းလောက်ခံစားရနိုင်သည်။ တံခါးနောက်မှာရှိနေတဲ့ ငြိမ်းချမ်းမှုဟာ ဘယ်လိုမျိုးလဲ။ ကောင်းကင်ဘုံမှာ မျက်ရည်မရှိဘူးဆိုတာတော့ ဟုတ်လိမ့်မည်။ မြင့်မြတ်တဲ့နေရာမှာ ဝမ်းနည်းမှုမရှိကောင်းဘူး။ မျက်ရည်ဟာ စေတသိက်နဲ့ခွဲရင် ဒေါသစေတသိက်ပဲ။ ကောင်းကင်ဘုံမှာ လူတိုင်းဟာ အောင်ပွဲခံနေမှာပဲ။ လုပ်စရာအထွေအထူးမရှိလောက်ဘူး။ စိတ်ဆန်းကြယ်သလောက် ဆန်းပြားခွင့်ရှိသည့် ဘုံဘဝများ။ အသစ်သောသီချင်းများ။ ဗျပ်စောင်းသံများ။

Cold Play၏ Yellow သီချင်းတစ်ပုဒ်ထဲကို Maxell CD တစ်ချပ်အပြည့်ကူးထည့်ထားသော ချာတိတ်တစ်ယောက်အတွက် လိုအပ်ချက်များများရှိမနေခဲ့ပါ။ စံပယ်ပန်းလေးတစ်ပွင့် ဘယ်အချိန်ပွင့်သွားသလဲသိဖို့ တစ်ညလုံးထိုင်ကြည့်နေခဲ့ဖူးသည်။ လရောင်သည် တစ်ခါတစ်ရံ အဖြူရောင်အဆင်းရှိသည့် ညင်သာသော တို့ထိမှုဖြစ်ဟန်တူသည်။ အလန့်တကြားပွင့်လိုက်သည့် စံပယ်ပွင့်လေးအတွက် လရောင်၏ တို့ထိမှုသည် ဖဿဖြစ်သည်။ ဖဿပစ္စယာ ဝေဒနာဖြစ်မည်။ စံပယ်ပွင့်လေး၏ ဝေဒနာသည် မွှေးရနံ့ဖြစ်ပါသည်။ လေးနက်စွာ လည်ပတ်နေသော ပဋိစ္စသမုပ္ပါဒ်တရားသည် လွမ်းဆွတ်ခြင်း၌ ထွက်ပေါက်မဲ့နေသည်။ စံပယ်ရနံ့စိုစွတ်သော စိတ်သည် လွမ်းဆွတ်ခြင်းတွင် မွေ့လျော်နေသည်။

စိုလက်နေသော အဝါရောင် ငှက်ကလေးတစ်ကောင်၏ နူးညံ့သောတေးသံသည် ကြယ်ကြွေညများကို ပြည့်စုံစေခဲ့ပါသည်။

အစစအရာရာအတွက် ကျေးဇူးတင်ပါသည်ဟု ပြောလိုက်ရန် ငှက်ကလေး၏ တည်ရှိ နားခိုချိန်သည် တိုတောင်းလွန်းခဲ့သည်။

မရေးဖြစ်ခဲ့သော သီချင်းတစ်ပုဒ်ရှိလျှင် ထိုသီချင်းသည်  အဝါရောင်စိုစွတ်မှုသာဖြစ်လိမ့်မည်။     ။

Regards,
Z

Baymax

$
0
0
Baymax

ဟာ ကျန်းမာရေး စောင့်ရှောက်တယ်။
လူတွေရဲ့ နာကျင်မှုနဲ့ activate ဖြစ်တယ်။ လောကကြီးကို စောင့်ရှောက်တဲ့ စက်ရုပ်လေး။

သူ့ရဲ့တီထွင်သူက မီးလောင်မှုမှာဆုံးသွားတယ်။
Baymax ကျန်ရစ်တယ်။

Baymax မှာ အဖြူရောင်နှလုံးသားနဲ့ ဆေးကုသတဲ့ chip တစ်ခုရှိတယ်။

Ninjutsu လေ့လာတယ်။ အမှန်တရားဘက်မှာရပ်တည်တယ်။

သူ့ကို အဆင့်မြှင့်တယ်။ version 2.0။ ပျံသန်းနိုင်တယ်။ ဘတ်ထရီသက်တမ်းပိုရှည်တယ်။ လူတွေကို စိတ်ချမ်းသာစေချင်တဲ့ စက်ရုပ်လေး။

သူက လောကကြီးအတွက် ရိုးသားလွန်းခဲ့တယ်။

ဆန်းပြားတဲ့လောကကြီးမှာ ရိုးရှင်းစွာနေဖို့ခက်တယ်။

Baymax ဟာ အသက်စွန့်ကယ်တင်တယ်။ သူ့ဘဝမှာ လူတွေ စိတ်ကျေနပ်မှုရဖို့ကို ဂရုစိုက်တယ်။ 

Baymax ဟာ ဝမ်းနည်းရင်ငိုချလိုက်ဖို့ အားပေးတယ်။

သူ့ရဲ့စောင့်ရှောက်မှုကို ကျေနပ်ပါတယ်လို့ မပြောမချင်း သူဟာ အနားမယူနိုင်ဘူး။

လောကကြီးမှာ လူတွေ နည်းနည်းလျှော့ပြီး Baymax တွေများများထားရမယ်။

Tumblr က သယ်လာတဲ့ အရုပ်လေး။




မနေ့ညလေဆိပ်ကနေ တစ်ရုပ်ဝယ်လာတယ်။

version 2.0  Baymax
39.90 ပေးရတယ်။


လောကကြီးသာယာပါစေ။

Regards,
Z

#BigHero6,#Baymax

ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ အပိုင်း ၆- Creativity - OSHO

$
0
0
တိလောပ ပြောတာလေး နားထောင်ကြည့်ပါဦး။

ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ ပါးစပ်ကို တင်းတင်းစေ့ပိတ်ထားလိုက်ရင် တိတ်ဆိတ်မှုသာ ကျန်ရစ်တယ်။ စိတ်ကို ဗလာကျင်းထားပြီး သုညတ တရားကိုဆင်ခြင်။

ကာယဝိဝေကအမှုကို စိတ်ငြိမ်သက်စွာပြုပါ။ ဒါလေးကိုကြည့်ရင် အပန်းဖြေနားနေတဲ့စိတ်ဟာ ဘာဆိုတာ နားလည်နိုင်မယ်။ ဘာမှလုပ်မနေဘူး။ အသေကောင်လို လှဲနေမှ စိတ်ဖြေလျှော့တာမဟုတ်ဘူး။ တကယ်ဆိုရင်လည်း ခင်ဗျား အသေကောင်လို လှဲမနေနိုင်ဘူး။ ဟန်ဆောင်ကြည့်လို့တော့ရမယ်။ အသက်ရှင်နေတဲ့ ခင်ဗျား အသေကောင်လို ဘယ်လှဲနေနိုင်ပါ့မလဲ။ ဘာအပြုအမူမှမလုပ်တော့ရင် စိတ်ဖြေလျှော့ခြင်းဟာ အလိုလိုရောက်လာတာပဲ။ စွမ်းအင်က အိမ်မှာပဲရှိနေတာ။ ဘယ်မှလျှောက်သွားမနေဘူး။ အခြေအနေက တောင်းဆိုလာရင် တစ်ခုခုထလုပ်လိုက်မယ်။ ဒါပေမယ့် တစ်ခုခုလုပ်ဖို့ အကြောင်းရှာမနေဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အဆင်ပြေသင့်မြတ်နေတယ်။ စိတ်ဖြေလျှော့ခြင်းဟာ အိမ်မှာရှိနေမှဖြစ်မယ်။

လွန်ခဲ့တဲ့နှစ်အနည်းက ကျုပ်စာအုပ်တစ်အုပ်ဖတ်ခဲ့တယ်။ စာအုပ်နာမည်က ခင်ဗျားနားကို နားနေရမယ်တဲ့။ လုပ်ကိုလုပ်ရမယ်ဆိုတာကြီးက မသိသားဆိုးရွားလိုက်တာဗျာ။ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အတင်းအကြပ်သဘောဟာ စိတ်ဖြေလျှော့ခြင်းနဲ့ ပြဒါးတစ်လမ်း၊သံတစ်လမ်းမဟုတ်လား။ ဒါမျိုးစာအုပ်တွေ အမေရိကားမှာပဲ အရောင်းတွင်မယ်။ လုပ်ကိုလုပ်ရမယ်ဆိုရင် ခင်ဗျားရဲ့လုပ်ငန်းဆောင်တာဖြစ်သွားပြီ။ အဲဒါဟာ စွဲငြိမှုတစ်ခုပဲ။ ဥပါဒါန်ပဲ။ လုပ်ကိုလုပ်ရမယ်ဆိုတာရဲ့ နောက်မှာ ဥပါဒါန်က အမြဲရှိနေတယ်။ ပုန်းရှိုးကွယ်ရှိုးလေးရှိနေတယ်။ လုပ်စရာရှိတာတွေ လောကမှာရှိပါတယ်။ ဒါပေမယ့် လုပ်ကိုလုပ်ရမယ်ဆိုပြီး လုပ်စရာတွေကို သြဇာပေးနေတာတော့မရှိဘူး။ မလုပ်မဖြစ်ဆိုတာဟာ ရူးသွပ်မှုကို ဖြစ်စေတာပဲ။ ခင်ဗျား စိတ်ကို ဖြေလျှော့မှကို ဖြစ်မှာဆိုရင် စိတ်ဖြေလျှော့တာကိုက ဥပါ
ဒါန်နော်။ ဒီလို အနေအထားလေးနေ၊ လှဲထား၊ ခြေဖျားကနေ ခေါင်းအထိ ခင်ဗျား အမိန့်ပေး။ ခြေမကို စပြော ဟေ့ကောင် ဖြေလျှော့လိုက်တော့။ ပြီးရင် အထက်ကို ဖြည်းဖြည်းချင်းတက်သွားပြီး အမိန့်တွေဆက်ပေး။

ဘာကြောင့် မလုပ်မဖြစ်လို့ပြောပါလိမ့်ဗျာ။ စိတ်ဖြေလျှော့မှုဟာ ဘဝမှာ မလုပ်မဖြစ်ဆိုတဲ့ အခြေအနေမျိုးမရှိမှ ရောက်လာမှာ။ ဖြေလျှော့တယ်ဆိုတာ ခန္ဓာကိုယ်သက်သက်မဟုတ်ဘူး။ စိတ်ချည်းသက်သက်လည်းမဟုတ်ဘူး။ စိတ်ရောကိုယ်ပါ ဖြေလျှော့မှဖြစ်နိုင်တာ။
ခင်ဗျားဟာ လုပ်ငန်းဆောင်တာတွေ သိပ်များနေမယ်။ သိပ်ကိုပင်ပန်းမယ်။ တစ်စစီမွစာကြဲသလိုဖြစ်မယ်။ ခြောက်ခမ်းမယ်။ အေးခဲတောင့်တင်းသလိုဖြစ်မယ်။ ဘဝရဲ့စွမ်းအင်ဟာ ဘယ်မှမသွားဘူး။ အထပ်ထပ် တစ်ထပ်ပြီးတစ်ထပ်ကို ဖြစ်နေတာ။ ခင်ဗျားတစ်ခုခုကို လုပ်ရင်လည်း ရူးသွပ်မှုကို အခြေပြုပြီး လုပ်နေတာပဲ။ အဲဒီလို အရူးဖြစ်နေမှ စိတ်ဖြေလျှော့ဖို့လိုကို လိုတယ်ဆိုတာမျိုးဖြစ်လာတာ။ အဲဒီလို လိုအပ်လို့လည်း ဖြေလျှော့ခြင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ တစ်လတစ်အုပ်လောက်ထွက်နေတာ။ ကျုပ်ဘဝမှာ အဲဒီလို စာအုပ်ဖတ်ပြီး ငြိမ်းချမ်းသွားတဲ့သူ၊ စိတ်သက်သာပြေလျော့သွားတဲ့သူ တစ်ယောက်မှ မတွေ့ဘူး။ ပိုပြီးတောင် ဂနာမငြိမ်ဖြစ်လာတာပဲတွေ့တယ်။ တစ်သက်လုံးလုပ်လာတဲ့ လုပ်ငန်းဆောင်တာကြီးကို မတို့မထိဘဲနေတယ်။ ဥပါဒါန်ကြီးက တန်းလန်းပဲ။ လုပ်ငန်းဆောင်တာတွေကို လုပ်ဟဲ့ လုပ်ဟတွေမပြတ်နိုင်ဘူး။ ရောဂါကြီးက အထင်းသားရှိနေတယ်။ စိတ်ပြေလျော့ပါပြီဆိုပြီး ဟန်ဆောင်နေတယ်။ လဲလျောင်းနေမယ်။ စိတ်ထဲက သပွတ်အူကြီးက ဒီအတိုင်းသားကြီး။ ပေါက်ကွဲခါနီး မီးတောင်ကြီးလိုမျိုးပဲ။ ဘယ်လို စိတ်ဖြေလျှော့ကြမလဲ ဆိုတဲ့ စာအုပ်ကြီးဖတ်ပြီး အဲဒီထဲက နည်းတွေနဲ့ သူ့ဟာသူတော့ ဖြေလျှော့နေတာပဲ။

ခင်ဗျားကို စိတ်ပြေလျှော့စေတဲ့ စာအုပ်ဆိုတာ မရှိဘူးဗျ။ ခင်ဗျားက ကိုယ့်ရဲ့ အတွင်းစိတ်ကို ဖတ်မှဖြစ်မှာ။ အဲဒီလိုဖတ်မှာ အပန်းဖြေ၊စိတ်ဖြေလျှော့နားနေတယ်ဆိုတာ လုပ်ကို လုပ်ရမယ်ဆိုတာ မဟုတ်မှန်းသိလာမယ်။ စိတ်ပြေလျှော့နေတယ်ဆိုတာ ကင်းဆိတ်မှုပဲ။ ဝိဝေကတရားပဲ။ ဘာကင်းဆိတ်တာလဲဆိုရင်တော့ လုပ်ငန်းဆောင်တာကင်းဆိတ်တာပဲ။ လုပ်စရာရှိတာတွေ ကင်းတာမဟုတ်ဘူးနော်။ ခင်ဗျား ဟိမဝိန္တာအထိ တောထွက်စရာမလိုဘူး။ လူတစ်ချို့တော့ အဲဒီလို တောထွက်သွားတာပဲ။ စိတ်ပြေလျော့စေဖို့ဆိုပြီး ဟိမဝိန္တာဆီထွက်သွားတာပဲ။ လုပ်စရာရှိတာတွေကို လွှတ်ချလိုက်ဖို့မလိုဘူး။ လုပ်စရာရှိတာ မလုပ်တော့ရင် ခင်ဗျား လူသေဖြစ်သွားမယ်။ စိတ်ပြေလျှော့သွားမှာမဟုတ်ဘူး။ သေသွားမှာ။ ဟိမဝန္တာကိုသွားကြည့် ခင်ဗျားသူတော်စင် အသေကောင်တွေ့မယ်။ သူတို့က စိတ်ပြေလျှော့နေတာမဟုတ်ဘူး။ ဘဝကရော၊ လုပ်စရာရှိတဲ့ကိစ္စတွေကပါ ထွက်ပြေးလွတ်မြောက်သွားတဲ့ အသေကောင်တွေ။

ဒါလေးဟာ ဆင်ခြင်တွေးတောစရာကောင်းတဲ့ အချက်ပဲ။ လုပ်ငန်းဆောင်တာတွေကို လျှော့ချလိုက်ရမယ်။ လွှတ်ချလိုက်ရမယ်။ လုပ်ကိုင်ဆောင်ရွက်မှုဆိုတဲ့ (လုပ်သင့်လို့လုပ်ရတာတွေ)ကိုတော့ လွှတ်ချလိုက်လို့မဖြစ်ဘူး။ အဲဒီနှစ်ခုစလုံးကို လွှတ်ချလိုက်ဖို့ကလွယ်တယ်။ အစွန်းနှစ်ပါးပဲ။ ဘာမှမလုပ်တော့တာလည်း လွယ်တယ်။ လုပ်နေကြ လုပ်ငန်းဆောင်တာတွေ ဆက်လုပ်ပြီး နေသွားတာလည်း လွယ်တယ်။ နှစ်ခုလုံးကနေလွတ်ချင်ရင် ခင်ဗျား ဟိမဝိန္တာမှာ သွားနေလိုက်ရုံပဲ။ လုပ်ငန်းဆောင်တာတွေနဲ့ပဲနေချင်ရင်လည်း ခင်ဗျားကို ခင်ဗျား မနက်တိုင်း ခဏလောက်နားနေပါလို့ တွန်းအားပေးနေရုံပဲ။ ခင်ဗျား လူ့စိတ်ရဲ့ ရှုပ်ထွေးပွေလီမှုကို နားမလည်သေးဘူး။ သူ့ရဲ့တည်ဆောက်ထားမှုကိုလည်း နားမလည်သေးဘူး။ စိတ်ပြေလျှော့မှုဟာ စိတ်အခြေအနေလေးတစ်ရပ်ပဲ။ ဒါကို တွန်းအားပေးလို့မရဘူး။ သူနဲ့ဆန့်ကျင်ဘက်တရားတွေကို လွှတ်ချလိုက်မှ၊ အဟန့်အတားအနှောက်အယှက်တွေကို ရိုးရိုးလေးလွှတ်ချလိုက်မှ သူရောက်လာနိုင်မှာ။ စိတ်ပြေလျှော့မှုလေးဟာ ရေမျက်နှာပြင်ကို လေပလုံစီလေး တက်လာသလို သူ့အလိုလိုပေါ်လာမှာ။

ညဘက် အိပ်တော့ ခင်ဗျား ဘာတွေများလုပ်နေရသေးလဲ။ အိပ်ဖို့ တစ်ခုခုလုပ်နေရသေးလား။ အိပ်နေရင်းနဲ့ တစ်ခုခုလုပ်နေရသေးရင်တော့ ခင်ဗျား အိပ်မပျော်တဲ့ရောဂါဖြစ်ဖို့ရှိနေပြီ။ အိပ်မရတဲ့ရောဂါဖြစ်လာမယ်။ အိပ်တယ်ဆိုတာဘာလဲ။ ခင်ဗျားက လှဲချလိုက်တာပဲ။ သူ့အလိုလို အိပ်ပျော်သွားတာ။ အဲဒီမှာ ဘာမှ လုပ်လိုက်တာမဟုတ်ဘူး။ တစ်ခုခုလုပ်နေရင်း အိပ်မယ်ဆိုရင် အိပ်မပျော်ဖို့ဖြစ်လာမှာပဲ။ အိပ်ပျော်ဖို့လုပ်လိုက်ရတာဆိုလို့ လုပ်ငန်းဆောင်တာတွေကို ခဏရပ်လိုက်တာပဲရှိတယ်။ စိတ်ထဲမှာ လုပ်ငန်းဆောင်တာတွေ ကင်းသွားရင် စိတ်ဟာ အနားရသွားတယ်။ အိပ်ပျော်ခြင်းထဲကို တရွေ့ရွေ့တိုးဝင်သွားတော့တာပဲ။ အိပ်ပျော်အောင်ကြိုးစားကြည့်ပါလား။ ခင်ဗျား သဲထဲရေသွန်ဖြစ်မယ်။ အိပ်ပျော်ဖို့လည်းမဖြစ်နိုင်တော့ဘူး။

တစ်ခုခုလုပ်နေစရာကိုမလိုဘူး။ တိလောပ ပြောတဲ့ ကာယဝိဝေကအမှုကို စိတ်ငြိမ်သက်စွာပြုပါ။ ဆိုတာ ဘာကိုမှ မလုပ်ခိုင်းတာပဲ။ ယောဂအထိုင်ပုံစံတောင်မလိုဘူး။ တွန့်လိမ်ကောက်ကွေးနေဖို့လည်းမလိုဘူး။ ဝိဝေကကိုပဲ ကျင့်သုံးရမှာ။ လုပ်ငန်းဆောင်တာတွေ ရှင်းထားလိုက်ရုံပဲ။ စိတ်ပြေလျှော့မှုဟာ ဘယ်လိုလာမှာလဲ။ နားလည်မှုအားဖြင့် လာမယ်။ နားလည်မှုဟာ တစ်ခုတည်းသော စည်းကမ်းပဲ။ လုပ်ငန်းဆောင်တာတွေကို နားလည်အောင် အသေးစိတ်ရှုမှတ်နေရင်၊ လုပ်နေဆဲအခိုက်မှာပဲ လုပ်ငန်းဆောင်တာက ရပ်သွားမယ်။ သိနေရင် လုပ်ငန်းဆောင်တာက ဆက်လုပ်လို့မရတော့ဘူး။ အဲဒီလို ရပ်တန့်သွားခြင်းကိုပဲ တိလောပက ကာယဝိဝေကအမှုကို စိတ်ငြိမ်သက်စွာပြုပါ။ဆိုပြီးပြောချလိုက်တာပဲ။

စိတ်ပြေလျှော့တယ်ဆိုတာဘာလဲ။ ခင်ဗျားရဲ့စွမ်းအင်တွေက ဘယ်ကိုမှ မရွေ့လျားတော့တဲ့ အခြေအနေတစ်ရပ်ပဲ။ အတိတ်ကိုလည်းပြန်မသွားဘူး။ အနာဂတ်ကိုလည်း ပြေးထွက်မသွားဘူး။ ခင်ဗျားနဲ့အတူ စွမ်းအင်က ရှိနေတယ်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ စွမ်းအင်ရေကန်လေးထဲမှာ သူ့ရဲ့အနွေးဓာတ်လေးနဲ့ခင်ဗျားဟာ လွှမ်းခြုံမိနေပြီ။ အဲဒီအခိုက်အတန့်လေးက အစစအရာရာပဲ။ အလုံးစုံသော ကိစ္စပဲ။ တခြားထပ်တွေးနေစရာ ဘာမှမရှိဘူး။ အချိန်တွေရပ်တန့်သွားပြီ။ အဲဒီမှာ စိတ်ပြေလျှော့မှု ဖြစ်လာတာပဲ။ အချိန်ဆိုတာ ရှိနေသေးသ၍ ပြေလျှော့မှုမရှိနိုင်ဘူး။ ခင်ဗျားဘာကိုမှလည်း လိုအပ်တောင့်တ မနေဘူး။ ပစ္စုပ္ပန်တည့်တည့်မှာ ခင်ဗျားကျေနပ်နေတယ်။ ဘာမှမထူးခြားတဲ့ သမားရိုးကျအရာလေးတွေကိုလည်း ခင်ဗျားကျေနပ်ဝမ်းမြောက်လို့ရတယ်။ အဲဒါလေးတွေမှာ အလှတရားရှိတယ်။ တကယ်တော့ မထူးဆန်းတဲ့အရာဆိုတာ မရှိဘူးဗျ။ အရာအားလုံးဟာ အထူးအဆန်း၊အံ့မခန်းတွေချည်းပဲ။

လူတွေလာလာပြီး ကျုပ်ကို ဖန်ဆင်းရှင်ဘုရားဆိုတာ ယုံလားမေးကြတယ်။ ကျုပ်က ယုံတာပေါ့လို့ပဲဖြေတယ်။ ဒီလောက် အံ့မခန်းတာတွေရှိနေတာ အဲဒါတွေထဲမှာ လေးနက်တဲ့ သမ္ပစဉ်တရား ဘယ်နှယ့်မရှိရမှာလဲ။ သေးဖွဲတဲ့အရာလေးတွေကိုပဲကြည့်ပါဦး။ မြက်ခင်းပေါ်လမ်းလျှောက်တော့ အငွေ့ပျံမသွားသေးတဲ့ နှင်းစက်လေးတွေ၊ အဲဒါလေးတွေကိုပဲ ခံစားကြည့်လိုက်။ မြက်ခင်းရဲ့ အရောင်နဲ့ အထိအတွေ့၊ နှင်းစက်လေးတွေရဲ့ အေးမြမှု၊ မနက်ခင်းရဲ့လေပြည်၊ အရုဏ်တက်လာတာ၊ ဒါတွေရှိနေရက်နဲ့ ပျော်ဖို့ ဘာထပ်လိုသေးတုန်း။ ဒီထက်ပိုပြိး ဘယ်အရာက ပျော်စေနိုင်ဦးမှာလဲ။ ညမှာ အေးမြတဲ့ အခင်းခင်းထားတဲ့ ခင်ဗျားရဲ့အိပ်ရာမှာလဲလျောင်းရင်း အိပ်ရာခင်းရဲ့ အပျော့အမာ၊ တဖြည်းဖြည်းနွေးထွေးလာမှုတွေကိုခံစားကြည့်ရင်း ခင်ဗျားဟာ တိတ်ဆိတ်တဲ့ညအမှောင်ထုရဲ့ ခြုံလွှမ်းခြင်းကို ခံလိုက်ရမှာပဲ။ မျက်လုံးလေး အသာလေးမှိတ်ထားပြီး ဒါလေးတွေကို သိနေလို့ရတယ်။ ဘာများထပ်လိုနေသေးလဲ။ လက်ရှိရှိနေတာတွေက လုံလောက်လွန်းနေပါပြီ။ အဲဒါလေးကို ကျေးဇူးတင်တဲ့စိတ်ကလေးဖြစ်လာတာ။ အဲဒါဟာ စိတ်သက်သာရာရမှု၊ အပန်းပြေမှုပဲပေါ့ဗျာ။ ပီတိသောမနသပဲပေါ့။

Regards,
Z

အမှန်တော့ ဒီကိစ္စတွေဟာ လေးနက်ပုံရတယ်။ စကားလုံး အသုံးအနှုန်းတွေကို အဆင်ပြေအောင်သုံးလိုက်ပေမယ့် လွဲနိုင်မှားနိုင်တယ်။ မြန်မာလို ကိုယ်ခံစားရတဲ့ ဝိဝေက ဆိုတဲ့ စကားလုံးကို ဖလှယ်လိုက်တယ်။ ဝိဝေက သုံးမျိုးရှိတယ်။ ကာယ ဝိဝေက၊ စိတ္တဝိဝေကနဲ့ ဥပဓိဝိဝေက။ ကာယဆိုတာ ကိုယ်နဲ့စပ်လျဉ်းပြီး ကင်းဆိတ်အောင်နေလိုက်တာ။ အမှုမများတော့အောင်နေလိုက်တာပဲ။ ယောဂီဟာ လူမမာလို နေရမယ်ဆိုတဲ့စကားက ဝိဝေကတရားအတွက်ပဲ။ စိတ္တဝိဝေကဆိုတာတော့ စိတ်ကို အာရုံတစ်ပါး စိတ်မသွားဘဲ ဖြစ်မြဲတရားတွေမှာ သတိလေးကပ်ပြီး လက္ခဏာရေး ရှုဆင်ခြင်နေတာပဲ။ စိတ်ရဲ့ကိစ္စတွေဖြစ်တဲ့ တောင်တွေးမြောက်တွေး၊ ပြန်လှန်တွေး၊ ပြန်လှန်ဆွေးတွေကို ငြိမ်းစေတာ စိတ္တဝိဝေကပဲ။ အဲဒီလိုစိတ်ကို တစ်ချောင်းတည်းသော စိတ်လို့လည်းခေါ်တယ်။ ကြံ့များဟာ ဂျိုတစ်ချောင်းထဲရှိတော့ ငြိတွယ်ရှုပ်ထွေးမနေတော့ဘူးဆိုပြီး ပြောကြတာလည်းရှိတယ်။ စိတ်ကလည်း အာရုံတွေနောက်ကို မောဟနဲ့မလိုက်ဘဲ သတိကပ်နေရင် ကြည်ကြည်လင်လင်နဲ့ တစ်စိတ်တည်းထားနေတော့ စွမ်းအင်ထက်မြက်လာတယ်။ ကာယဝိဝေက၊ စိတ္တဝိဝေကနဲ့နေရင်း တစ်ချိန်မှာ ဥပဓိဝိဝေက ဆိုက်ရောက်လာတယ်။ အဲဒါ နိဗ္ဗာန်ပေါ့။ တစ်ယောက်တည်းနေ၊ တစ်စိတ်တည်းထားရင် နိဗ္ဗာန်ရောက်ကြောင်းဖြစ်တာပဲ။ တိလောပဟာ ဒီလိုဆိုချင်တာပဲလို့ ထင်မြင်မိတယ်။

အပိုင်း ၇- Creativity - OSHO

$
0
0
စိတ်ပြေလျှော့မှုဆိုတာ ဒီဖြစ်ဆဲ အခိုက်အတန့်လေးဟာ လုံလောက်လွန်းသွားပြီလို့ ဆိုလိုတယ်။ ထပ်တောင်းစရာ၊ ထပ်မျှော်လင့်စရာကို မလိုတော့ဘူး။ ကိုယ်လိုတာထက်ကို ပိုပြီး ပြည့်စုံလုံလောက်သွားပြီ။ ဆန္ဒရှိတာတွေထက်ကို ပိုပြီးပြည့်ဝနေတာ။ အဲဒီလိုဖြစ်သွားရင် စွမ်းအင်က ဘယ်မှ ထွက်သွားစရာမလိုတော့ဘူး။ ရေငြိမ်တဲ့ ရေကန်လေးလိုဖြစ်သွားမယ်။ ခင်ဗျားရဲ့ စွမ်းအင်ထဲမှာ ခင်ဗျားပျော်ဝင်သွားလို့ရတယ်။ အဲဒီလို ပျော်ဝင်သွားတဲ့ အခိုက်အတန့်ဟာ စိတ်ပြေလျှော့မှုပဲပေါ့ဗျာ။

စိတ်ပြေလျှော့မှုဟာ ကာယသက်သက် စိတ်သက်သက် ကိစ္စမဟုတ်ဘူး။ ကိုယ်စိတ်နှစ်ပါးလုံးရဲ့ ကိစ္စပဲ။ ပြည့်ဝစုံညီမှုအတွက် လိုအပ်ချက်ပဲ။ အဲဒါကြောင့်ပဲ ဗုဒ္ဓအဆူဆူက ဆန္ဒတွေ ကင်းဆိတ်အောင် နေကြ ဆိုပြီးဟောတာပဲ။ ဆန္ဒရှိနေသေးရင် နားလို့မရသေးဘူး။ ဗုဒ္ဓတွေက လူသေတွေကို မြှုပ်လိုက်ကြပါတော့လို့ ပြောကြတာပဲ။ အတိတ်ဆိုတဲ့ လူသေကောင်တွေကို မမြှုပ်ဘဲထားနေရင်၊ အတိတ်ကို သိပ်ဂရုစိုက်နေရင် ခင်ဗျား နားနေလို့မရဘူး။ ဗုဒ္ဓတွေက ထပ်ပြောသေးတယ်။ ဖြစ်ဆဲခဏကို ဝမ်းမြောက်ပါ တဲ့။ ဂျီးဇက်လည်းပြောတယ်။ လီလီပန်းတွေကိုကြည့်။ ကွင်းပြင်ထဲမှာရှိနေတဲ့ လီလီပန်းတွေကို စဉ်းစားကြည့်လိုက်။ သူတို့ဟာ အခက်ကြီးတွေ ကြိုးစားနေတာမဟုတ်ဘူး။ ဒါပေမယ့် ပိုပြီးလှတယ်။ သူတို့ရဲ့ ခမ်းနားမှုဟာ ရှော်လမုံ ဘုရင်ကြီးထက်သာတယ်။  သူတို့တွေ လှပမွှေးမြမှုမှာ ညီညီညာညာ စီတန်းထားပုံက ရှော်လမုံဘုရင်ကြီးရဲ့ ပညာထက်သာတာပဲ။

ဂျီးဇက်က ဘာတွေ ပြောနေတာလဲ။ သူလည်း စိတ်ပြေလျှော့မှုအကြောင်းကို ပြောနေတာပါ။ အဲဒီလို ပြေလျှော့ဖို့ ခင်ဗျား အခက်ကြီးတွေ လုပ်မနေနဲ့လို့ပြောတာ။ နဂိုမူလမှာရှိနေပြီးသားကို သတိပြုဖို့သူပြောနေတာ။ ခင်ဗျားကို ပေးထားပြီးသားအရာတစ်ခုကို လိုက်ရှာနေဖို့မလိုဘူးဆိုတဲ့ သဘောပဲ။ ဂျီးဇက်ကပြောတယ်။ လေမှာပျံတဲ့ ငှက်တွေ၊ အဟိတ် တိရစ္ဆာန်တွေ၊ သစ်ပင်ကြီးတွေ သစ်ပင်ငယ်တွေကို ကြည့်ပြီးရင် ခင်ဗျားဘာလို့ သောကရောက်နေသေးလဲ ။ ဒါတွေကို စောင့်ရှောက်ထားတဲ့ တရား(ဘုရား)က ခင်ဗျားတစ်ယောက်တည်း ကွက်ပြီး ပစ်ထားမယ် ထင်လို့လား။ ဒါဟာ စိတ်ပြေလျှော့မှုပဲ။ ခင်ဗျားဘာလို့ အနာဂတ်ကို သိပ်ပူပန်နေသလဲ။ လီလီပန်းတွေကို တွေးပါ။ လီလီပန်းတွေကိုကြည့်ပါ။ လီလီပန်းတွေလို ဖြစ်လာလိမ့်မယ်။ အဲဒီအခါမှာ စိတ်က အနားရသွားတာပဲ။ အနားယူမှုဆိုတာ ဣရိယာပုထ်တွေ မဟုတ်ဘူးနော်။ ခင်ဗျားရဲ့ စွမ်းအင်တွေ ပြောင်းလဲဖြစ်ထွန်းမှုကမှ အနားယူမှုအစစ်ပဲ။

စွမ်းအင်မှာ ဒိုင်မင်းရှင်း နှစ်ခုရှိတယ်။ တစ်ခုက လှုံ့ဆော်တယ်။ တစ်နေရာရာကို သွားတယ်။ ရည်မှန်းချက်ကို တစ်ခုခုလုပ်ရမယ်ဆိုတဲ့နေရာမှာထားတယ်။ ပစ္စုပ္ပန်အခိုက်အတန့်လေးဟာ တစ်ခြားတစ်နေရာမှာရှိနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုသွားဖို့ လမ်းလေးတွေလို့ပဲထင်တယ်။ အဲဒါဟာ ခင်ဗျားမှာရှိတဲ့ စွမ်းအင်ရဲ့ ဒိုင်မင်းရှင်းတစ်ခုပဲ။ ဒီဒိုင်မင်းရှင်းကို လုပ်ငန်းဆောင်တာ ဒိုင်မင်းရှင်းလို့ခေါ်ရမယ်။ ရည်ရွယ်ချက်ပန်းတိုင်အသားပေး ဒိုင်မင်းရှင်း၊ ကျန်တာတွေက အဲဒီ ပန်းတိုင်ကို ရောက်အောင်သွားဖို့ ဖြတ်သန်းသွားရမယ့် လမ်းတွေ။ ခင်ဗျားဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ခင်ဗျားရဲ့ ပန်းတိုင်ကို အရောက်သွားရမယ်။ အဲဒီတော့မှ စိတ်က သက်သာရာရမယ်လို့ ယူဆတယ်။ ဒါပေမယ့် ဒီလို စွမ်းအင်မျိုးနဲ့ ပန်းတိုင်ကို ဘယ်တော့မှ မရောက်နိုင်ဘူး။ ဒီစွမ်းအင်မျိုးဟာ ဖြစ်ဆဲပစ္စုပ္ပန်ကို တစ်ခြားတစ်မျိုးမျိုး ဖြစ်အောင် ပြောင်းပြောင်းပစ်နေတယ်။ ပန်းတိုင်က မိုးကုပ်စက်ဝိုင်း အစွန်အဖျားမှာ အမြဲရှိနေတယ်။ ခင်ဗျား ပြေးသွားတယ်။ ဒါပေမယ့် အကွာအဝေးကတော့ အရင်အတိုင်းပဲ။ ပန်းတိုင်နဲ့ နီးမလာနိုင်ဘူး။

နောက်ထပ် စွမ်းအင်ဒိုင်မင်းရှင်းတစ်ခုကျန်သေးတယ်။ ဒီဒိုင်မင်းရှင်းမှာတော့ လှုံ့ဆော်မှုမဲ့တဲ့ ဝမ်းမြောက်ရွှင်လန်းခြင်းသက်သက်ပဲ ရှိတယ်။ အောင်ပွဲခံနေတဲ့စိတ်ပဲ။ ရည်မှန်းချက်ပန်းတိုင်ကလည်း ဒီမှာပဲ။ ပစ္စုပ္ပန်တည့်တည့်ပဲ။ ဟိုနေရာမှာမဟုတ်ဘူး။ လိုက်ရှာနေစရာ မလိုဘူး။ လီလီပန်းတွေကို တွေးကြည့်လိုက်စမ်းပါ။  ဒီခဏငယ်လေး၊ အခိုက်အတန့်လေးက သူ့ချည်းသက်သက် ပြည့်စုံနေပြီ။ ခင်ဗျားကိုယ်တိုင်ဟာ ပန်းတိုင်ပဲ။ တစ်ခြား ဖြည့်ဆည်းနေစရာ ဘာဆိုဘာမှ မလိုဘူး။ ပန်းတိုင်ဟာ အနာဂတ်မှာ မဟုတ်ဘူးဆိုရင် ဘာကို အောင်မြင်ဖြစ်ထွန်းအောင် လုပ်နေရဦးမှာလဲ။ အောင်မြင်ပြီးသား ကိစ္စကို အောင်ပွဲခံ ပျော်ရွှင်နေဖို့သာ ရှိတော့တယ်။ ခင်ဗျားမသွားမီက ရောက်နှင့်ပြီးခဲ့ပြီ။ ခင်ဗျား မရှာခင်က ရှိနေနှင့်ပြီ။ တွေ့နေနှင့်ပြီ။ ဒါဟာ ပြေလျှော့မှုပဲ။ လှုံ့ဆော်မှုကင်းတဲ့ စွမ်းအင်ပဲ။

ကျုပ်အတွက်တော့ လူနှစ်မျိုးရှိတယ်။ တစ်မျိုးက ပန်းတိုင်အရှာသမားတွေ။ နောက်တစ်မျိုးက အောင်ပွဲခံနေသူတွေ။ ပန်းတိုင်ရှာသူတွေက အရူးတွေဗျ။ သူတို့တွေက ရှာရင်းရှာရင်း ရူးရူးသွားကြတာ။ သူတို့ရဲ့ ရူးသွပ်မှုကို သူ့တို့ဟာသူတို့ တည်ထွင်ဖန်တီးထားကြတာ။ အရူးကိစ္စမှာလည်း အဟုန်ရှိသဗျ။ အရှိန်ရသွားတဲ့ ရူးသွပ်မှုဟာ သွက်သွက်ခါပြီး အရိုးထိအောင်ရူးကြတာ။ နောက်ဆုံး ပန်းတိုင်ပျောက်သွားတဲ့အထိပဲ။ ဒုတိယတစ်မျိုးက ပန်းတိုင်ကို လုံးဝ ရှာမနေဘူး။ သူဟာ အောင်ပွဲခံသူပဲ။

အောင်ပွဲခံသူဖြစ်အောင်နေကြ။ အောင်ပွဲခံကြ။ သိပ်ကိုလုံလောက်လွန်းသွားခဲ့ပြီ။ ပန်းပွင့်ကလေးတွေ ဖူးပွင့်သွားကြပြီ။ ငှက်ကျေးတွေ တေးသီနေကြပြီ။ ကောင်းကင်မှာ နေမင်းလည်းရှိတယ်။ ဒါတွေကို ပျော်ပျော်ကြီး အောင်ပွဲခံတဲ့စိတ်ရှိဖို့လိုပြီ။ ခင်ဗျားဟာ အသက်ရှူတယ်။ ခင်ဗျားဟာ ရှင်သန်တယ်။ ခင်ဗျားမှာ သိစိတ်လေးရှိတယ်။ အဲဒါတွေကို အောင်ပွဲခံလိုက်စမ်းပါ။ ဝမ်းမြောက်လိုက်စမ်းပါ။ အဲဒီလိုဝမ်းမြောက်ရင် စိတ်က ပြေလျှော့သက်သာသွားတာပါပဲ။ ဖိစီးမှုမရှိတော့ဘူး။ ကာယဒုက္ခ၊စိတ်ဒုက္ခတွေမရှိတော့ဘူး။ စိတ်ဒုက္ခတွေ၊ သောကတွေဖြစ်စေတဲ့ စွမ်းအင်ဟာ ကျေးဇူးတင်တဲ့စိတ်၊ ဝမ်းမြောက်တဲ့စိတ်ဖြစ်လာတယ်။ ခင်ဗျားရဲ့ နှလုံးသားတစ်ခုလုံးဟာ လေးလေးနက်နက်ကျေးဇူးသိမှုနဲ့ တဒုတ်ဒုတ်ခုန်နေမယ်။ အဲဒါကိုက ဘုရားစာတစ်မျိုးပဲ။ ဘုရားစာဆိုတာ ဒီသဘောပဲ။ လေးနက်တဲ့ ကျေးဇူးသိမှုနဲ့ ခုန်နေတဲ့ နှလုံးသားဟာ ဘုရားစာအစစ်ပဲပေါ့။

ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ အဲဒီလို ဝိဝေကနဲ့နေဖို့ဆိုတာ အထွေအထူးဘာမှ လုပ်နေစရာမလိုဘူး။ စွမ်းအင်တွေ ဘယ်လိုရွေ့နေသလဲဆိုတာလေးကို နားလည်နေရုံပဲ။ စွမ်းအင်ဟာ ပန်းတိုင်ဆီကိုရွေ့ရမှာမဟုတ်ဘူး။ အောင်ပွဲခံတဲ့ ပျော်ရွှင်မှုဆီကို ရွေ့ရမှာ။ ပန်းတိုင်ဆီကိုမရွေ့ရဘူး။ သူရွေ့နေတာကလည်း စွမ်းအင်တွေ ပြည့်ဝလွန်းနေလို့ အောင်ပွဲခံမှုဆီကိုပဲ ရွေ့ရလိမ့်မယ်။

ကလေးငယ်လေးတစ်ယောက် ခုန်ပေါက်ကခုန်ပြီး အနီးအနားမှာ လျှောက်ပြေးနေတယ်။ သူ့ကို ဘယ်သွားနေတာလဲလို့ မေးကြည့်ပါလား။ သူက ဘယ်ကိုမှ သွားနေတာမဟုတ်ဘူး။ ခင်ဗျားကို သူက အူကြောင်ကြောင်နဲ့လို့တောင် ထင်မိသွားနိုင်တယ်။ ကလေးတွေအတွက် လူကြီးတွေဟာ အူကြောင်ကြောင်တွေ။ ဘယ်ကိုသွားနေတာလဲဆိုတဲ့ အမေးက အဓိပ္ပာယ်မဲ့လွန်းနေတယ်လေ။ တစ်နေရာရာကို သွားဖို့လိုလို့လား။ ကလေးတွေက ဒီမေးခွန်းကို မဖြေနိုင်ဘူး။ သူတို့အတွက် ဒီမေးခွန်းက အဓိပ္ပာယ်မှမရှိတာ။ သူတို့ ဘယ်ကိုမှသွားနေတာမဟုတ်ဘူး။ အဲဒီတော့ သူတို့ ပခုံးပဲတွန့်ပြနိုင်မှာပဲ။ သူက ဘယ်မှမသွားပါဘူးဗျာ လို့ပဲပြန်ဖြေချင်ဖြေမယ်။ အဲဒီလိုဖြေတော့လည်း ပန်းတိုင်အသားပေးစိတ်နဲ့ ခင်ဗျားက ထပ်မေးဦးမယ်။ "ဘယ်မှမသွားရင် ဘာလို့ပြေးနေတာလဲ"။ ကျုပ်တို့အတွက်က လုပ်ငန်းဆောင်တာတစ်ခုကိုလုပ်တယ်ဆိုတာ ရည်ရွယ်ချက်တစ်ခုခုနဲ့လုပ်နေတာပဲ။ သွားတယ်ဆိုရင် တစ်နေရာရာကိုသွားချင်လို့ပဲဖြစ်ရမယ်။

ခင်ဗျားကိုပြောပြခဲ့သလို တကယ်က ဘယ်ကိုမှ သွားစရာမလိုဘူး။ လက်ရှိဖြစ်ဆဲခဏမှာ အားလုံးရှိတယ်။အလုံးစုံသောအရာတွေရဲ့ အန္တိမဖြစ်တည်မှုဟာ ဒီတစ်ခဏလေးထဲမှာပဲ။ အားလုံးဟာ ဒီခဏလေးထဲမှာ သွန်ချထားတာ။ အဲဒီလက်ရှိ ပစ္စုပ္ပန်တည့်တည့် အခိုက်အတန့်လေးပဲ။ ကလေးလေးဟာ စွမ်းအင်ကို ကျေနပ်နေတာပဲ။ သူ့မှာ စွမ်းအင်တွေ များလွန်းနေတာ။ အဲဒီစွမ်းအင်တွေ ကုန်အောင် ခုန်ပေါက်နေတာ။ တစ်နေရာရာသွားနေတာမဟုတ်ဘူး။ စွမ်းအင်တွေများနေရင် သူပြေးနေမှဖြစ်မှာ။

လှုံ့ဆော်ခြင်းမပြုဘဲ ပြုမူတာဟာ စွမ်းအင်တွေ စီးဆင်သွားခြင်းတစ်မျိုးပဲ။ စွမ်းအင်ကို ဝေငှလို့ရတယ်။ ဒါပေမယ့် ကုန်သွယ်သလို အလဲအထပ်မလုပ်နဲ့။ ဈေးလည်းမဆစ်နဲ့။ ခင်ဗျားမှာရှိတာကို ပေးလိုက်။ တစ်ခုခုလိုချင်လို့ ပေးတာမျိုးမလုပ်နဲ့။ အဲဒီလိုလုပ်ရင် စိတ်ပျက်ရ၊စိတ်ညစ်ရမှာပဲ။ ကုန်သည်တွေအားလုံး ငရဲရောက်ကုန်တာပဲ။ သိပ်ကြီးကျယ်တဲ့ ကုန်သည်ကြီးတွေ၊ ဈေးအဆစ်တော်လှပါချည်ရဲ့ဆိုတဲ့ ကုန်သည်ကြီးတွေ ခင်ဗျားတွေ့ချင်ရင် ငရဲပြည်သွားကြည့်ရမှာပဲ။ အဲဒီမှာမှတွေ့ရမယ်။ ကောင်းကင်ဘုံဟာ ကုန်သည်တွေရဲ့နေရာမဟုတ်ဘူး။ ရွှင်လန်းဝမ်းမြောက်စွာ အောင်ပွဲခံနေသူတွေအတွက်နေရာ။

ခရစ်ယာန်ဘာသာရေးသင်တန်းတွေမှာ ကောင်းကင်တမန်တွေ ကောင်းကင်ဘုံမှာ ဘာလုပ်နေကြသလဲ ဆိုတဲ့မေးခွန်းကို ရာစုနှစ်ပေါင်းများစွာ ထပ်ခါတလဲလဲမေးနေခဲ့ကြတယ်။ ဒီမေးခွန်းဟာ ပန်းတိုင်အသားပေးလူတွေအတွက်ပဲ အဓိပ္ပာယ်ရှိတယ်။  ကောင်းကင်တမန်တွေ ကောင်းကင်ဘုံမှာ ဘာလုပ်နေကြသလဲ။ ဘာလုပ်စရာရှိမှာလဲဗျာ။ အဲဒီမှာ လုပ်စရာဘာမှမှ မရှိတာ။ ခရစ်ယာန်ဘာသာရေးပညာရှင် ဂျာမန်လူမျိုး  မေစတာ အစ်ခ်ဟာ့ထ် (Meister Eckhart) ကို တစ်ယောက်ကမေးတယ်။ ကောင်းကင်တမန်တွေ ကောင်းကင်ဘုံမှာ ဘာလုပ်နေကြသလဲ။ သူက ခင်ဗျား ရူးများနေသလားဗျာ။ ကောင်းကင်ဘုံဟာ အောင်ပွဲခံဖို့နေရာ။ ဘာမှလုပ်မနေဘူး သူတို့ရွှင်လန်းဝမ်းမြောက်နေကြမှာပေါ့လို့ ပြန်ဖြေလိုက်ဖူးတယ်။ သူတို့အောင်ပွဲခံတယ်။ ဂုဏ်ယူဝမ်းမြောက်တယ်။ သူတို့တွေ သီဆို တီးမှုတ်ပြီး ကခုန်နေမှာပေါ့။ ပျော်ရွှင်စွာ အောင်ပွဲခံနေမှာပေါ့။ ကျုပ်ထင်ပါတယ်။ မေးခွန်းမေးတဲ့သူဟာ မေစတာအစ်ခ်ဟာ့ထ်ရဲ့ အဖြေကို ကျေနပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်တို့တွေအတွက် လုပ်ငန်းဆောင်တာက တစ်ခုခုဆီရောက်သွားရမယ်လေ။ ပန်းတိုင်ကြီးတစ်ခုခုဆီကို မသွားလို့မဖြစ်ဘူး။ ဘာမှမလုပ်ဘဲနေလို့မဖြစ်ဘူး။ တစ်ခုခုလုပ်ကို လုပ်နေရမယ်လို့ထင်ကြတာကိုး။

လုပ်ငန်းဆောင်တာဟာ ပန်းတိုင်အသားပေးအတွက်ဆိုတာကို မမေ့နဲ့။ ပြုမူလုပ်ကိုင်တယ်ဆိုတာကတော့ ပန်းတိုင်အတွက်မဟုတ်ဘူး။ စွမ်းအင်တဲ့ စီးဆင်းသွားတာပဲ။ ပစ္စုပ္ပန်တည့်တည့်မှာလုပ်လိုက်တာမှ ပြုမူလုပ်ကိုင်ခြင်း။ ကြိုပြီး လေ့ကျင့်ဇာတ်တိုက်ထားတာမဟုတ်ဘူး။ လိုအပ်လို့ လုပ်စရာရှိတာကို ပစ္စုပ္ပန်တည့်တည့်မှာ သတိနဲ့ဉာဏ်နဲ့ တုန့်ပြန်လိုက်တာ။ မသိဘဲလုပ်လိုက်တာမဟုတ်ဘူး။ စိတ်ရောကိုယ်ပါ အသိရှိရှိနဲ့ ဆင်ခြင်ပြီး တုန့်ပြန်လိုက်တာ။  ကျေးငှက်လေးတွေ တေးသီနေရင် ခင်ဗျားလည်း တေးသီလာလိမ့်မယ်။ အဲဒါလုပ်ငန်းဆောင်တာမဟုတ်ဘူး။ ရုတ်တရတ်ကြီးဖြစ်လာတာ။ ဒီလို တေးသီချင်းလေး ညည်းနေမိတာကိုလည်း ခင်ဗျား ရုတ်တရတ်ကြီးသတိထားမိလိမ့်မယ်။ ဒါက ပြုမူလုပ်ကိုင်ခြင်းပဲ။ သဘာဝတရားထဲမှာ ကျေးငှက်လေးမြည်နေသလို ရွှင်လန်းတဲ့သူက သီချင်းလေးညည်းနေတယ်။

ခင်ဗျားဟာ ကိုယ်လုပ်နေတဲ့ ပြုမူလုပ်ကိုင်မှုတွေမှာ သတိကပ်ပြီးနေလေလေ အပိုဗာဟီရတွေလျော့နည်းလေလေပဲ။ ဘဝပြောင်းလဲသွားမယ်။ ခင်ဗျား စိတ်တွေပြေလျော့ပြီး သိပ်ငြိမ်းချမ်းလာမယ်။ လုပ်စရာရှိတာကို လုပ်နေတယ်။ ဒါပေမယ့် စိတ်ကတော့ အပန်းပြေနေတယ်။

ဗုဒ္ဓဟာ ဘယ်တော့မှ မပင်ပန်းဘူး။ ဘာလို့လဲ။ သူက တစ်ခုခုကို လုပ်နေသူမဟုတ်ဘူး။ သူဆီမှာရှိနေတာတွေကို ပေးဝေနေတာ။ သူဝေငှနေတာ။ စီးဆင်းနေတာ။

Regards,
Z


အပိုင်း ၈- Creativity - OSHO

$
0
0

ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ ပါးစပ်ကို တင်းတင်းစေ့ပိတ်ထားလိုက်ရင် တိတ်ဆိတ်မှုသာ ကျန်ရစ်တယ်။ နှုတ်က အင်မတန်အရေးပါတယ်။ နှုတ်ကနေ ပထမဆုံး လုပ်ငန်းဆောင်တာစခဲ့ကြရတာပဲ။ နှုတ်ခမ်းတွေက ပထမဆုံး လုပ်ငန်းဆောင်တာကို အစပြုတယ်လို့လည်းပြောနိုင်တယ်။ ပါးစပ်အနီးအနားမှာပဲ လုပ်ငန်းဆောင်တာတွေ အားလုံးစတင်ခဲ့တာ။ ဝင်လေကို ရှူသွင်းခဲ့တယ်။ ငိုကြွေးတယ်။ နို့ချိုသောက်စို့တယ်။ အဲဒီအချိန်ကစပြီး နှုတ်ဟာ အလောတကြီး လုပ်ငန်းဆောင်တာတွေနဲ့အသားကျခဲ့တာ။ ဒါကြောင့် တိလောပက ပြောတာ။ လုပ်ငန်းဆောင်တာတွေကို နားလည်ပါ။ လုပ်သင့်လို့ လုပ်ရတဲ့ ပြုမူလုပ်ကိုင်ခြင်းကို နားလည်ပါ။ စိတ်ကို အပန်းပြေအောင် ထားပါ။ ... ပြီးတော့ ပါးစပ်ကို တင်းတင်းစေ့ပိတ်ထားပါ ... တဲ့။

တရားထိုင်ဖို့ ဆိုတာနဲ့၊ ငြိမ်ငြိမ်သက်သက် ဖြစ်ချင်ပြီဆိုတာနဲ့ ပထမဆုံး လုပ်ရမှာက ပါးစပ်ကို လုံးဝ ပိတ်ထားလိုက်ဖို့ပဲ။ အဲဒီိလို ပိတ်ထားလိုက်ရင် လျှာက အာခေါင်ကို ထိနေမယ်။. နှုတ်ခမ်းနှစ်ခုဟာ ပိပိရိရိ ပိတ်သွားမယ်။ သေသေချာချာ ပိတ်ရမယ်နော်။ ဒီလို လုံးဝပိတ်တတ်ဖို့ဆိုတာ ကျုပ်ပြောတာလေး နားထောင်ပြီး လိုက်လုပ်ကြည့်မှ ဖြစ်မယ်။ ခင်ဗျားအတွက် ပါးစပ်ပိတ်တဲ့ ကိစ္စဟာ အထွေအထူး မဟုတ်ပါဘူး။ ပါးစပ်ကို သေချာပိတ်ပြီး ရုပ်တုတစ်ခုလို ငြိမ်ငြိမ်သက်သက် ထိုင်ဖို့လည်း ခင်ဗျား တတ်နိုင်မှာပဲ။ ဒါပေမယ့် ဒီလို ထိုင်လိုက်ရုံ၊ ပါးစပ် ပိတ်ထားလိုက်ရုံနဲ့ လုပ်ငန်းဆောင်တာတွေက ရပ်မသွားဘူးနော်။ စိတ်ထဲမှာ အတွေးဟာ ဆက်ပြီး ရှိနေဦးမယ်။ အတွေးတွေ ရှိနေသေးရင်  နှုတ်ခမ်းမှာ နူးညံ့တဲ့ တုန်ခါမှုလေးတွေ ရှိနေတာကို ခင်ဗျားသိနေလို့ ရတယ်။ တခြားဟာတွေက သိမ်မွေ့လွန်းလို့ မသိနိုင်ပေမယ့် တွေးနေရင်တော့ နှုတ်ခမ်းလေးတွေ တလှုပ်လှုပ်လေး ဖြစ်နေတယ်။ တော်တော်လေး သတိထားကြည့်မှ သိနိုင်မယ်။ သိမ်သိမ်မွေ့မွေ့လေး ဖြစ်နေတာ။

ခင်ဗျား တကယ့်ကို စိတ်ပြေလျှော့သွားပြီဆိုရင် နှုတ်ခမ်းမှာ တရွရွဖြစ်နေတဲ့ တုန်ခါမှုလေး ရပ်သွားလိမ့်မယ်။ စိတ်ထဲမှာလည်း စကားမပြောတော့ဘူး။ စိတ်ရဲ့လုပ်ငန်းဆောင်တာ ကင်းပြီ။ ပါးစပ်ကို တင်းတင်းစေ့ပိတ်ပြီး ငြိမ်ငြိမ်သက်သက်နေ၊ ပြီးရင် တွေးမနေနဲ့တော့။

ဒါဆိုရင် ခင်ဗျား ဘာလုပ်မလဲ။ အတွေးက လာနေတယ်။ ပြန်ထွက်သွာတယ်။ သူတို့ကို သူတို့ရဲ့ သဘာဝအတိုင်း ထားလိုက်။ လာပါစေ။ ထွက်သွားပါစေ။ အဲဒါ ပြဿနာ မဟုတ်ဘူး။ ခင်ဗျား သွားတော့ မပတ်သက်မိစေနဲ့။ သူတို့ သွားလိုက်၊လာလိုက် ဖြစ်နေတာကိုပဲ သေချာကြည့်နေ။ ခင်ဗျား အတွးတွေနဲ့ မကပ်ငြိစေနဲ့၊ ဥပေက္ခာတရားနဲ့နေ။ သူတို့ ဝင်လာလိုက်၊ ထွက်သွားလိုက် ဖြစ်နေတာ ခင်ဗျားရဲ့ ကိစ္စမဟုတ်ဘူး။ အတွေးတွေဟာ သူ့အလိုလို ရပ်တန့်သွားလိမ့်မယ်။ သူတို့တွေ ဆက်လက် ရှင်သန်နေဖို့ဟာ သက္ကာယဒိဌိ လိုအပ်တယ်။ ငါနဲ့ပေါင်းမှ ငါ့အတွေးဆိုတာ ရှိလာမယ်။ အတွေးမရှိအောင် ငါဆန့်ကျင်မယ်ဆိုပြီး ဆန့်ကျင် တိုက်ခိုက်ရင်လည်း အတွေးဟာ ဆက်ရှိနေမယ်။ တိုက်ခိုက်တာနဲ့ ပူးပေါင်းတာ နှစ်မျိုးစလုံးက သက္ကာယဒိဌိ ဖြည့်ပေးလိုက်တာပဲ။ ဒီနှစ်ခုစလုံးဟာ လုပ်ငန်းဆောင်တာတွေပဲ။ အဲဒါတွေ ဘာမှမလုပ်ဘဲ ဥပေက္ခာတရားလေးနဲ့ စောင့်သာကြည့်နေ။

ပါးစပ် ပိတ်ထားတာကတော့ သိပ်အကူအညီရတယ်။
ကျုပ်ကတော့ လူတွေ အများကြီးကို လေ့လာပြီးပြီ။ ခင်ဗျားကို သမ်းလိုက်စေချင်တယ်။ ပါးစပ်ကို ကျယ်ကျယ်ဖွင့်နိုင်သမျှ ဖွင့်ြ့ပီး သမ်းပစ်လိုက်။ အပြည့်အဝကြီး သမ်းပစ်လိုက်ရင် ပါးစပ်တောင် နည်းနည်း နာတယ်။ နှစ်ခါ၊သုံးခါလောက် သမ်းပစ်လိုက်။ အဲဒီလို များများ သမ်းဝေလိုက်တာဟာ ပါးစပ် ကြာကြာပိတ်ထားဖို့ အထောက်အကူ ဖြစ်တယ်။ နှစ်မိနစ်၊သုံးမိနစ်လောက်  အဓိပ္ပာယ်မရှိတဲ့ ရောက်တတ်ရာရာတွေကို အသံကျယ်ကျယ်နဲ့ ပြောလိုက်။ စိတ်ထဲ ပေါ်လာတာကိုသာ ကျယ်ကျယ်ပြော။ ကျေေကျနပ်နပ်ပြော။ ပြီးမှ ပါးစပ်ကို ပိတ်လိုက်။

ဆန့်ကျင်ဘက်နေ ပြောင်းလဲလာရတာ ပိုလွယ်တယ်။ လက်တွေကို ငြိမ်ငြိမ်သက်သက်လေး ထားချင်ရင် ပထမဆုံး တောင့်တင်းထားလိုက်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တောင့်တင်းနိုင်သမျှ တောင့်တင်းအောင် အရင်လုပ်လိုက်။ နောက်မှ ဆန့်ကျင်ဘက်ဖြစ်အောင် ပြန်ဖြေလျှော့လိုက်။ ပြီးမှ သက်သောင့်သက်သာဖြစ်အောင် နေလိုက်။ အဲဒီလိုလုပ်လိုက်ရင် အာရုံကြောစံနစ်တွေ ပိုပြီး ထိထိရောက် ပြေလျှော့သွားတယ်။  လက်တွေခြေတွေလှုပ်တာ၊ မျက်နှာအမူအယာတွေ လုပ်တာ၊ မျက်နှာက ကြွက်သားတွေကို လှုပ်ရှားစေတာ၊ ပြုံးတာ၊ မဲ့တာ၊ မျက်နှာကို ရွဲ့တာ၊ သမ်းဝေတာ နှစ်မိနစ်၊ သုံးမိနစ် ဗလွတ်ရွတ်တတွေ ပြောတာတွေ လုပ်ပြီးမှ ပါးစပ်ကို ပိတ်လိုက်ကြည့်။ ပါးစပ်နဲ့ နှုတ်ခမ်းတွေဟာ ပိုပြီး ပြေလျော့သွားမယ်။ အဲဒီတော့မှ ပါးစပ်လေး ပိတ်ထားပြီး စောင့်ကြည့်ရေးသမား လုပ်ပေတော့။ မကြာခင်မှာပဲ တိတ်ဆိတ်မှုဟာ ခင်ဗျားဆီကို ဆင်းသက် ရောက်ရှိလာမှာပဲ။

တိတ်ဆိတ်မှုမှာလည်း နှစ်မျိုးရှိသေးတယ်။ တစ်ခုက ခင်ဗျားကိုယ်ခင်ဗျား အတင်းအကြပ် တိတ်ဆိတ်ခိုင်းလိုက်တာ။ အဲဒါကတော့ နှစ်လွယ်ဖွယ် မကောင်းဘူး။ အကြမ်းဖက်မှု တစ်ခုပဲ။ စိတ်ကို အဓ္ဓမ္မပြုကျင့်မှုလို့တောင် ဆိုနိုင်တယ်။ အဲဒီလို လုပ်တဲ့စိတ်ဟာ ရန်လိုတယ်။ နောက်ထပ် တိတ်ဆိတ်မှုတစ်မျိုးကတော့ ညရောက်လာသလိုမျိုး တိတ်ဆိတ်မှု။ တိတ်ဆိတ်မှုဟာ ခင်ဗျားဆီ ရောက်လာမယ်။ ခင်ဗျားကို သူ့ရဲ့ တိတ်ဆိတ်မှုထဲမှာ သိမ်းဆည်းသိုဝှက်လိုက်လိမ့်မယ်။ အဲဒီလိုတိတ်ဆိတ်မှု ရောက်လာဖို့ လမ်းဖွင့်တဲ့ အလုပ်ကိုပဲ ခင်ဗျားလုပ်ရမယ်။ တိတ်ဆိတ်မှုက သူ့ဟာသူ လာလိမ့်မယ်။ တိတ်ဆိတ်ဖို့ မကြိုးစားနဲ့။ ခင်ဗျားကြိုးစားရင် စက္ကန့်အနည်းငယ်လောက်တော့ တိတ်ဆိတ်သွားအောင် အတင်းအကြပ် လုပ်လိုက်နိုင်တယ်။ ဒါပေမယ့် အဲဒါ တန်ဖိုးမရှိဘူး။ အတွင်းစိတ်ထဲမှာတော့ ဗလောင်ဆူနေလိမ့်မယ်။ အဲဒီတော့ တိတ်ဆိတ်သွားဖို့ မကြိုးစားနဲ့။ တိတ်ဆိတ်ခြင်း ရောက်လာနိုင်စေမယ့် အခြေအနေကောင်းတစ်ခုကိုပဲ ဖန်တီးပေး။ မြေကိုပြုပြင်ပြီး သစ်စေ့လေးစိုက်ထားပြီးရင် အေးအေးဆေးဆေး စောင့်ကြည့်နေရုံပဲ မဟုတ်လား။

ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ 

ဗလာကျင်းနေတဲ့စိတ်နဲ့ ခင်ဗျား ဘာလုပ်မလဲ။ အတွေးတွေ ဝင်လာတယ်။ စောင့်ကြည့်နေတယ်။ စောင့်ကြည့်လို့ ဆိုတာမှာလည်း သတိလေးနဲ့ စောင့်ကြည့်ရမယ်။ မမျှော်ရဘူး။ အတွေး မရောက်သေးရင်လည်း အေးအေးဆေးဆေး စောင့်ရမယ်။ ကြိုပြီး မမျှော်ရဘူး။ ဒါတွေက သိပ်ကို နူးညံ့တဲ့ ကိစ္စတွေ။ ခင်ဗျား အားလုံး နားလည်ဖို့ ကြိုးစားရမယ်။ ဒီလိုမှ နားမလည်ရင် တစ်နေရာရာမှာ သတိထားလိုက်ဖို့ လိုသွားတာမျိုး ဖြစ်သွားနိုင်တယ်။ အဲဒီလို နည်းနည်းလေး ချွတ်ချော်သွားတာနဲ့ သတိရဲ့ အရည်အသွေးဟာလည်း ပြောင်းလဲသွားရော။

စောင့်ကြည့်ရမယ်။ ဥပေက္ခာနဲ့ အေးအေးသာသာ စောင့်ကြည့်ရမယ်။ တက်တက်ကြွကြွကြီး ကြိုမျှော်ပြီး မစောင့်ရဘူး။ အဲဒီနှစ်ခု ဘာကွာလို့လဲ။

ခင်ဗျား ကိုယ့်ကောင်မလေးကို စောင့်နေရင် ဘယ်လို စောင့်နေသလဲ။ တက်တက်ကြွကြွကြီး မဟုတ်လား။ တစ်ယောက်ယောက် တံခါးနား ရောက်လာရင် ခင်ဗျား ခုန်ထမယ်။ သူများ လာပြီလားဆိုပြီး ကျီးကန်းတောင်းမှောက် ကြည့်မယ်။ ခဏလေးကြာတော့ သစ်ရွက်လေးတွေ လေတိုက်လို့ လှုပ်ခတ်တော့လည်း ထကြည့်ပြန်ရော၊ သူများ ရောက်လာပြီလား။ သူရောက်နေလောက်ပါပြီဆိုပြီး ထင်နေမိလိမ့်မယ်။ မကြာမကြာ ထိုင်ရာကနေ ခုန်ခုန်ထပြီး လျှောက်လျှောက်ရှာနေမိလိမ့်မယ်။ ခင်ဗျားစိတ်က စောင့်မျှော်ခြင်းမှာ သိပ်ထက်သန်နေတယ်။ သိပ်တက်ကြွနေတယ်။ အဲဒီလို စိတ်က သိပ်ထက်သန်တက်ကြွနေရင် တိတ်ဆိတ်မှုဆီ မရောက်နိုင်တော့ဘူး။ ကျုပ်ပြောချင်တဲ့ စောင့်ကြည့်နေတုန်း မမျှော်နဲ့ဆိုတာ ဒီဥပမာအတိုင်းပဲ။

ဥပေက္ခာနဲ့နေပါ။ မြစ်လေးနားမှာ ခင်ဗျားထိုင်နေရင်း မြစ်လေး စီးဆင်းတာကို ရိုးရိုးလေး ထိုင်ကြည့်နေတာမျိုးပါ။ ဘာထက်သန်တက်ကြွမှုမှ မပါဘူး။ အရေးတကြီး ကိစ္စလည်းရှိမနေဘူး။ အရေးပေါ်ကိစ္စလည်း မဟုတ်ဘူး။ ဘယ်သူကမှလည်း အတင်းအကြပ် မခိုင်းဘူး။ ရိုးရိုးလေး စောင့်ကြည့်နေတာ။ ကြည့်ရုံလေးကြည့်နေတာ။ စောင့်ကြည့်တယ်ဆိုတဲ့ စကားလုံးတောင် သိပ်မသင့်လှဘူး။ စောင့်ကြည့်တယ်ဆိုတဲ့ စကားလုံးဟာ နည်းနည်း အင်အားစိုက်ပြီး စောင့်ဆိုင်းကြည့်ရှုရတယ် ဆိုတာမျိုး ဖြစ်နေသေးတယ်။ ရိုးရိုးလေး ကြည့်နေတယ်လို့ပဲ သုံးရမယ်။ တခြားဘာမှ လုပ်စရာမလိုဘူး။ ကြည့်ရုံလေးပဲ။ မြစ်ကမ်းနံဘေးမှာ ထိုင်နေရင်း ကြည့်နေတယ်။ မြစ်ကလည်း စီးဆင်းမြဲပဲ။ ကောင်းကင်ကိုကြည့်တယ်ဆိုရင်လည်း ကောင်းကင်ကို ကြည့်နေတယ်။ တိမ်တွေက မျောလွင့်နေတယ်။ ဥပေက္ခာနဲ့ ကြည့်နေတာနော်။ ဒီဥပေက္ခာ သိပ်အရေးကြီးတယ်။ ဒါကို သေချာနားလည်မှဖြစ်မယ်။ နားမလည်ရင် လုပ်ငန်းဆောင်တာကို စွဲငြိတဲ့ ဥပါဒါန်ဟာ စိတ်ထက်သန်တက်ကြွအောင် လုပ်တော့မယ်။ တက်တက်ကြွကြွကြီး ခင်ဗျား မျှော်နေတော့မယ်။ အဲဒီလိုဖြစ်သွားရင် ခင်ဗျားလုပ်ချင်တာတွေ အားလုံး လွဲသွားပြီ။ လုပ်ငန်းဆောင်တာတွေ ကင်းအောင် လုပ်နေရင်း လုပ်ငန်းဆောင်တာက နောက်ဖေးပေါက်ကနေ ပြန်ပြန်ဝင်နေတာမျိုး ဖြစ်နေပြီ။ ဥပေက္ခာနဲ့ စောင့်ကြည့်သူဖြစ်အောင် လုပ်ပါ။ ကာယဝိဝေက အမှုကို စိတ်ငြိမ်သက်စွာပြုပါ။ 

ဒီဥပေက္ခာတရားဟာ စိတ်ကို ဗလာဖြစ်အောင် သူ့အလိုလို လုပ်တယ်။ လုပ်ငန်းဆောင်တာရဲ့ ဂယက်လေးတွေ၊ စိတ်စွမ်းအင်ရဲ့ ဂယက်လေးတွေဟာ တဖြည်းဖြည်းချင်း အနည်ထိုင်လာမယ်။ သိစိတ် မျက်နှာပြင်တစ်ခုလုံးမှာ ဂယက် ကင်းလာမယ်။ ဂယက်မရှိတော့ရင် ကြည်လင်တဲ့ ကြေးမုံပြင်လို ဖြစ်လာတာပဲ။

တိလောပက ဆက်ပြောတယ်။

အခေါင်းပါတဲ့ဝါးလုံး အေးအေးသာသာ ရှိနေသလို ခန္ဓာကိုယ်ကို အေးအေးသာသာ အနားပေးထားပါတဲ့။

ဒါ တိလောပရဲ့ အထူးနည်းပဲ။ ဆရာတိုင်းမှာ မဏ္ဍိုင်ပြုရတဲ့ အထူးနည်းတွေရှိတယ်။ သူတို့ တရားသိမြင်ခဲ့တဲ့ နည်းတွေပေါ့။ အဲဒီနည်းတွေနဲ့ သူတို့က တခြားသူတွေကို ပြန်ကူညီပေးကြတာပဲ။ ဒီနည်းက ဆရာ တိလောပရဲ့ အထူးနည်းပဲ။ အခေါင်းပါတဲ့ဝါးလုံး အေးအေးသာသာ ရှိနေသလို ခန္ဓာကိုယ်ကို အေးအေးသာသာ အနားပေးထားပါ ။ အထဲမှာ လုံးဝကြီးကို အခေါင်းဖြစ်နေတဲ့ ဝါးလုံးလိုတဲ့။ ခင်ဗျား နားနေရင် အဲဒီ ဝါးလုံးလိုပဲလို့ စိတ်ကိုထားလိုက်တဲ့။ အထဲမှာ ဘာမှရှိမနေဘူး။ ဗလာသက်သက်ပဲ။ အခေါင်းပေါက်ကြီးပဲရှိတယ်။ တကယ်လည်း ဝါးလုံးတစ်လုံးလို ထားလိုက်ရမှာပဲ။ အရိုးတွေ၊အရည်တွေ၊သွေးတွေဟာ ဝါးလုံးရဲ့ အစိတ်အပိုင်းတွေပေါ့။ အထဲမှာတော့ ဗလာနယ်ပဲရှိတယ်။ ဟင်းလင်းပွင့်ပဲ။ ခန္ဓာသည် ဝါးလုံး အခေါင်းပေါက်ပဲ။

ခင်ဗျား ထိုင်နေရင် နှုတ်ကလည်း အသံတိတ်၊ မလှုပ်မရှား၊ လျှာက အာခေါင်ကို ထိနေပြီး မလှုပ်မရှား၊ အတွေးကြောင့် နှုတ်ခမ်းတရွရွ ဖြစ်တာလည်း မရှိဘူး။ ငြိမ်သက်တိတ်ဆိတ်နေတာ။ စိတ်ကလည်း ဥပေက္ခာတရားနဲ့ စောင့်ကြည့်နေတယ်။ ဘာကို မျှော်တယ်ဆိုတာမှမရှိဘူး။ ဝါးလုံးအခေါင်းပေါက်ကြီး တစ်ခုလိုပဲ။ အဲဒီလိုနေရင် အန္တိမစွမ်းအင်တွေ ခင်ဗျားရဲ့အတွင်းမှာ စပြီးသွန်းလောင်းသလိုဖြစ်လာမယ်။ ခင်ဗျားဟာ မျိုးမည်ခွဲခြားမသိနိုင်တဲ့ တစ်ခုခု၊ ထူးခြားဆန်းကြယ်တာ တစ်ခုခု၊ ကြီးကျယ်မြင့်မြတ်တာ တစ်ခုခုနဲ့ ဖြည့်လိုက်သလိုပြည့်ဝသွားလိမ့်မယ်။ အခေါင်းပါတဲ့ ဝါးလုံးလေးဟာ ပုလွေဖြစ်သွားတယ်။ မြင့်မြတ်ခြင်းတရားဟာ စတင်တီးမှုတ်လိမ့်မယ်။ ခင်ဗျားဟာ ဗလာဖြစ်နေမှ မြင့်မြတ်ခြင်းတရား ဝင်လာနိုင်ဖို့ အတားအဆီး ရှိမနေမှာ။

Regards,
Z

Notes:
ရောင်းမကောင်းမှန်းသိပေမယ့် ဒါလေးတော့ ကုန်အောင် ရောင်းပျစီ။ အခု  စာမျက်နှာ၂၈ ရောက်ပြီ။ ၃၈ ရောက်ရင် ရပ်တာပေါ့။



အပိုင်း ၉ - Creativity - OSHO

$
0
0
ဒီတစ်ခုကို စမ်းကြည့်ပါ။ ဒါဟာ အလှပဆုံး  တရားရှုမှတ်ခြင်းတွေထဲက တစ်ခုပါပဲ။ ဟောင်းလောင်းပေါက် ဝါးလုံးဖြစ်အောင်ကျင့်တဲ့ နည်းပေါ့။ တစ်ခြားဘာမှ လုပ်စရာမလိုတော့ဘူး။ ဒီလို နှလုံးသွင်းဆင်ခြင်နေလိုက်ရုံပဲ၊ ကျန်တာတွေက သူ့အလိုလိုဖြစ်လာမယ်။ ရုတ်တရတ်ကြီး ခင်ဗျားရဲ့ ဗလာနယ်ထဲ တစ်ခုခု သက်ဆင်းလာတာကို ခံစားရမယ်။ ခင်ဗျားဟာ မိခင် ဝမ်းဗိုက်လိုဖြစ်သွားပြိး ဘဝသစ်ဟာ ခင်ဗျားဆီ ဝင်ရောက်လာမယ်။ သစ်စေ့လေးတစ်စေ့ ကျရောက်လာသမျိုးပဲ။ အချိန်ကျလာတဲ့အခါ ဝါးလုံးပါ ပျောက်ကွယ်သွားလိမ့်မယ်။

အခေါင်းပါတဲ့ဝါးလုံး အေးအေးသာသာ ရှိနေသလို ခန္ဓာကိုယ်ကို အေးအေးသာသာ အနားပေးထားပါ။ ဒီနေရာမှာ အေးအေးသာသာ နားနေဖို့ပြောတယ်နော်။ တရားထူးကြီး မလိုချင်ပါနဲ့။ ကောင်းကင်ဘုံ ရောက်ချင်တယ်လို့လည်း မတွေးနဲ့။ ဘုရားဆီ ရောက်ချင်တယ်ဆိုတဲ့ ဆန္ဒလေးတောင် မမွေးနဲ့။ ဘုရားဆိုတာ ဆန္ဒပြုလို့ရတာမဟုတ်ဘူး။ ခင်ဗျားမှာ ဆန္ဒလုံးဝမရှိတော့ရင် ဘုရားဟာ ခင်ဗျားဆီရောက်လာမှာပဲ။ လွတ်မြောက်ခြင်း ဝိမုတ္တိကိုလည်း တောင့်တလို့ မရပါဘူး။ လိုချင်တောင့်တမှုဟာ လောဘ ကိလေသာပဲ။ လောဘက အတားအဆီးပဲ။ ဆန္ဒတွေကို ပယ်သတ်လိုက်နိုင်ရင် ခင်ဗျား ဝိမုတ္တိဆိုက်ရောက်တာပဲ။ ဗောဓိဉာဏ်ဟာ ဆန္ဒပြုလို့ရောက်လာတာ မဟုတ်ပါဘူး။ ဆန္ဒဟာ အတားအဆီး၊ အဟန့်အတားပဲ။ အတားအဆီးတွေ ဖယ်ရှားလိုက်ရင် ခင်ဗျားကိုယ်ထဲမှာ ဗောဓိဉာဏ်ဟာ ပေါက်ကွဲထွက်လာမှာပဲ။ ခင်ဗျားမှာ မျိုးစေ့လေးပါလာပြီးသား။ စိတ်ကို ဗလာကျင်းထားပြီး၊ စိတ်မှာ နေရာလွတ်ရှိလာတဲ့ အခါ မွေးရာပါ မျိုးစေ့လေးဟာ စတင်အက်ကွဲလာတယ်။ ပေါက်ကွဲထွက်ပြီး ရှင်သန်တော့မယ်။

တိလောပက ပြောတယ်။

အခေါင်းပါတဲ့ဝါးလုံး အေးအေးသာသာ ရှိနေသလို ခန္ဓာကိုယ်ကို အေးအေးသာသာ အနားပေးထားပါ ။ အပေးအယူ မလုပ်နဲ့။ စိတ်ကို အေးအေးသာသာ နားခိုင်းထားလိုက်ပါ။

ပေးနေ၊ ယူနေစရာမလိုဘူးဗျ။ အရာအားလုံးက နဂိုအတိုင်းရှိနေတာကိုက အဆင်ပြေနေပြီ။ ဘာဆို ဘာမှ ပေးနေ၊ယူနေစရာမလိုတော့ဘူး။ ခင်ဗျားဟာ ခင်ဗျားအရှိအတိုင်း လုံးဝ ပြည့်စုံနေတယ်။

အရှေ့တိုင်းမှာ သင်ကြားပုံကို အနောက်တိုင်းသားတွေက တော်တော်လေး နားလည်မှုလွဲကြတယ်။ ဒီလိုသင်တာဟာ ဘယ်လိုများ သင်လိုက်တာလဲ လို့တောင်ပြောကြတယ်။ လူတွေက မရုန်းကန်တော့ရင် ပိုအဆင့်မြင့်တာတွေရဖို့၊ ဖြစ်လာဖို့ ဘယ်ကြိုးစားနိုင်တော့မှာလဲလို့ပြောတယ်။ ခင်ဗျားတို့ သင်ကြားပုံမျိုးနဲ့ဆိုရင် သူတို့ဟာ ကိုယ်ကျင့်တရားကောင်းဖို့လည်း ပြောင်းလဲနိုင်ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူး။ အဲဒီလို ဘာမှ ဆန္ဒမရှိဘဲ နေလိုက်ရင် မာရ်နတ်ရဲ့  အသုံးချခံလေးတွေ ဖြစ်ကုန်မှာလို့ ပြောကြတယ်။ အနောက်တိုင်းမှာ  ကိုယ့်ဟာကိုယ် တိုးတက်အောင် လုပ်ဆိုတဲ့ စကားပုံရှိတယ်။  ကမ္ဘာကြီးက အသိအမှတ်ပြုထားတဲ့ တိုးတက်မှု၊ တခြားလူတွေက အသိအမှတ်ပြုတဲ့ တိုးတက်မှုမျိုး ရရှိအောင် လုပ်ယူကြရမယ်တဲ့။ ဘယ်လိုတိုးတက်အောင် လုပ်မလဲ။ ဘယ်လိုနည်းနဲ့ ပိုပြီး ကြီးကျယ်မြင့်မားသူ ဖြစ်လာအောင်လုပ်မလဲ။

အရှေ့တိုင်းမှာတော့ ကျုပ်တို့တွေဟာ ဒီကိစ္စကို ပိုပြီး နက်နက်နဲနဲရှုမြင်တယ်။ တစ်ခုခုဖြစ်လာအောင် အားထုတ် ဆိုတဲ့ ဆန္ဒဟာ အတားအဆီးတစ်ခုပဲလို့မြင်တယ်။ ခင်ဗျားဟာ ခင်ဗျားရဲ့ ဖြစ်တည်မှုကို သယ်ဆောင်ထားတာပဲ။ ဘာထပ်ဖြစ်အောင် လုပ်ဖို့လိုနေသေးလို့လဲ။ ကိုယ့်ကိုယ်ကို သိဖို့၊ နားလည်ဖို့သာလိုတယ်။ ဘယ်သူက ခင်ဗျားထဲမှာ ပုန်းနေသလဲဆိုတာ နားလည်သိမြင်သွားဖို့သာ လိုတယ်။ ဘာတွေ တိုးတက်အောင် လုပ်နေလုပ်နေ၊ ခင်ဗျားစိတ်တွေ ပူပန်နေမယ်။ စိတ်ထိခိုက်နေမယ်။ ခင်ဗျား တိုးတက်ဖို့ အားထုတ်မှုဟာ လမ်းမှားကို ပို့နေတယ်။ ဒီလိုလုပ်တဲ့အခါမှာ အနာဂတ်ကို အဓိပ္ပာယ်ရှိလာစေတယ်။  သိပ်ကောင်းတဲ့ အနာဂတ်၊ သိပ်ကို စံပြဖြစ်တဲ့ အနာဂတ်ဖြစ်လာစေတယ်။ အဲဒီတော့ စိတ်က ဆန္ဒနဲ့ လောဘတက်လာတယ်။

အလိုဆန္ဒတွေရှိနေရင်၊ ရည်မှန်းချက်နဲ့ လွဲသွားပြီ။ အလိုဆန္ဒတွေကို တစ်ဖက်မှာ ဖယ်ထားလိုက်။ တောင့်တမှုကင်းမဲ့ခြင်း ရေကန်လေး ဖြစ်လာမယ်။ ရုတ်တရတ် ခင်ဗျား အံ့သြသွားမယ်။ အဲဒီ ရေကန်လေး ဒီမှာ ရှိနေမယ်လို့ ခင်ဗျား မျှော်လင့်မထားဘူး။ အဲဒါကို သိလိုက်ရရင် ခင်ဗျား အူလှိုက်သည်းလှိုက် ရယ်မိမှာပဲ။ ဗောဓိဓမ္မ ရယ်နေသလိုမျိုးပေါ့။ သူ့တပည့်တွေက ပြောတယ်။ ခင်ဗျားလုံးဝ ဆိတ်ငြိမ်သွားပြီဆိုရင် သူ့ရဲ့ အောင်မြင်ခံ့ညားတဲ့ ရယ်သံကြီးကို ကြားရလိမ့်မယ်တဲ့။ သူ အခုအထိ ရယ်နေတုန်းပဲ။ သူအဲဒီတစ်ခါတုန်းကတည်းက ရယ်နေလိုက်တာ အခုအထိကို မရပ်တော့ဘူးတဲ့။ သူဘာလို့ရယ်သလဲဆိုတော့ ခင်ဗျားဖြစ်ချင်နေတာ ဖြစ်ပြီးသားဆိုတာ သိလိုက်ရတာကိုး။ ဘယ်လောက် ဟာသမြောက်လိုက်သလဲ။ ရောက်ပြီးသား ခရီးကို ပြန်သွားဖို့ကြိုးစားနေတာပဲ ဆိုတဲ့သိမြင်မှုဟာ သူ့ကို ရယ်ချင်စိတ်ဖြစ်စေတာပဲ။ အောင်မြင်ပြီးသားကိစ္စကို အောင်မြင်အောင်လုပ်ပါဆိုရင် ဘယ်လိုလုပ်မလဲ။ ပထမဆုရပြီးသားသူကို ပထမဆုရအောင်လုပ်လို့ ပြောသလိုဖြစ်နေပြီ။ ရပြီးသားကို မရသေးဘူးဆိုပြီး ကြိုးစားနေရင် ခင်ဗျား ဘယ်အောင်မြင်ပါ့မလဲ။ ဖြစ်နေပြီးသားကို ဖြစ်အောင်လုပ်နေတယ်ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါကို နားလည်သွားတဲ့ ဗောဓိဓမ္မတစ်ယောက် ရယ်လို့ကို မဆုံးတော့ဘူး။

ဗောဓိဓမ္မနဲ့ တိလောပနဲ့ဟာ ခေတ်ပြိုင်တွေပဲ။ သူတို့တစ်ယောက်နဲ့တစ်ယောက် သိကောင်းသိနေနိုင်တယ်။ လူချင်းတွေ့ဖူးတာမျိုး ဟုတ်ချင်မှဟုတ်မယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ အသိဉာဏ်ထူးရသူ အချင်းချင်း သိသလို သိနေနိုင်တယ်။

တိလောပက ပြောတယ်။

အပေးအယူ မလုပ်နဲ့။ စိတ်ကို အေးအေးသာသာ နားခိုင်းထားလိုက်ပါ။ မဟာမုဒြာ ဆိုတာ အနတ္တကို ညွတ်တဲ့စိတ်ပဲ။

ဥပါဒါန်ကင်းရင် ခင်ဗျားအောင်မြင်ပြီ။ အနတ္တတရားဟာ ခင်ဗျားလက်ထဲမှာ ရှိနေပြီးသား။ ခင်ဗျား ပိုင်ပိုင်ကြီး ရပြီးသား။

မဟာမုဒြာ ဆိုတာ အနတ္တကို ညွတ်တဲ့စိတ်ပဲ။ ဒီလိုလေ့ကျင့်တာဟာ ဗောဓိဉာဏ်ရဲ့ ရရာရောက်ကြောင်းပဲ။

အဲဒီလိုဆိုရင် ဘာကို လေ့ကျင့်နေဦးမှာလဲလို့ မေးစရာရှိတယ်။ ပစ္စုပ္ဗန်တည့်တည့်မှာ ကြာကြာနေဖြစ်ဖို့၊ပိုပြီးသက်သောင့်သက်သာရှိအောင် နေတတ်ဖို့ လေ့ကျင့်ရတာပေါ့။ သတိပါတဲ့ ပြုမူလုပ်ကိုင်ခြင်းကို ပိုလုပ်ဖြစ်အောင် လုပ်တာပေါ့။ လုပ်ငန်းဆောင်တာ ဗာဟီရတွေကို လျှော့နိုင်သမျှ လျှော့ချပစ်တာပေါ့။ ဟောင်းလောင်းပေါက်ဖြစ်နိုင်သမျှဖြစ်အောင် စိတ်ကိုအလွတ်ထားတာပေါ့။ ဥပေက္ခာတရားနဲ့ ပိုပြီးနေတာပေါ့။ စောင့်ကြည့်သူဖြစ်အောင် ပိုပြီး ကြိုးစားကြည့်တာပေါ့။ တစ်ခုခုဖြစ်လာဖို့လည်း မမျှော်ဘူး။ စိတ်ရဲ့သဘာဝတွေကို ကြောင့်ကြစိုက်လွန်းပြီး ပူတာပန်တာတွေကို လျှော့တာပေါ့။ တစ်ယောက်တည်းလည်း ပျော်အောင်နေဖို့၊လက်ရှိဘဝကိုပျော်ဖို့ ကြိုးစားတာပေါ့။ အောင်ပွဲခံသလို ဝမ်းမြောက်မှုပိုရှိအောင်လုပ်တာပေါ့။

ဒီလိုနဲ့ လေ့ကျင့်သွားရင်း သင့်တော်တဲ့အချိန်အခါ၊ အခိုက်အတန့်ရောက်ပြီး အသိဉာဏ်ရင့်ကျက်သွားတဲ့အချိန်မှာ သင်ဟာ ဉာဏ်အလင်းရှိသူ မဟာလူသား ဗုဒ္ဓဖြစ်သွားတာပဲ။

Regards,
Z

ခွေးရူးအသင်းသားများ

$
0
0
စိမ်းညိုမှောင်မည်းနေသော အခန်းလေးတစ်ခန်း။

လက်ပြန်ကြိုးတုပ်ထားသော လူတစ်ယောက် ကုလားထိုင်တွင် ခေါင်းငိုက်စိုက်ကြနေသည်။ စိမ့်အေးနေသော အခန်း၏ အအေးဓာတ်နှင့် ဆန့်ကျင်ဘက်ဆန်ဆန် အပေါ်ပိုင်း ဗလာကျင်းထားသော မေ့မျောနေသော သက်လတ်ပိုင်းလူတစ်ယောက်ကတော့ သူ့အဖြစ် သူမသိနိုင်သေး။ ချိုစောင်းတွင် ခြောက်သွေ့စ သွေးစများ သဲလွန်စတစ်ခုအဖြစ် ကျန်နေသေးသည်။

ဒီပုံနဲ့တော့ ဒီကောင် နိုးလာမှာမဟုတ်ဘူးဟု တွေးမိသည်။

ရေခဲသေတ္တာထဲမှ ရေခဲရေတစ်ခွက် ယူကာ မျက်နှာကို ပက်လိုက်သည်။

.. တဖြည်းဖြည်း ပွင့်လာသော မျက်လုံးများက အခန်းကို စူးစမ်းသည်။ နာကျင်မှုနှင့် ပလုံးပထွေးပြောသော စကားသံများ ထွက်ပေါ်လာသည်။

ကျွန်တော် ဘယ်ကို ရောက်နေတာလဲ။
ကျွန်တော့်ကို လွှတ်ပါ။

ခင်ဗျားရောက်နေတာ ငရဲပြည်။ အခုတော့ မလွတ်လောက်သေးဘူး။ ဒုက္ခနည်းနည်းပါးပါးရှိဦးမယ်ထင်ပါရဲ့။

ကျွန်တော့်ကို မသတ်ပါနဲ့ဗျာ။
ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်အသက်အတွက် ငွေဘယ်လောက်ပေးရပေးရပါ။

ခင်ဗျားဟာက အဆင့်ကျော်နေပြီ။ ပထမစစချင်းမှာ ခင်ဗျားက ဆဲဆိုကြိမ်းမောင်းရမယ်လေ။ အဲဒီလိုနည်းနဲ့မရမှ တောင်းပန်တဲ့နည်းသုံးရမယ်။ အခုလိုပြောင်းပြန်ဖြစ်သွားတာဟာ ခင်ဗျားအတွက် အန္တရာယ်နဲ့ပိုနီးသွားတာပဲ။

ခင်ဗျားက ဘယ်သူလဲ။ ဘာလို့ကျွန်တော့်ကို ဖမ်းလာတာလဲ။

ဒီကိစ္စနည်းနည်းတော့ပေရှည်တယ်။ အကျဉ်းချုပ်လိုက်ရင်တော့ လောကပါလတရားက လမ်းလျှောက်ထွက်နေတယ်။ သူမအားတော့ ခင်ဗျားလို လူလိမ်လူကောက်တွေကို ဆုံးမဖို့ကျုပ်ကို လွှတ်လိုက်တယ်။ ကျုပ်က သွားဆရာဝန်။ မူကြိုဆရာ၊ အချိန်ပိုင်းဘာသာပြန်ဆရာ။ ဒီအလုပ်တွေ ပျင်းဖို့ကောင်းလာရင် လောကပါလတရားအစား စေတနာ့ဝန်ထမ်းလုပ်တယ်။ ခင်ဗျား လက်သန်းက တော်တော်ရှည်တယ်နော်။ ကျုပ်ကလေးတွေကို စာသင်ရဦးမယ်။ လုပ်ငန်းမြန်မြန် စလိုက်ရအောင်ဗျာ။

Siri : Play Music Track 04 Viva La Vida

သီချင်းသံစတင်ထွက်ပေါ်လာသည်။ .... မှောင်ကုပ်ကုပ်အခန်းထဲတွင် မြူးကြွလှပသော တေးသံသည် လှိမ့်ဝင်လာသလိုဖြစ်နေသည်။

ကျွန်တော့်ကို ဘာလုပ်မလို့လဲဗျာ။ ကျွန်တော့်ကို မနှိပ်စက်ပါနဲ့။ ကျွန်တော့်ကို ပြန်လွှတ်ပေးပါ။

အေးဗျာ။ ကျွန်တော့် အတွေ့အကြုံအရ လူဟာ စကားပြောခွင့်ရနေသေးရင် တောင်းပန်တာနဲ့ ကြိမ်းမောင်းတာကို အတော် အရသာခံတာ။ ခင်ဗျားပါးစပ်ကိုလည်း အဝတ်စုတ်တစ်ခုခုနဲ့ပိတ်ထားဦးမှပါ။

ပြောပြောဆိုဆို အဝတ်စုတ်တစ်ခု ကောက်ယူကာ ပါးစပ်ထဲ ထိုးသိပ်ပိတ်ထားပေးလိုက်သည်။ Viva La Vida ကို တဝူးဝူး၊ တဝါးဝါးနဲ့ harmony လိုက်နေသလိုရှိတော့သည်။

အခုအချိန်ကစပြီး monologue  ဖြစ်သွားပြီပေါ့ဗျာ။ ခင်ဗျားက မလိုတာတွေသိပ်မေးတာကိုး။ ဟောဟိုမှာတွေ့လား အဲဒီအခန်းလေးထဲကအကောင်။ အဲဒီကောင်ကို မိချောင်းလိပ်လို့ခေါ်တယ်။ ဒီကောင်တွေက လက်တွေဘာတွေကိုက်ဖြတ်ရတာ သိပ်သဘောကျတယ်။ လူကောင်းသူကောင်းလက်တော့ ကျွန်တော်မကျွေးရက်ဘူးဗျ။ ခင်ဗျားကတော့ အာဂ အလှူရှင်ပဲဗျာ။ ခဏလေး ... လိပ်ကလေးကို သွားခေါ်လိုက်ဦးမယ်။

.... လိပ်အိမ်ထဲသို့ဝင်၍ လိပ်ကလေးကို သယ်ဆောင်သွားနိုင်သော လိပ်အိမ်ငယ်လေးထဲသို့ ထည့်လိုက်သည်။  သူ့တစ်ကိုယ်စာ သစ်သားအိမ်ငယ်လေး။ သယ်ရပြုရလွယ်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။

ဒီလိပ်လေးက အမေရိကတိုက်ကလာတယ်။ ပြင်သစ်ပြည်က ခေါင်းဖြတ်ဓားစက်တွေ ဇက်မရွေးသလိုပဲ သူ့သွားတွေက လူညစ်တွေရဲ့ လက်ချောင်းတွေကို ကိုက်ဖြတ်ပေးဖို့ တာဝန်ကျေတယ်။ ခင်ဗျား နည်းနည်းတော့ နာမှာပေါ့ဗျာ။ အခုလာနေတဲ့သီချင်းက Viva La Vida တဲ့။ ကိုယ့်ဘဝကိုအေးအေးနေဖို့ ကောင်းတာပေါ့ဗျာ။ ခင်ဗျားလိမ်လိုက်တာ ကိုဘသောင်းတို့ မိသားစု ဘဝပျက်တယ်။ မအေးလှတို့ အဆိပ်သောက်သေတယ်။ ခင်ဗျားကတော့ ဥပဒေ အပြင်ဘက်မှာ ဘီယာလေးသောက်၊ပန်းကုံးလေးစွပ်၊ အနှိပ်ခန်းလေးသွားနဲ့ အဆင်ပြေနေတယ်။ ဥပဒေဆိုတာတော့ ခင်ဗျားတို့လို လူလည်ပတ်ကားတွေကို ဘယ်လိုက်ဖမ်းနိုင်မလဲဗျာ။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်တာဆိုတော့ ဥပဒေက လက်တံမမီဘူးပေါ့။ ကျုပ်တို့ အဖွဲ့မှာတော့ စည်းကမ်းမရှိဘူးဗျ။ ခွေးရူးတွေလိုပဲ။ ခင်ဗျားရဲ့ပြဿနာက လောကမှ ခွေးရူးတွေမရှိဘူးထင်တာပဲ။ အဲဒါနည်းနည်းတော့မှားတယ်ဗျ။ အဲဒီအသိတရားလေးရဖို့ခင်ဗျား လက်သန်းလေးတစ်ချောင်းလောက် အလှူထည့်ဝင်လိုက်တာကောင်းသဗျာ။ ဒီလိပ်ကလေးကို ကျွန်တော်တို့က Justice လို့ခေါ်တယ်။ Justice ရေ .... မနက်စာလေး စားလိုက်ပါဦး။

အရာရာဟာ တိတိကျကျလေးဖြစ်တယ်။ လိပ်အိမ်ထဲ လက်သန်းလေးတစ်ချောင်း ဝင်ရောက်သွားပြီး ပြန်ထွက်မလာတော့ဘူး။ သေးစသွေးန ပေကျံနေတဲ့ လက်သန်းရှိခဲ့ဖူးတဲ့နေရာလေးတစ်ခုပဲကျန်ရစ်တယ်။

အေးဗျာ။ အဲဒီသင်ခန်းစာက သိပ်သိမ်မွေ့လွန်းတော့ ခင်ဗျား နားလည်မှာမဟုတ်ဘူး။ အခုဆို ခင်ဗျားစိတ်က နာကျင်တာ တည့်တည့်ကို ရှုမိပြီ။ ကောင်းတယ်ဗျာ။ ဘာလို့ ကျွန်တော့်ကို ဘာလုပ်မှာလဲ မေးနေဦးမှာလဲ။ ခင်ဗျားကို ကျွန်တော်က လျှာရှည်ပြီး လက်သန်းကို လိပ်တစ်ကောင်ကို ကျွေးဖို့လေဆိုပြီး ကြိုပြောထားလို့ မဖြစ်ဘူး။ ရသခံစားမှုပျက်သွားမယ်။ ခင်ဗျားကိုယ်တိုင် အရှိအတိုင်းကြုံလိုက်ရတာ အရသာပေါ့။ ခင်ဗျားက လိမ်တယ်။ မိသားစုတစ်ချို့ ဘဝပျက်တယ်။ အခု ခင်ဗျားရဲ့လက်သန်းလေးက ဒီတာဝန်ကို သူခံလိုက်တယ်။ ဒါ ဒီနေ့အတွက် သင်ခန်းစာပေါ့ဗျာ။ နားနားနေနေနေ။ လက်သွေးတိတ်အောင် ဆေးထည့်ပေးခဲ့မယ်။ ကျုပ်တို့ဆီမှာ ဆေးမျိုးစုံရှိတယ်။ အနာလည်းမရင်းစေရဘူး။

သွေးစများကို အရက်ပြန်ဖြင့် မြန်မြန်ဆန်ဆန် ဆေးကြောပေးလိုက်သည်။ သွေးထွက်မလွန်စေရန် ဆနွင်းမှုန့်များသိပ်ထားပေးလိုက်သည်။

ဆနွင်းဆိုလို့ အထင်မသေးနဲ့ဗျ။ သွေးတိတ်တယ်။ ပိုးမဝင်ဘူး။ အင်္ဂလိပ်ဆေးလည်း တိုက်ခဲ့ပါဦးမယ်။ ခင်ဗျားအတွက် ရေပိုက်လေးတစ်ခုထားပေးတယ်။ အဲဒီရေပိုက်နဲ့သောက်။ အပေါ့အလေးသွားဖို့တော့ လောလောဆယ် ခုံအောက်မှာ ပုံးတစ်ပုံးရှိတယ်။ ခုံက အပေါက်ပဲ။ အဲဒီထဲသာပေါက်ချ။ စားစရာတော့မရှိသေးဘူးဗျ။ ညနေမှ တစ်ခုခုစားပေါ့။ပါရ၊ ပေါက်ရလွယ်အောင် ခင်ဗျားအဝတ်တွေချွတ်ပေးခဲ့တယ်။ အညာစောင်ပါးလေးလွှမ်းပေးခဲ့တယ်။ အဆင်ပြေအောင်နေဗျာ။ လောကကြီးမှာ သိပ်မလွယ်ဘူးမဟုတ်လား။

..........နာရီဝက်ခန့် လူနာစောင့်ရှောက်ခြင်းအမှုကို ပြုလုပ်ပြီးသည့်အခါ မျက်နှားဖုံးစွပ်ထားသော လူတစ်ယောက် အခန်းပြင်သို့ အေးအေးသာသာပြန်ထွက်သွားခဲ့သည်။

လိပ်ကလေး justice ကတော့ သူ့ နေထိုင်ရာ ရေကန်ပါသော အိမ်လေးထဲတွင် တရွေ့ရွေ့လျောက်နေသည်။ အရာအားလုံးသည် မုန်းတီးမှုမပါကြ။ လက်စားချေခြင်းလည်းမဟုတ်။ ကျေပွန်သော တာဝန်ထမ်းဆောင်မှုတစ်ခုမျှသာ။ ...... သူတို့အားလုံးသည် ခွေးရူးသက်သက်သာဖြစ်ပါသည်။

နာကျင်ကြောက်လန့်နေသော လူတစ်ယောက် အော်ဟစ်နေသေးသည်။ ပါးစပ်တွင် ဆို့ထားသော အစို့ဖြုတ်ပေးခဲ့ခြင်းကြောင့်အသံများ အက်ကွဲကုန်သည်အထိ အော်ဟစ်နေသည်။ အကူအညီတောင်းခံနေသည်။ လူသည် မိမိအသည်းအသန် လိုအပ်ချိန်တွင် မရရှိခဲ့သော အကူအညီများကို ပို၍မှတ်မိနေတတ်ဟန်တူသည်။

-----------------------------------------------------------------------------------------------------------
ဒုတိယနေ့ .....

ဟဲလို .. ခင်ဗျား ဒီနေ့ဘယ်လိုလဲ။ အေးအေးဆေးဆေးပေါ့။ အိမ်သာပုံးတွေသွန်ရတဲ့ ဒုက္ခဟာ တယ်မသေးတာပဲ။ လူတစ်ယောက်ကို ဖမ်းထားရတဲ့ ဒုက္ခဟာ မသေးဘူးဗျ။

ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ကို ထပ်မနှိပ်စက်ပါနဲ့တော့။

Gotcha ...  ခင်ဗျားက ထပ်နှိပ်စက်မယ်ထင်နေသေးတာပဲ။ စကတည်းက နှိပ်စက်တာမဟုတ်ဘူးဗျ။ ခင်ဗျားလုပ်ထားတာတွေ ခင်ဗျားဆီပြန်လာနေတာ။ ဒီနေ့တော့ ကျောင်းတော်ရဲ့ နည်းနာဘက်သွားမှပဲ။ ထပ်မပြောဘဲနေတာကောင်းမယ်ဗျ။ ခင်ဗျား ပါးစပ်မှာ အဝတ်စို့ခံရတာထက်တော့ တိတ်တိတ်လေးနေရင်း အံ့အားသင့်ရတာပိုကောင်းသဗျာ။

ခဏလေး ကျွန်တော် မီးဖိုလေး သွားသယ်လိုက်ဦးမယ်။

လက်ဆွဲမီးဖိုလေးတစ်ခုသယ်ရင်း သူပြန်လည်ရောက်ရှိလာသည်။ မီးဖိုအတွင်းတွင် သံချောင်းတစ်ချောင်းထိုထိုးထောင်ထောင်ဖြစ်နေသည်။

ဒီသံချောင်းက တံဆိပ်တုံးတစ်မျိုးပေါ့ဗျာ။ လူဟာ ဟီရိအားနည်းသွားတတ်တယ်ဗျ။ ခင်ဗျား လိမ်တယ်။ ကိုယ့်ဟာကိုယ်မရှက်တော့ဘူး။ အဲဒီလိုဖြစ်လာတာ ခင်ဗျားအတွက် အင်မတန်ဆိုးတယ်။ အဲဒီတော့ ကျုပ်တို့တွေးတယ်။ ခင်ဗျားရဲ့ဗိုက်မှာ ဟီရိလို့ ရေးထားပေးလိုက်ရင် ခင်ဗျား ပိုပြီး ရှက်တတ်လာမယ်ဗျ။ သံသရာကောင်းဖို့အတွက်ပါဗျာ။

ကျွန်တော့်ကို မနှိပ်စက်ပါနဲ့ဗျာ။ ကျွန်တော်ရှိကြီးခိုးပါတယ်။

ဟာဗျာ ... မလုပ်ပါနဲ့။ ရှိခိုးတယ်ဆိုတာ မကောင်းလှဘူး။  ဘုရားပဲရှိခိုးသင့်တယ်။ ခင်ဗျားကိုယ်ခင်ဗျား ကြည်ညိုလာတဲ့တစ်နေ့ ကိုယ့်စိတ်လေးကိုယ် ရှိခိုးလို့ရမယ်။ ကျန်တာတွေတော့ မရှိခိုးပါနဲ့ဗျ။

ဟီရိနဲ့သြတ္တပဟာ နတ်ပြည်ရောက်ကြောင်း ဓမ္မတွေဗျ။ လူလိမ်ဘဝက သေချာပေါက် လွတ်မှာပါဗျာ။ ဒါလေးကို ဆင်ခြင်ဗျ။ ခင်ဗျားဗိုက်မှာသာ ရေးပေးထားရတာ။ ပြန်ရော ဖတ်ပါ့မလားတွေးပူးမိတယ်။ ခင်ဗျား အမြဲဆင်ခြင်ပါ့မယ်လို့ ကတိပေးရမယ်နော်။ မဟုတ်ရင် ကျုပ်တို့ စေတနာ အလကားဖြစ်ကုန်မယ်။

ခင်ဗျားဟာ အရူးပဲ။ လူကောင်းတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို ဒီလိုနှိပ်စက်ပိုင်ခွင့်မရှိဘူး။

အေးလေ။ ခင်ဗျားပြောတဲ့စကားကိုက အဖြေပဲ။ အရူးဟာ ဘာမဆို လုပ်ခွင့်ရှိတယ်။ ခွေရူးဟာ ဘာမဆို ကိုက်ခွင့်ရှိတယ်ဗျ။ ခင်ဗျားအတွေးအခေါ်တွေ မဆိုးဘူးဗျာ။ လူလိမ်တစ်ယောက်မဟုတ်ခဲ့ရင် ခင်ဗျား ဘုန်းတော်ကြီးတောင်ဖြစ်နိုင်တယ်။ ခဏလေးဗျာ ... တံဆိပ်တုံးလေး ကျက်သွားပြီ။

မီးလျှံတရဲရဲတောက်ပနေသော ဟီရိကို ပြောင်းပြန်ရိုက်နှိပ်ထားသော သံတွေခဲသည် တောက်ပနေသည်။ အပူငွေ့တလဲ့လဲ့ဖြာနေသည်။ မျက်နှာဖုံးနှင့်လူက လက်ကိုင်ကို မပူစေရန် လက်အိတ်အထူဖြင့် ကိုင်လိုက်သည်။ ထို့နောက် ကြိုးတုပ်ထားသူဘက်လှည့်၍ပြောသည်။

တော်သေးတယ်။ ကျုပ်မေ့တော့မလို့။

Siri : Play Music Track 04 Viva La Vida

သီချင်းသံထွက်ပေါ်လာသည်။ ..... မြူးကြွသော တေးသီချင်းသည် မှောင်မိုက်သော အခန်းထဲတွင် ကခုန်ပျော်ပါးနေသည်။

Good Music, Good Life တဲ့ဗျာ။ ကျုပ်တို့လို အရူးဖြစ်သွားတဲ့ နစ်ရှေးကြီးတောင်Without music, life would be a mistake လို့ပြောသဗျ။ ခင်ဗျားလည်း ကယ်ရီရိုးကီးတွေ ဆိုနေတာဆိုတော့ ဒီလောက်တော့သိမှာပဲဗျ။ ကောင်းတယ်။ အဲဒီလိုသိတာကောင်းတယ်။ မျက်လုံးမှိတ်ချင်မှိတ်ထားဗျာ။ ခင်ဗျားလှုပ်တော့မလှုပ်နဲ့။ တံဆိပ်တုံးက မညီရင် မလှဘူးဗျ။

.... ရှဲကနဲ မြည်သံနှင့်အတူ အသားညှော်နံ့ထွက်လာသည်။ နာကျင်စွာအော်လိုက်သော အသံနက်ကြီးနှင့်အတူ လောင်မြိုက်သံသဲ့သဲ့လေးသည် Viva La Vida အလိုက်လေးနှင့်အတူ ခုန်ပေါက်နေသည်။ အသားများတဆတ်ဆတ်တုန်နေသော လူတစ်ယောက်၏ ရင်ဘက်တွင် နီရဲသော လောင်ကျွမ်းမှုဖြင့် ဟီရိဟူသော စာလုံးသည် ဖောင်းကြွဖြစ်နေသည်။

အေးဗျာ ... ဒီနေ့တော့ ခင်ဗျား အသံသိပ်မထွက်တော့ဘူး။ ခင်ဗျားမှာ ဟီရိရှိသွားပြီ။ ဟီရိရှိရင် သြတ္တပ္ဗရဲ့အကူအညီမလိုတော့ဘူးဗျ။ သြတ္တပ္ဗက အပြင်ကထိန်းတာ။ အတွင်းမှာ အထိန်းအကွပ်ရှိသွားရင် ခင်ဗျားမှာ အပြင်ထိန်းမလိုတော့ဘူး။

ဒီနေ့တော့ ကျုပ်အားတယ်။ ခင်ဗျား single malt scotch အစစ်လေးတစ်ခွက်ချလိုက်ဗျာ။ တက်တူးထိုးတဲ့သူတွေတောင် အနာခံရဲသေးတာပဲဗျာ။ အေးဆေးပဲမဟုတ်လား။

အစားကတော့ ဆန်ပြုတ်ပဲဗျာ။ ကျုပ်အစာအိမ်မကောင်းဘူး။ ဆန်ပြုတ်ပဲသောက်တယ်။ လောကကြီးထဲမှာ ... ကျုပ် ဝါသနာအပါဆုံးက လူတွေကို ပြောင်းလဲပစ်ရတာပဲ။ ခင်ဗျားဟာ ကျနော်ရိုက်ပြီး ခေါ်မလာခင်အထိ လူလိမ်တစ်ယောက်နော်။ ဒီကနေ ပြန်ထွက်သွားတဲ့အခါမှာ ခင်ဗျားဟာ လောကပါလတရားရဲ့ ခွေရူးတစ်ကောင်အဖြစ်ပြန်သွားမှာ။ ဒါကို မယုံမရှိနဲ့။ ခင်ဗျားရဲ့ အပိတ်အဖုံးတွေက ထူထပ်လွန်းလို့ ခင်ဗျား ပိတ်နေတာ။ ဒီအပိတ်အဆို့တွေကို တရားဟောပြလို့မရဘူး။ ခင်ဗျားဗိုက်မှာ ဟီရိရှိသွားပြီ။ အဲဒီလောက် အသည်းခိုက်နာအောင် ဟောတဲ့တရား ခင်ဗျား လိုက်ရှာဖို့ခက်မယ်။ အဲဒီဟီရိကနေ ခင်ဗျားထွက်ပြေးလို့မရတော့ဘူး။ လောကမှာ ခင်ဗျား လူလည်ကျလို့ရတဲ့သူတွေရှိတယ်။ ကျလို့မရတဲ့လူတွေလည်းရှိတယ်။

အစားအသောက်ကောင်းကောင်းစား။ ခင်ဗျားကြည့်ရတာ အစာမသန့်တာတွေ စားလွန်းတယ်။ လူက ညစ်ထပ်ထပ်ဖြစ်နေတယ်။ ဒါတွေကို detox လုပ်ပစ်ရမယ်။ အဲဒီအဆိပ်တွေနဲ့ ခင်ဗျား ကောင်းရာမွန်ရာ လုပ်ဖို့ခက်တယ်။

-----------------------------------------------------------------------------------------------------------
တတိယနေ့ ....

Hello မင်္ဂလာရှိသောနေ့ဗျာ။ ခင်ဗျားစကားမပြောတော့ဘူး။
ကောင်းတယ်။ ဒါပေမယ့် avoidance ဖြစ်နေတယ်။ ဒီနေ့ ခင်ဗျားကို ကြိုးဖြည်ပေးမယ်။ အခန်းနဲ့နေရတော့မှာပေါ့ဗျာ။

ပြောပြောဆိုဆို မျက်နှာဖုံးနှင့်လူသည် ချုပ်နှောင်ထားသူကို ကြိုးဖြည်ပေးလိုက်သည်။

ဒေါသအမျက်ဖြင့် လင်းလက်နေသောမျက်လုံးများဖြင့် အဖမ်းခံရသူက တိုက်ခိုက်သည်။ မျက်နှာဖုံးနှင့်လူက အသာအယာပင်ခုခံသည်။ အဖမ်းခံရသူက low kick ဖြင့် အောက်ခြေဖြတ်ရိုက်သည်။ မျက်နှာဖုံးနှင့်လူက လျင်မြန်စွာ ပေါင်အတွင်းခြမ်းကို ဖြတ်ကန်ပစ်လိုက်သည်။ အဖမ်းခံရသူ ခွေခနဲ လဲအကျ မျက်နှာဖုံးနှင့်လူ၏ ဒူးပျံက နှာနုရိုးကို ဖြတ်တိုက်ပစ်လိုက်သည်။ နှာခေါင်းကျိုးသံသဲ့သဲ့ကြားရသည်။ ပြန်ကုန်းထလာသော အခါ အသင့်စောင့်ကြိုနေသော ခြေထောက်က အောက်ဆုံးနံရိုးတည့်တည့်ဖြတ်ကန်ပစ်လိုက်သည်နှင့်ကြုံသည်။ ဖျောက်ခနဲနံရိုးကျိုးသွားသံထွက်လာသည်။ အဖမ်းခံရသူ ကြမ်းပြင်ပေါ်တွင် ညည်းတွားလျက် ပြန်မထနိုင်တော့။

ခင်ဗျားကို ပြောမလို့မေ့သွားတယ်။ ကျုပ်တို့အသင်းမှာ ကိုယ့်ကို လာတိုက်ခိုက်တဲ့သူကို အရိုးတစ်ချောင်းလောက် မချိုးဘဲ မလွှတ်လိုက်ရဘူးဗျ။ ဆောရီးဗျာ။ နံရိုးပြန်ဆက်ဖို့ နည်းနည်း အချိန်ယူရဦးမှာပေါ့။ တရုတ်ဆေးဆရာ လာကုပေးလိမ့်မယ်။ နောက်ဆို နိုင်လောက်လားသေချာမသိဘဲနဲ့ လူတွေကို လျှောက်မတိုက်ခိုက်နဲ့ဗျ။ အခန့်မသင့်ရင် နာတယ်နော်။

ထို့နောက် လဲကျနေသူအား ခြေထောက်မှ ဆွဲ၍ အခန်းကျဉ်းလေးတစ်ခုထဲ ခေါ်သွားသည်။ ဆေးဆရာက အသင့်စောင့်နေသည်။ နံရိုးကို ကြပ်စည်းပေးလိုက်သည်။ နှာခေါင်းရိုးကို ဆတ်ခနဲဆွဲပြီး ပြန်တည့်ပေးလိုက်သည်။ သွေးဖြိုင်ဖြိုင်ကျနေသော နှာခေါင်းကို ရေခဲအိတ် ကပ်ပေးထားလိုက်သည်။

အခန်းကျဉ်းလေးသည် အကျဉ်းထောင်မှ အခန်းပုံစံ တည်ဆောက်ထားသည်။ ကုတင်တစ်လုံးနှင့် အိမ်သာတစ်လုံးပါသည်။ လက်ဝှေ့အိတ်တစ်လုံးချိတ်ထားပေးသည်။ ထိုမျှပင်။

မနက်လေးနာရီဆိုရင် ဟီရိနဲ့ ပတ်သက်တဲ့ တရားတွေလာမယ်။ နေ့လည်ဆို ခင်ဗျားစားစရာ ဆန်ပြုတ်တစ်ပွဲလာမယ်။ ညဘက် သစ်သီးတစ်မျိုးရမယ်။ ကျန်တာတော့ဘာမှမရဘူး။
--------------------------------------------------------------------------------------------------
၁၇၆ ရက်။
++++++++++++++++++++++++++++++++++++++++++++++++
ဟဲလို။ ဒီနေ့ရော ဘယ်လိုလဲ ခွေးရူးလောင်း။ ဘဝဟာ နှစ်ခုပဲရှိတယ်။ စားချင်ရင်စား၊ နားချင်ရင်နား။ ဒီအတွဲအစပ်က တစ်ခု။ လက်ဝှေ့ထိုးချင်ထိုး၊မထိုးချင်နား။ ဒါပဲ။ ခင်ဗျားရဲ့လောကဟာ ဒါပဲ။ မျှော်လင့်ချက်မထားနဲ့။ နေနေရတဲ့နေရာမှာပဲနေ။

တစ်နေ့ မင်းကို ငါသတ်မယ်။

ကောင်းတယ်။ အခုတံခါးဖွင့်ပေးလိုက်ရင် အဆင်ပြေသလား။

ဒါတော့မင်းသဘောပဲ။

မျက်နှာဖုံးနှင့်လူက တံခါးသော့ကို ထုတ်ပြီး တံခါးဖွင့်ပေးလိုက်သည်။ ဒီတစ်ခါတော့ လွန်ခဲ့တဲ့ ၆ လကလို ပြေးပြီး မတိုက်ခိုက်တော့။ အကွက်ချောင်းနေသည်။ ထို့နောက် အလျင်မြန်ဆုံးပြေးပြီး မျက်နှာဖုံးစွပ်လူ၏ ခြေထောက်ကို ပြေးဖမ်းလိုက်သည်။

မျက်နှာဖုံးစွပ်လူက ရှောင်မသွားဘဲ ရှေ့တည့်တည့်တိုးဝင်ပြီး အရှိုက်ကို Mae Geri ကန်ချက်ဖြင့် လှမ်းထောက်ပြီး နင်းလိုက်သည်။ အချုပ်နှောင်ခံနေရသူ လဲကျသွားသည်။ အသက်ရှူ၍မရတော့။ မျက်နှာဖုံးနှင့်လူက သူ့ညာဘက်နံဘေးတွင် ဒူးထောက်ထိုင်ချလိုက်သည်။

ယိစ် ... ..မာန်သွင်းသံ တစ်ချက် ဟိန်းထွက်ပြီး လဲကျနေသူ၏ နံရိုးဆီသို့ ပြင်းထန်သော လက်သီးချက်ကျရောက်လာသည်။ .... အရိုးကျိုးသံ ဖျောက်ခနဲထွက်ပေါ်လာသည်။

လူတွေဟာ အမှားမှားလို့ရတယ်ဗျ။ ဒါပေမယ့် အမှားတစ်ခုတည်း နှစ်ခါမှားရတာ ခက်တယ်။ နံရိုးနှစ်ချောင်းကျိုးဖူးသွားပြီဆိုတော့ခင်ဗျား ဒါကို နည်းနည်းလေး ဆင်ခြင်ကြည့်ဖို့ကောင်းပြီ။ ....

လဲကျနေသူကို ခြေထောက်မှ ဆွဲပြီး အခန်းထဲခေါ်သွားသည်။ မကြာခင် ဆေးဆရာရောက်လာပြီး ကြပ်စည်းပေးသည်။ လူအားလုံးက အထူးအဆန်းတစ်ခုဖြစ်နေသည်နှင့်မတူ။ သာမန်ဖြစ်ရိုးဖြစ်စဉ်လေးတစ်ခုလို သာသာယာယာပင် သဘောထားကြသည်။

------------------------------------------------------------------------------------------------------
၃၆၅ ရက်။
------------------------------------------------------------------------------------------------------
လူလှတစ်ယောက် ဒီနေ့ အိပ်ရာနိုးသည်နှင့်ဆင်ခြင်နေမိသည်။ မိမိတစ်ဘဝလုံး လူလိမ်အဖြစ် အောင်မြင်စွာရပ်တည်လာခဲ့သည်။ ရုတ်တရတ် လူတစ်ယောက် သူ့ကို ရိုက်ပြီး ဖမ်းဆီးခေါ်ဆောင်လာသည်။ လက်သန်းဖြတ်ပစ်သည်။ ဗိုက်ကို သံပူနှင့်ကပ်သည်။ ပြန်တိုက်ခိုက်ဖို့ကြိုးစားတော့လည်း အမြဲရှုံးနိမ့်သည်။ မည်သည့်နေရာမှန်းမသိရသည့် အကျဉ်းခန်းလေးတစ်ခုတွင် သူပိတ်မိနေသည်။ လက်ဝှေ့အိတ်တစ်ခု၊အိမ်သာတစ်ခု၊ ကုတင်တစ်လုံးသာရှိသည့်နေရာတွင် သူပိတ်မိနေသည်။ မျက်နှာဖုံးစွပ်ထားသော လူများကို မကြာမကြာတွေ့သည်။ ဆေးဆရာလည်းပါသည်။ ကျောင်းဆရာလည်းပါသည်။ ဆရာဝန်လည်းပါသည်။ သူ့ကို ဓာတ်ခွဲခန်းမှ သတ္တဝါတစ်ကောင်လို သဘောထားကြပုံရသည်။ မနက်ခင်းတွင် ဟီရိအကြောင်း တရားတစ်ပုဒ်ကို ဘုန်းကြီးတစ်ပါးဟောသည့် တရားလာသည်။ တစ်နှစ်ပတ်လုံး ဒီ တရားတစ်ပုဒ်သာလာနေသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ တစ်နှစ်ကြာသည့်အခါ ဟီရိတရားသည် သူ့အတွက် အလွတ်ရွတ်၍ ရလောက်အောင် စွဲစွဲမြဲမြဲ မှတ်မိလာသည်။

ကြောက်ရွံ့ခြင်း၊ဒေါသထွက်ခြင်း၊ မကျေနပ်ခြင်းများ တစ်ရက်ထက်တစ်ရက် လျော့ပါးလာသည်။  စိတ်လက်ပေါ့ပါးစွာ အိပ်ရာမှ ထလိုက်သည်။

Hello ဒီနေ့ ခင်ဗျားကြည့်ရတာ အဆင်ပြေတယ်။ နေကောင်းစပြုလာပြီပဲ။

မည်သည့်အချိန်က ရောက်လာမှန်းမသိရသည့် မျက်နှာဖုံးစွပ်နှင့်လူ အခန်းအပြင်မှ လမ်းနှုတ်ဆက်လိုက်သံကြားရသည်။

အမှတ်မထင် လူလှက လှမ်းပြီး ပြုံးပြလိုက်မိသည်။

အိုး .. ခင်ဗျား ပြုံးနိုင်ပြီ။ ခင်ဗျားကို ဖမ်းထားလို့မဖြစ်တော့ဘူး။ မြန်မြန်ပြန်လွှတ်မှပဲ .....။

ရုတ်တရတ် လူလှ၏ အခန်းသည် အမှောင်အတိကျသွားသည်။ စူးရှရှ ဓာတ်ငွေ့တစ်မျိုး၏ ရနံ့ကိုရလာသည်။ သူ့ခေါင်းထဲ ရီဝေဝေဖြစ်လာပြီး ... ဖြည်းဖြည်းချင်း လဲကျသွားသည်။

====================================================
နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ဦးလူလှတစ်ယောက် မိမိဘဝကို ပြန်လည်ပြင်ဆင်ပြီး ဂုဏ်သရေရှိ လူကြီးလူကောင်းတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်သည်။ ငယ်စဉ်က အဖြစ်အပျက်ကို ပြန်တွေးကြည့်ပြီး လက်သန်းပြတ်လေးကို ကြည့်လိုက်မိသည်။ တစ်ချက် ကျေကျေနပ်နပ်ပြုံးမိလိုက်သည်။

မောင်းလာသော ကားကို မြို့စွန်ရှိ အိမ်ကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်သည်။ ကားဒတ်ရှ်ဘုတ်ခ်ထဲကို ဖွင့်လိုက်သည်။ သံတုတ်တိုတစ်ချောင်းနှင့် မျက်နှာဖုံးတစ်ခု ထွက်ကျလာသည်။ ဒီလက်ဆောင်နှစ်ခုကို သူ့ လေးဆယ်ပြည့် မွေးနေ့တွင် အမည်မသိလူတစ်ယောက်က ပို့ပေးလိုက်ခြင်းဖြစ်သည်။

မှောင်ရီပျိုးစပြုချိန်အထိ စောင့်ဆိုင်းပြီး မျက်နှာဖုံးစွပ်လိုက်သည် သံတုတ်တိုလေးကို ကျစ်ကျစ်ပါအောင်ကိုင်ပြီး ခြံထဲ သာသာယာယာ လျှောက်ဝင်သွားသည်။

တံခါးကို သုံးချက်ခေါက်လောက်သည်။

punk ဆံပင်နှင့် လူငယ်တစ်ယောက်ထွက်လာသည်။

ခင်ဗျား ဘယ်သူ ....

ခွပ် .....။

စကားလုံးတွေ မလိုအပ်ဘူးကွ။ ..... ချိုစောင်းတွင် ကွဲအက်ဒဏ်ရာနှင့် မေ့မျောကာ လဲကျသွားသော လူငယ်ကို ခြေထောက်မှ ဆွဲကာ ကားဆီသို့ ဆွဲခေါ်လာသည်။ ကားဘေးတံခါးဆွဲဖွင့်ပြီး အဆင့်ရှိနေသော ဆေးထိုးအပ်ဖြင့် ဆေးရည်တစ်ချို့စုပ်ယူကာ punk လူငယ်ကို ဆေးထိုးပေးလိုက်သည်။ လက်နှစ်ဖက်ကို လက်ထိပ်ခတ်လိုက်သည်။ မေ့မျော့နေသူကို ကားထဲသို့ မတင်လိုက်သည်။ ထို့နောက် ဘေးတံခါးကို သေချာပြန်ပိတ်သည်။

ကားမောင်းသူခုံတွင် ပြန်ဝင်ထိုင်ရင်း ... သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။

Viva La Vida ......

သီချင်းအလိုက်လေးကို လေချွန်ရင်း ဦးလူလှ ကားကို မောင်းထွက်သွားသည်။ ........  ။               ။

==============================================


Regards,
Z

အဖေ့မွေးနေ့မှာ ဝတ္ထုတို တစ်ပုဒ်ရေးပါတယ်။ အမှတ်တရ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။




သဘာဝတရားနှင့် သဟဇာတဖြစ်စွာ နေထိုင်ခြင်း အပိုင်း ၁၀ - Creativity - OSHO

$
0
0
သဘာဝတရားနှင့် သဟဇာတဖြစ်စွာ နေထိုင်ခြင်း 

 တီထွင်ဖန်တီးမှုစွမ်းရည်ဟာ ဖြစ်တည်ခြင်းနဲ့ သိစိတ်ရဲ့ ဝိရောဓိ အခြေအနေလေးတစ်ခုပဲ။ ဘာမှမလုပ်ဘဲနေရင်း လုပ်လိုက်တာမျိုး။ ဒါကို လောက်ဇူကတော့ ဝေ-ဝူ-ဝေ လို့ခေါ်တယ်။ ကိုယ့်ကိုယ်ကို ဗလာနယ်ပြုလိုက်တဲ့အခါမှာ တီထွင်မှုစွမ်းရည်ဟာ အခြားတစ်နေရာကနေ ကိုယ့်ဆီကို ဖြတ်သန်းစိမ့်ဝင်ပြီး ရလဒ်တစ်ခုအဖြစ် ထွက်ပေါ်လာတယ်။ ကိုယ်လုပ်လိုက်တာ မဟုတ်ဘူး။ ကိုယ်က သူ့ရဲ့ဖြတ်သန်းစီးဆင်းမှုကို ခွင့်ပြုလိုက်တာသာ ဖြစ်တယ်။ ခင်ဗျားဟာ ဗလာဖြစ်နေတဲ့အခါမှာ ပြည့်ဝစုံလင်ခြင်းဟာ စီးဝင်လာနိုင်တယ်။ အခေါင်းပါတဲ့ ဝါးလုံးဖြစ်သွားတာပဲ။ အခေါင်းပါတဲ့ဝါးလုံး ဖြစ်သွားရုံလေးပဲ။

 ဒီလိုဖြစ်လာပြီဆိုရင် ရုတ်ချည်း တစ်ခုခု ဖြစ်ပေါ်လာတော့တာပဲ။ လူသားသဘာဝရဲ့နောက်မှာ ကွယ်ငုပ်နေတာက ဘုရားသဘာဝပဲ။ လူဟာ ဗလာနယ်ဖြစ်လာတဲ့အခါမှာ ဘုရားသဘာဝအတွက် လမ်းပွင့်သွားစေတယ်။ လမ်းပွင့်သွားလို့ ဒီသဘာဝလေးဟာ ထွက်ပေါ်လာနိုင်တယ်။ ဒါကိုပဲ တီထွင်ဖန်တီးမှု စွမ်းရည်ဆိုပြီး ဝိဂြိုဟ်ပြုခေါ်တွင်ကြတာပါပဲ။ ဘုရားသဘာဝကို ခွင့်ပြုလိုက်တာ။ တီထွင်ဖန်တီးနေတယ်ဆိုတာ လေးလေးနက်နက်ပြောရရင် ဘာသာရေးပဲ။ စိတ်က ဘုရားဘက်ကို ညွတ်နေတယ်။ ဒါကြောင့်လဲ ကျုပ်ကပြောတာပေါ့။ ကဗျာဆရာဟာ ဘာသာရေးပညာရှင်ထက်တောင် ဘုရားနဲ့ ပိုနီးသေးတယ်ဆိုတာ။ ကချေသည်က ပိုတောင် နီးတယ်။ တွေးခေါ်ရှင်ကတော့ အဝေးဆုံးပေါ့ဗျာ။ များများတွေးလေလေ၊ ပြည့်ဝစုံလင်ခြင်းနဲ့ မိမိရဲ့အတွင်းစိတ်အဇ္ဈတ္တ ဝေးကွာလေလေ ဖြစ်စေတယ်။ များများတွေးလေလေ၊ အတ္တရဲ့တည်ရှိမှုဟာ ထူထပ်သိပ်သည်းလာလေလေ။ အတ္တဆိုတာ တခြားမဟုတ်ဘူး။ အတိတ်က စုစည်းမိလာတဲ့အတွေး အစိုင်အခဲကြီးပဲ။ ခင်ဗျားရဲ့အတ္တ (ငါ) မရှိရင် ဘုရားသဘာဝ (အနတ္တ) ရောက်လာတာပဲ။ ဒါကိုပဲ တီထွင်ဖန်တီးမှုစွမ်းရည်လို့ ဆိုကြရတာ။

တီထွင်ဖန်တီးနေတယ်ဆိုတာ ခင်ဗျားဟာ လုံးဝ အပန်းပြေနေတယ်။ စိတ်သက်သာပြေလျှော့နေတယ်လို့ ဆိုလိုတယ်။ ခင်ဗျား ဘာတစ်ခုမှ လုပ်မနေဘူးလို့ မဆိုလိုဘူး။ စိတ်က သက်သာပြေလျော့ နေတဲ့အခါ သတိပါတဲ့ အလုပ် (ပြုမူလုပ်ကိုင်ခြင်း)တွေ များများ လုပ်ဖြစ်တယ်။ ဒါတွေက ခင်ဗျားလုပ်နေတာတွေတော့ မဟုတ်ဘူး။ ခင်ဗျားဟာ ယာဉ်တစ်စီးနဲ့တူတယ်။ သီချင်းသံက ခင်ဗျားဆီကနေ ထွက်ပေါ်လာတယ်။ ခင်ဗျားဟာ တီထွင်ဖန်တီးသူတော့မဟုတ်ဘူး။ ဒီသီချင်းက တစ်နေရာကနေ ခင်ဗျားဆီရောက်လာတယ်။ အမြဲတမ်း တစ်နေရာကနေပဲရောက်လာတာပဲ။ ကိုယ့်ဟာကိုယ်လုပ်ကြည့်လိုက်ရင် လက်ရာကောင်းမှ မထွက်တာ။ ဒါပေမယ့် တစ်နေရာကနေ ရောက်လာပြီး ကိုယ့်ဆီကနေတစ်ဆင့် ဖြတ်သန်းထွက်သွားတဲ့ လက်ရာတွေကတော့ သိပ်လှပလွန်းနေတာပဲ။ ဒီလက်ရာတွေမှာ အသိရခက်တဲ့သဘောလေးတွေ အမြဲပါနေတာပဲ။

ကော်လာရစ်ခ်ျ(Coleridge) ဆိုတဲ့ ကဗျာကဝိကြီး ကွယ်လွန်တော့ လက်စမသတ်နိုင်တဲ့ ကဗျာပေါင်း သောင်းနဲ့ချီ ကျန်ခဲ့တယ်။ သူ့တစ်ဘဝလုံး ဒီကဗျာတွေကို ဘာလို့ အဆုံးမသတ်တာလဲဆိုပြီး မေးကြတယ်။ တစ်ချို့ကဗျာတွေက တစ်လိုင်း၊ နှစ်လိုင်းလောက်ပဲ ကျန်တော့တာ။ အပြီးသတ်လိုက်ပါတော့လားဆိုပြီးပြောကြတာပေါ့။

ငါကြိုးစားပါတယ်။ ငါမတတ်နိုင်တာပါ။ တကယ်လို့ငါ့သဘောကျ အဆုံးသတ်လိုက်ရင် တစ်ခုခု လွဲသွားသလိုပဲ။ စိတ်ထဲကနေထွက်လာတဲ့အနုပညာပစ္စည်းနဲ့ ငါလုပ်လိုက်တဲ့အနုပညာနဲ့က တစ်လိုင်းတည်းမကျဘူး။ သံစဉ်မညီဘူး။ အံသြမင်သက်နေရတဲ့အတားအဆီးကြီး တစ်ခုပဲ။ ကျောက်တုံးကြီးပိတ်နေသလိုမျိုးပဲ။ အဲဒီ အတားအဆီးက စီးဆင်းမှုကို ဖြတ်တားထားလိုက်တာ။ အဲဒီတော့ ငါလုပ်ရမှာက စောင့်နေဖို့ပဲ။ စိတ်ထဲမှာ ဖြတ်သန်းစီးဆင်းလာမယ့်လူ၊ စိတ်ထဲမှာ ဖြတ်သန်းစီးဆင်းလာမယ့်အချိန်ကို စောင့်ရမယ်။ အဲဒီအချိန်မှာ ကဗျာ အပြီးသတ်မယ်။ ဒီထက်စောပြီး အပြီးမသတ်နိုင်ဘူးလို့  ကဗျာကဝိကြီးက ပြောတယ်။

ဒီကဗျာဆရာကြီးဟာ ဘဝမှာ ကဗျာ အနည်းငယ်လောက်ပဲ အပြီးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရာမွန်တွေ။ သိပ်ကို လှပကောင်းမွန်တယ်။ လျှိ့ဝှက်ဆန်းကြယ်တဲ့ ခမ်းနားကြီးကျယ်မှုတွေ ထုံမွှန်းနေတဲ့ လက်ရာတွေ။ ကဗျာဆရာပျောက်ကွယ်သွားတဲ့အခါမှာ တီထွင်ဖန်တီးမှုရောက်ရှိလာတယ်။ အဲဒီသဘောအတိုင်းပဲ ဖြစ်နေတာ။ သူ့ရဲ့အတ္တကို ဖယ်ထုတ်လိုက်မှ သူ့ကို အနုပညာက စီးဝင်နိုင်မယ်။ ဘုရားသဘာဝရဲ့ စီးဆင်းဝင်ရောက်ခြင်းဟာ တီထွင်ဖန်တီးမှုပဲ။

ဆီမွန်ဒီဗူးဗွားပြောဖူးတယ်။ ဘဝမှာ ထပ်ပြန်တလဲလဲဖြစ်နေတာနဲ့ သာလွန်မြင့်မားတာ နှစ်ခုစလုံးပါနေတယ် တဲ့။ အားလုံးရှိနေဖြစ်နေတဲ့အတိုင်း ထပ်ပြန်တလဲလဲ ဖြစ်နေရင် ဘဝဟာ မသေရုံတမယ်နေထိုင်ခြင်းပဲ။ မသေတော့မသေဘူး။ ရှင်နေတာတော့မဟုတ်ဘူး။ အဲဒီလောက်လေးပဲ။ ဘဝမှာ အနှစ်သာရမရှိဘူး။ သူ့ဘဝက ဘဝကို မဟုတ်သေးဘူး။ နိဒါန်းပျိုးတုန်းပဲရှိသေးတယ်။ မွေးဖွားခြင်းတော့ ခံလိုက်ရပြီးပြီ။ အဲဒါတော့မှန်သေးတယ်။ ဒါပေမယ့်ရှင်သန်ပြီလို့တော့ မဆိုနိုင်သေးဘူး။

ခင်ဗျား တီထွင်ကွန့်မြူးးလာနိုင်တဲ့အခါ၊ တီထွင်ဖန်တီးမှုကို စိတ်ထဲမှာ နေရာလေး ဖယ်ပေးလိုက်တဲ့အခါ ခင်ဗျားမပိုင်တဲ့ သီချင်းတစ်ပုဒ်ကို စပြီး သီဆိုတော့မှာ။ ဒီသီချင်းကို ငါ့မူပိုင်ဆိုပြီး လက်မှတ်ထားလို့ မရနိုင်ဘူး။ ကိုယ်ပိုင်ပါလို့တောင် ပြောလို့ မရဘူး။ အဲဒီလို ဖြစ်လာမှ ဘဝမှာ အတောင်ပံတွေ ထွက်လာမယ်။ အထက်ကို ပျံဝဲမယ်။ တီထွင်ကွန့်မြူးနိုင်မှ  သာလွန်မှုဟာ ဖြစ်တယ်။ များသောအားဖြင့်တော့ ဒီဗူးဗွားပြောတဲ့ ထပ်တလဲလဲ လုပ်နေရတာနဲ့ပဲ အချိန်ကုန်သွားတာပဲလေ။ ခင်ဗျား ကလေးတစ်ယောက် မွေးမယ်။ အဲဒါကို တီထွင်ဖန်တီးလိုက်ပြီလို့ ဆိုမလား။ ခင်ဗျားသေသွားတော့ ခင်ဗျားကလေးက လုပ်မြဲတရားတွေကိုပဲ ထပ်တလဲလဲ ဆက်လုပ်ရင် လုပ်နေမှာနော်။ အဲဒီလိုလေးပဲ နေသွားလို့ မဖြစ်ဘူး။ လုပ်နေကျတွေကိုပဲ ထပ်တလဲလဲလုပ်နေရုံနဲ့ တော့ မသေရုံတမယ်လေးပဲ ရှိဦးမယ်။ ဒီသမားရိုးကျ အခြေအနေကို သာလွန်အောင် လုပ်ရဦးမယ်။ ကိုယ့်အသိတရားနဲ့ ဆင်ခြင်ကြည့်လို့မရတဲ့အရာ (တရားအသိ၊ ဘုရား၊ အနတ္တ္ကဉာဏ်၊တီထွင်ဖန်တီးမှု)ဟာ ခင်ဗျားကို ဆက်သွယ်လာမှ ဒီထက် အဆင့်မြင့်တဲ့ သာလွန်ခြင်းကို ရောက်လာနိုင်မယ်။

ဒါဟာ စိတ်အဆင့်မြင့်တက်ခြင်း၊သာလွန်ခြင်းပါပဲ။ သာလွန်တဲ့ စိတ်အခြေအနေမှာပဲ၊ အံသြဖွယ် အစွမ်းတန်ခိုးတွေဖြစ်ပါတယ်။ အတ္တမရှိတဲ့ဗလာအခြေအနေမှာ ခင်ဗျား ဘယ်သူလဲဆိုတာ ပထမဆုံး သိလိုက်ရလိမ့်မယ်။

ပညာရဲ့ရေသောက်မြစ်ဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်ခြင်းပဲ။ ရှေးခေတ်အစဉ် အဆက်က အစဉ်းသိပုဂ္ဂိုလ်မြတ်တွေက ဒါကိုလက်ဆင့်ကမ်းပြီး သတင်းစကားအဖြစ် ပျံနှံ့စေခဲ့တာပဲ။ လောက်ဇူ၊ဗုဒ္ဓ၊ ဗဟုဒင်(Bahauddin)၊ စိုစန်း(Sosan)၊ စနိုင်း(sanai) တို့အားလုံးဟာ သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေဖို့သတင်းစကားပြောခဲ့တာပါပဲ။ လူဟာ သတိနဲ့ သဟဇာတဖြစ်အောင် နေကြရမယ်။ လူမှာက သိစိတ်ရှိတယ်။ တိရိစ္ဆာန်တွေက သဘာဝတရားနဲ့ အညီနေကြတယ်။ အသိစိတ်နဲ့နေလိုက်တာတော့ မဟုတ်ဘူး။ မသိလိုက်ဘဲ နေမိနေတာ။ လူကတော့ သတိထားပြီး သဘာဝနဲ့ သဟဇာတဖြစ်အောင် နေရမယ်။ အဲဒီလို သတိနဲ့ နေရမှာဆိုတော့ ပိုပြီးလည်း တာဝန်ကြီးတယ်။

လူမှာ တာဝန်ရှိတယ်။ လူတွေမှာပဲ တာဝန်ရှိတယ်လို့ ပြောနိုင်တယ်။ ဒါကိုက လူရဲ့ အများနဲ့မတူတဲ့ ထူးကဲမှုပဲ။ တခြားတိရိစ္ဆာန်တွေမှာ တာဝန်မရှိဘူး။ သူတို့တွေက သဟဇာတဖြစ်အောင်ပဲ နေတတ်တယ်။ တခြားနည်းလမ်းလည်း မရှိဘူး။ သိလည်းမသိဘူး။ သူတို့သိတဲ့နည်းနဲ့ပဲနေထိုင်ကြတယ်။ အဲဒီနည်းလမ်းကိုက သဟဇာတဖြစ်နေတာ။ သူတို့ သတိထားပြီး သဟဇာတဖြစ်အောင် လုပ်နေတာမဟုတ်ဘူး။ သူတို့တွေ နေထိုင်နေတယ်ဆိုတာ ခင်ဗျား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းရှိတဲ့စိတ်လိုမျိုးပဲ။ သဘာဝသက်သက်ပဲ။

ခင်ဗျား နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရင် သဘာဝတရားနဲ့ သဟဇာတဖြစ်နေတယ်။ အဲဒါကြောင့်ပဲ အိပ်ရေးဝဝ အိပ်လိုက်ရရင် ပြန်ပြီး အားပြည့်လန်းဆန်းတယ်။ စိတ်သက်သာပြေလျော့တယ်။ မိနစ်အနည်းငယ်လောက် အိပ်ရေးဝဝအိပ်လိုက်ရရင်တောင် နုပျို လန်းဆန်းသွားတယ်။ စုထား၊သိမ်းထားတဲ့ ဖုန်မှုန့်တွေ၊ ပင်ပန်းမှု၊ပျင်းရိဖွယ်ကောင်းမှုတွေလည်း ပျောက်ကွယ်သွားတာပဲ။ သဘာဝရင်းမြစ်ကြီးနဲ့ ပြန်ချိတ်ဆက်ပြီး အားပြန်ဖြည့်လိုက်တာကိုး။


ဒါပေမယ့် ဒီနည်းဟာ အဟိတ်တိရိစ္ဆာန်နည်းပဲရှိသေးတယ်။ အိပ်စက်ခြင်းဟာ တိရိစ္ဆာန်တွေ အားဖြည့်တဲ့နည်းပဲ။ တိရိစ္ဆာန်တွေဟာ အလျားလိုက်နေထိုင်တယ်။ လူဟာ ဒေါင်လိုက်နေထိုင်တယ်။ အိပ်တဲ့အခါ လဲလျောင်းရတယ်။ အလျားလိုက်ဖြစ်အောင်လုပ်ရတာပဲ။ ဒီလိုမှ မနေလည်း အိပ်ပျော်ဖို့ ခက်မယ်။ မတ်တပ်ရပ်ပြီး အိပ်လို့မဖြစ်ဘူး။ ရရင်တောင် သိပ်ခက်မယ်။ ခင်ဗျား နှစ်သန်းပေါင်းများစွာဆီ ပြန်သွားရမယ်။ အဲဒီကမ္ဘာဦးက တိရိစ္ဆာန်တစ်ကောင်လိုနေလိုက်ရတာ။. အလျားလိုက်နေလိုက်ရတယ်။ ကမ္ဘာကြီးနဲ့ မျဉ်းပြိုင်ကျအောင် နေလိုက်ရတယ်။ သိစိတ်က တစ်ဖြည်းဖြည်းလျော့နည်းသွားမယ်။ ရုတ်တရတ် ခင်ဗျားမှာ ဘာတာဝန်မှမရှိတော့ဘူး။

အဲဒါကြောင့်လည်း ဆစ်ဂမန်ဖရွိုက်ဟာ လူနာတွေအတွက် လဲလျောင်းလို့ရတဲ့ ခုံရှည်ကို ရွေးချယ်သုံးစွဲတာ။ အဲဒါ လူနာ ဇိမ်ကျအောင်မဟုတ်ဘူး။ ဒါက သူ့နည်းတစ်ခုပဲ။ လူနာဟာ အလျားလိုက်ဖြစ်သွားတဲ့အခါမှာ သူ့မှာ တာဝန်ကင်းသွားတယ်။ သူ့စိတ်က သက်သက်သာသာမဖြစ်သေးရင်၊ မသိစိတ်ထဲက ကိစ္စတွေကို ထုတ်ပြောမှာမဟုတ်ဘူး။ သူ့ကို ထိုင်ခိုင်း၊ ရပ်ခိုင်းထားပြီးပြောခိုင်းရင် သူက ပြောသင့်၊မပြောသင့်တွေ တွေးတော့မယ်။ သူ့မှာ တွေးဖို့၊ ချင့်ချိန်ဖို့ တာဝန်ရှိသွားပြီ။ သူဟာ ခုံရှည်မှာ လဲလျောင်းနေတုန်းမှာ သူ့ရဲ့အတွင်းစိတ်က ကိစ္စတွေကို ဆင်ဆာဖြတ်မှာမဟုတ်ဘူး။ အရှိ၊အရှိအတိုင်းပဲပြောမှာပဲ။ ရုတ်တရတ်သူ့ရဲ ဗီဇစိတ်အတိုင်းပြန်ဖြစ်သွားတာ။ သူ့မှာ တာဝန်မရှိတော့ဘူး။ သူက တခြားသူစိမ်းတွေဆို ပြောပြလေ့မရှိတာတွေကအစ ထုတ်ပြောမှာပဲ။ သူ့ရဲ့ မသိစိတ် အနက်အရှိုင်းက ကိစ္စတွေအထိ ထုတ်ပြောလာတယ်။ မသိစိတ်မှ မြုပ်နေတဲ့အရာတွေ ပြန်ပေါ်လာတယ်။ အဲဒါဟာ ဖရွိုက်ရဲ့ နည်းလမ်းပဲ။ သူက လူနာကို ကလေးတစ်ယောက်လို၊ တိရစ္ဆာန်ဗီဇစိတ်နဲ့ လွတ်လွပ်လပ်လပ် ပြောခွင့်ရှိအောင် လုပ်ထားပေးလိုက်တာပဲ။

တစ်ခုခုအတွက် တာဝန်မရှိတော့ဘူးဆိုတဲ့ အချိန်မှာ သဘာဝအတိုင်း နေမိသွားတယ်။ စိတ်ကုပညာရပ်ဟာ သိပ်အကျိုးရှိစေတယ်။ ဒီပညာနဲ့ လူတွေ စိတ်သက်သာရာရအောင် လုပ်ပေးနိုင်စေတယ်။ စိတ်ထဲမှာ ဖုံးထား၊ပိတ်ထား၊ မေ့ဖျောက်ထားတာတွေကို ဖော်ပြလိုက်တယ်။ အဲဒီလိုဖော်လိုက်မှ အဲဒီ တင်းကြပ်မှုတွေဟာ အငွေ့ပျံသလို ပျောက်သွားနိုင်မှာ။ စိတ်ကိုခွဲခြမ်းစိတ်ဖြာပြီး ကုသတဲ့ ကုထုံးနဲ့ကုသခံလိုက်ရင် ခင်ဗျားမှာ ဝန်ထုပ်ပေါ့သွားတာပဲ။ ဝန်ထုပ်ပေါ့သွားရင် သဘာဝအတိုင်း ပိုနေနိုင်လာတာပဲ။ သဘာဝနဲ့ပိုပြီး သဟဇာတ ဖြစ်သွားတာ။ ကိုယ့်စိတ်နဲ့ကိုယ် တည့်သွားတာ။ အဲဒီလို သဟဇာတဖြစ်တာကိုပဲ ကျန်းမာတယ်ခေါ်တာပဲ။

ဒါပေမယ့် ဒီနည်းဟာ ရှေးသဘာဝကို ပြန်သွားတာ။ နောက်ကြောင်းပြန်တာ။ မြေအောက်ခန်းထဲပြန်သွားတာ။ သာလွန်အောင် လုပ်တဲ့ နောက်တစ်နည်းရှိသေးတယ်။ ဒီနည်းကတော့ ဆစ်ဂမန်ဖရွိုက်နည်းမဟုတ်ဘူး။ ဗုဒ္ဓနည်းပဲ။ ဒီနည်းနဲ့ အတွင်းပိုင်းကို သွားလို့ရတယ်။ သတိရှိရှိနဲ့ သဘာဝနဲ့ သဟဇာတဖြစ်အောင် နေလိုက်လို့ရတယ်။ အဲဒီလိုနေလိုက်ရုံနဲ့ သာလွန်မြင့်မြတ်မှုဆီကို သွားလို့ရပြီ။

 သဘာဝနဲ့ သဟဇာတဖြစ်အောင်နေ။ဒါကိုက ပညာရဲ့ အချုပ်အချာပဲ။ သဘာဝတရားဆိုတာဟာလည်း စကြဝဠာရဲ့ သဘာဝစည်းချက်ပဲ။ ဒီ စကြဝဠာရဲ့ သဘာဝစည်းချက်နဲ့ သဟဇာတဖြစ်သွားပြီဆိုရင် ခင်ဗျားဟာ ကဗျာဆရာ၊ ပန်းချီဆရာ၊ ဂီတပညာရှင်၊ ကချေသည် အကုန်ဖြစ်သွားတယ်။

စမ်းကြည့်စမ်းပါ။ သစ်ပင်အောက်မှာ ထိုင်နေရင်း သဘာဝစည်းချက်နဲ့ သဟဇာတဖြစ်အောင်လေး သတိထားနေလိုက်။ သဘာဝတရားနဲ့ တသားတည်းဖြစ်သွားရင် တံတိုင်းတွေအားလုံး ပျော်ကျသွားတယ်။ သစ်ပင်ဖြစ်သွားတယ်။ မြက်ပင်ဖြစ်သွားတယ်။ လေညင်းဖြစ်သွားတယ်။ အရင် မမြင်ဖူးတဲ့ အမြင်မျိုးနဲ့ ခင်ဗျားမြင်ရလိမ့်မယ်။ ဆေးဝါးကြောင့် စိတ်ထဲမှာ ထင်ယောင်မြင်ယောင်တွေဖြစ်နေသလိုမျိုး သစ်ပင်တွေက အရင်ကထက် ပိုစိမ်းလာ။ နှင်းဆီတွေက ပိုပြီး နှင်းဆီရောင်သမ်းလာ။ အားလုံးက တောက်ပလာတယ်။ ရုတ်တရတ် ခင်ဗျား သီချင်းဆိုချင်စိတ် ပေါက်ရင်လည်းပေါက်မယ်။ သီချင်းက ဘယ်ကရောက်လာလဲ မသိဘူး။ ခြေလက်တွေက ကဖို့ အသင့်ဖြစ်နေမယ်။ ကခုန်မှုဟာ သွေးကြောထဲမှာ တီးတိုးပြောနေပြီ။ ဒါကိုလည်း ခင်ဗျား ခံစားနားလည်နိုင်တယ်။ ဂီတရဲ့တေးသံကို အတွင်းရော၊အပြင်ပါ ခင်ဗျားကြားနေရမယ်။

ဒါဟာ တီထွင်ဖန်တီးမှုရဲ့ အခြေအနေပဲ။ သူ့ရဲ့အခြေခံက သဘာဝတရားနဲ့ သဟဇာတဖြစ်မှုပဲ။ ဘဝနဲ့လိုင်းမိသွားပြီ။ စကြဝဠာနဲ့လည်း လိုင်းမိသွားပြီ။

လောက်ဇူက ဒါကို နာမည်လှလှလေးပေးထားတာ။ (wei-wu-wei) ဝေ - ဝူ - ဝေ ဆိုတဲ့ မလုပ်ကိုင်ခြင်းအားဖြင့် လုပ်ကိုင်ခြင်းတဲ့။ ဒါကိုက တီထွင်ဖန်တီးမှုရဲ့ ဝိရောဓိပဲ။ ပန်းချီဆရာ ပန်းချီဆွဲတာကိုကြည့်ရင် သူက တက်တက်ကြွကြွရှိနေတာပဲ။ အလွန်အမင်းကို တက်ကြွနေတာ။ အရူးအမူးကို တက်ကြွနေတာ။ သူက သိစိတ်နဲ့ လုပ်နေတာ။ စိတ်အပြည့်အဝအသုံးချပြီးလုပ်နေတာ။ ကချေသည်ကိုလည်းကြည့်။ သူလှုပ်ရှားတက်ကြွနေတယ်။ ဒါပေမယ့် အတွင်းစိတ်ရဲ့ အနက်အရှိုင်းမှာ ပြုလုပ်သူမရှိဘူးဖြစ်နေတယ်။ သရုပ်ဆောင်မရှိဘူး။ တိတ်ဆိတ်မှုလေးပဲရှိတယ်။ အဲဒါကြောင့် တီထွင်ဖန်တီးခြင်းကို ဝိရောဓိအခြေအနေလို့ပဲ ကျုပ်ကပြောတာ။

သိပ်လှတဲ့ စိတ်အခြေအနေတိုင်းဟာ ဝိရောဓိတွေပဲ။ အမြင့်ကို ခင်ဗျားသွားလေလေ၊ အရှိတရားရဲ့ ဝိရောဓိအနက်အရှိုင်းထဲကို သက်ဆင်းဝင်ရောက်သွားလေလေပဲ။ သိပ်အဆင့်မြင့်တဲ့ ပြုမူလုပ်ကိုင်မှုတစ်ခုအတွက် သိပ်အဆင့်မြင့်တဲ့ ပြေလျော့မှုလိုတယ်။ မျက်နှာပြင်မှာတော့ ပြုမူလုပ်ကိုင်မှုတွေ ဖြစ်နေတယ်။ အနက်အရှိုင်းကိုကြည့်ရင် ဘာမှ ဖြစ်မနေဘူး။ ဘာမှမဖြစ်ခြင်းလေး ဖြစ်နေတယ်လို့ ပြောချင်ပြောလို့ရမယ်ထင်တယ်။ ခင်ဗျားမပိုင်ဆိုင်တဲ့ စွမ်းအားတွေ ထွက်နေတယ်။ မသိနိုင်တဲ့ နေရာကနေ ရောက်လာတဲ့ စွမ်းအားကို အညံ့ခံလိုက်တာကိုက တီထွင်ဖန်တီးခြင်းပဲ။ တရားရှုမှတ်ခြင်းဟာလည်း တီထွင်ဖန်တီးမှုပဲ။ အတ္တကင်းဆိတ်သွားတဲ့အခါမှာ ခင်ဗျားမှာရှိတဲ့ ဒဏ်ရာ ပျောက်သွားတာပဲ။ ခင်ဗျား ရောဂါပျောက်ပြီ။ ခင်ဗျားပြည့်ဝစုံလင်ပြီ။ အတ္တကိုက ခင်ဗျားရဲ့ ရောဂါပဲ။ အတ္တမဲ့သွားရင် ခင်ဗျားဟာ အတ္တစံပ္ပာယ်တဲ့ လူမဟုတ်တော့ဘူး။ ခင်ဗျား စတင်စီးဆင်းပြီ။ အရှိတရားရဲ့ နက်နက်နဲနဲ စီးကြောင်းထဲ ခင်ဗျား စီးဝင်သွားပြီ။

Norbert Weiner နော်ဘတ်သ် ဝင်န်နာကပြောတယ်။ကျုပ်တို့ဟာ နေရာချထားတဲ့ အရာဝတ္ထုတွေမဟုတ်ဘူး။ သူ့ဟာသူ ထပ်တလဲလဲဖြစ်နေတဲ့ ပက်တမ်တွေ။ အစဉ်မပြတ်စီးဆင်းနေတဲ့ ရေစီးကြောင်းမှာပေါ်လာတတ်တဲ့ ဝဲကတော့လေးတွေ။ အဲဒီတော့ ခင်ဗျားဟာ အတ္တမဟုတ်ဘူး။ ဖြစ်ရပ်တစ်ခုပဲ။ ဆက်တိုက်ဖြစ်နေတဲ့ ဖြစ်ရပ်အစုအပေါင်းတစ်ခုပဲ။ အရာဝတ္ထုတစ်ခုမဟုတ်ဘူး။ ဖြစ်စဉ်တစ်ခု။ အဲဒီဖြစ်စဉ်ကို အရာဝတ္ထုတစ်ခုဖြစ်အောင် ကျုပ်တို့လုပ်နေကြတာ။ အဲဒီအရာကို ခင်ဗျားက ငါလို့ ခေါ်လိုက်တာနဲ့ ဖြစ်ရပ်တွေပျောက်သွားပြီး အရာဝတ္ထုတစ်ခုဖြစ်သွားတော့တာပဲ။ အတ္တဝင်ရောက်လာရင် အဟန့်အတားတွေဖြစ်လာတယ်။ ရပ်တန့်သွားတယ်။ စိတ်ထဲမှာ အတ္တက နေရာယူသွားတယ်။ အဲဒီတော့ ခင်ဗျား အသက်မဝင်တော့ဘူး။ အသေကောင်ဖြစ်သွားတယ်။

အတ္တဟာ ခင်ဗျားရဲ့ သေဆုံးမှုပဲ။ အတ္တရဲ့သေဆုံးမှုဟာ တကယ့်ဘဝအစစ် စတင်ခြင်းပဲ။ တကယ့်ဘဝက သူ့အလိုလို တီထွင်ဖန်တီးမှုရှိတယ်။

တီထွင်ဖန်တီးမှုဖြစ်အောင် ဘယ်ကျောင်းမှ တက်နေစရာမလိုပါဘူး။ တကယ်လုပ်စရာလိုတာက စိတ်အတွင်းပိုင်းကို ဝင်ရောက်ပြီး အတ္တကို အရည်ဖျော်ပစ်ဖို့ပဲ။ အဲဒီ အတ္တကို မထောက်ပံ့နဲ့။ အတ္တကို သန်မာအောင်၊ အင်အားပြည့်အောင် မလုပ်ပါနဲ့တော့။ အတ္တကင်းမဲ့နေရင် အမှန်တရားအပြည့်ရှိနေတယ်။ အားလုံးလှနေတယ်။ အဲဒီအချိန်မှာ ဖြစ်နေသမျှဟာ အကောင်းတွေချည်းပဲ။

ခင်ဗျားတို့ အားလုံး ပီကာဆိုတွေ ရှိတ်စပီးယားတွေ ဖြစ်လာမယ်လို့ ကျုပ်ပြောနေတာ မဟုတ်ဘူးနော်။ ကျုပ်ဒီလိုမပြောဘူး။ ခင်ဗျားတို့ထဲက တစ်ချို့က ပန်းချီဆရာတွေ ဖြစ်လာမယ်။ တစ်ချို့က အဆိုတော်တွေဖြစ်လာမယ်။ တစ်ချို့က ကချေသည်တွေဖြစ်လာမှာ။ ဒါတွေက ကိစ္စမရှိပါဘူးဗျာ။ ခင်ဗျားတို့အားလုံး ကိုယ့်ရဲ့ရှင်သန်နေထိုင်မှုထဲမှာ တီထွင်ဖန်တီးနိုင်သူတွေဖြစ်လာမှာ။ ခင်ဗျားဟာ စာဖိုမှုးဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှု ရှိလာမယ်။ လမ်းသန့်ရှင်းရေးလုပ်သူတစ်ယောက် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် တီထွင်ဖန်တီးမှုလေးရှိနေမယ်။

ခင်ဗျားဘဝမှာ ပျင်းရိငြီးငွေ့မှု ပျောက်သွားမယ်။ အသေးအဖွဲလေးပဲ လုပ်နေပါစေ၊ ခင်ဗျား ထိုးထိုးထွင်းထွင်းတွေ လုပ်လာမယ်။ သန့်ရှင်းရေးလုပ်တာကအစ ဘုရားရှိခိုးသလို မွန်မြတ်သန့်စင်မှုလေးပါလာမယ်။ လုပ်နေတဲ့အလုပ်ကိုက ဘုရားကိုပူဇော်နိုင်တဲ့ ဘုရားစာတစ်ခုလိုဖြစ်လာမယ်။ ဘာပဲလုပ်လုပ်၊ တီထွင်ဖန်တီးနိုင်စွမ်းလေးရဲ့ အရသာလေးပါနေလိမ့်မယ်။ ကျုပ်တို့တွေ ပန်းချီဆရာတွေ အများကြီးမလိုဘူး။ အားလုံး ပန်းချီဆရာဖြစ်သွားရင် ဘဝကြီးဟာ ခက်ခဲသွားမယ်။ ကျုပ်တို့ ကဗျာဆရာတွေလည်း အများကြီးမလိုဘူး။ ကျုပ်တို့တွေ ဥယျာဉ်မှုးတွေလည်း လိုသေးတယ်။ လယ်သမားတွေလည်း လိုတယ်။ ကျုပ်တို့ လူအမျိုးစုံလိုတယ်။ ဒါပေမယ့် လူတိုင်း တီထွင်ဖန်တီးနိုင်စွမ်းရှိရမယ်။ လူတစ်ယောက်ဟာ သတိသမ္ပဇဉ်တရားနဲ့နေပြီး အတ္တကင်းမဲ့နေရင် အနတ္တတရား/ဘုရားက သူ့ဆီ စီးဝင်လာနိုင်မယ်။ အဲဒီလူရဲ့ အခြေအနေ၊ လက်ခံနိုင်စွမ်းပေါ်မူတည်ပြီး ဘုရားဟာ ပုံသဏ္ဍာန်တွေဖြစ်လာစေမယ်။ အဲဒီဟာတွေ အားလုံးဟာ ကောင်းမြတ်ခြင်းတွေပဲ။

ခင်ဗျားနာမည်ကြီးတဲ့သူ ဖြစ်ဖို့မလိုဘူး။ တကယ့်ကို တီထွင်ဖန်တီးနိုင်စွမ်းရှိသွားပြီဆိုရင် အဲဒီလူဟာ နာမည်ကြီးရေး၊ မကြီးရေးကို ခေါင်းထဲမထည့်တော့ဘူး။ သူ့အတွက် ဒါတွေ မလိုအပ်တော့ဘူး။ သူဟာ သူလုပ်နေတာတွေကို သိပ်ကျေနပ်ပြီး စိတ်က ပီတိနဲ့ပြည့်နေတော့တာ။ သူဟာ သူ့ရဲ့ လက်ရှိ ပကတိအနေအထားကို သိပ်ကျေနပ်တယ်။ ဆန္ဒတွေရဲ့တောင်းဆိုမှုမရှိဘူး။ တီထွင်ဖန်တီးလာနိုင်ရင် ရည်မှန်းချက်တွေ၊ စိတ်ဆန္ဒတွေ ပျောက်ကွယ်သွားတာပဲ။ ခင်ဗျား တီထွင်ဖန်တီးမှုရှိလာရင် ခင်ဗျားအမြဲဖြစ်ချင်တာတွေအားလုံး ဖြစ်ပြီးသား ဖြစ်သွားပါပြီ။

Regards,
Z

ဘာသာပြန်ခြင်း စာမျက်နှာ ၃၈ မှာ နိတ္ထိတံပါပြီခင်ဗျာ။

တန်ဖိုးထားမှု

$
0
0
တန်ဖိုးထားမှု

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့မှာ ... ဘဝကို တန်ဖိုးထားပြီး နေသွားကြပါလို့ ကျွန်တော်ပြောချင်တယ်။ ရှင်သန်ခြင်းမှာ အလှတရားရှိပါတယ်။ အဲဒါကို တန်ဖိုးထားကြပါ။ ကျွန်တော်တို့ရှင်သန်နေတဲ့အချိန်မှာ မရှင်သန်တော့တဲ့သူတွေရှိနေတယ်။ ရှင်သန်နေခြင်းဟာ အခွင့်ထူးတစ်ခုပဲ။ ဘုရားပေးထားတာပဲဖြစ်ဖြစ်၊ ကံတရားထောက်ပံ့ထားတာကြောင့်ဖြစ်ဖြစ်၊ သူ့အလိုလိုဖြစ်နေတာကြောင့်ဖြစ်ဖြစ် အဆင်ပြေပြေ ညီညီညွတ်ညွတ်ရှိနေသေးလို့သာ ရှင်သန်နေကြတာ။

ကိုယ့်စိတ်ကို သေချာကြည့်ပြီး အကောင်းဆုံးတွေကို ရွေးချယ်လုပ်သွားကြပါ။ ရှင်သန်မှုကို တန်ဖိုးထားတဲ့စိတ်နဲ့ အကောင်းဆုံးကို ရွေးချယ်လုပ်နိုင်ခွင့်ဟာ လူသားရဲ့ ကြီးမြတ်တဲ့ စွမ်းအားပါပဲ။ ဖြစ်ချင်တာနည်းနည်းတော့ လောကမှာ ဖြစ်ခွင့်ရှိပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ဘဝဖြစ်ဖို့ ဘဝကို တန်ဖိုးထားနေသွားဖို့လိုတယ်။ တစ်ခုခုကို သေချာရွေးချယ်လိုက်ဖို့လိုတယ်။ ရွေးတယ်ဆိုတာနဲ့ ဉာဏ်ရဲ့ ကိစ္စပါလာပြီ။ ကိုယ့်အသိဉာဏ်ကိုလည်း တန်ဖိုးထားပါ။ အဲဒါ အရေးကြီးတယ်။

ကျွန်တော်တို့ရဲ့ ရှင်သန်မှုဟာ တန်ဖိုးကြီးပါတယ်။ တန်ဖိုးရှိပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးထားကြပါ။ ဘဝမှာ တန်ဖိုးရှိတဲ့ စိတ်ထားနဲ့ နေသွားနိုင်ရင် ကျေနပ်မှုရတယ်။ ပိုင်ဆိုင်မှုနဲ့ ကျေနပ်မှု အစစ်မရဘူး။ ကိုယ်ပိုင်တာကို အများအတွက် အသုံးချနိုင်တဲ့နေ့မှ ကျေနပ်မှုအစစ်ရတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေကိုလည်း တန်ဖိုးထားပါ။ ဒီအရည်အချင်းတွေနဲ့ အများကောင်းဖို့ လုပ်နိုင်တယ်။

လူတွေကိုလည်း တန်ဖိုးထားပါ။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ လူသားတိုင်းဟာ ကိုယ့်ရဲ့ မျိုးနွယ်တွေပဲ။ မာနကြီးကြီးထားပြီး မတူသလို၊ မတန်သလို မလုပ်ကြပါနဲ့။ ကံတရားအကြောင်းခံမတူတဲ့အတွက် ဘဝချင်းမတူကြပေမယ့်၊ လူသားတွေဟာ လူသားတွေပဲ။ လူသားတိုင်းမှာ ဒုက္ခရှိပါတယ်။ သူတို့မှာလည်း ပျော်ရွှင်တဲ့စိတ်ကလေးရှိပါတယ်။ လူသားချင်း နာလည်မှုကို တန်ဖိုးထားပါ။ လောကမှာ ငြိမ်းငြိမ်းချမ်းချမ်းနေသွားနိုင်ဖို့ နားလည်မှု သိပ်အရေးကြီးတယ်။

သိပ်ချစ်တဲ့သူတွေ ကွဲကွာကုန်တာ၊ ငွေကြေး၊ ဥစ္စာတွေကြောင့်မဟုတ်ဘူး။ နားလည်မှုမရှိတော့လို့ပဲ။ နားလည်မှုဟာ မေတ္တာနဲ့ ကရုဏာ ဆတူ ပါဝင်တဲ့ ဆေးဝါးတစ်မျိုးပဲ။ အဲဒါကြောင့် နားလည်မှုကိုလည်း တန်ဖိုးထားပါ။ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက်တူကြတာမဟုတ်ဘူး။ နားလည်မှုမရှိရင် ခက်ခဲကုန်မယ်။ ဘဝကို ခက်အောင်မလုပ်ကြနဲ့။ လွယ်လွယ်လေး၊ ပျော်ပျော်လေး၊ ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြတ်သန်းနိုင်အောင် ကြိုးစားကြပါ။ ဥပမာပေးရရင် ငါးတစ်ကောင်ဟာ ရေထဲမှာ ရေကူးနေတာ၊ လူတွေကူးသလိုမဟုတ်ဘူး။ အလိုက်သင့်လေးပဲ။ ပင်ပင်ပန်းပန်းအားထုတ်ပြီး ကူးနေတာမျိုးမဟုတ်ဘူး။ သူ့ရဲ့ကမ္ဘာမှာ သူလွယ်ကူနေတယ်။ အသားကျမှုဟာ လွယ်ကူပေါ့ပါးစေတယ်။ ဘဝမှာ ကိုယ့်အတွက် သိပ်မနေဘဲ၊ လိုအပ်နေတဲ့ လူသားတွေအတွက် တစ်ခုမဟုတ် တစ်ခု လုပ်နေလိုက်တာဟာ စိတ်ပေါ့ပါးစေတယ်။ အတ္တမှာ အခြေခံတဲ့စိတ်ဟာ သိပ်လေးတယ်။ မလွတ်လပ်ဘူး။

စိတ်ရဲ့ လွတ်မြောက်မှုကို ရဖို့ နှောင်ကြိုးတွေကို ဖြည်ရမယ်။ ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်လိုက်ပါ။ ကိုယ့်စိတ်ထဲမှာ ချည်နှောင်ထားတာတွေကိုလည်း ဖြည်လိုက်ပါ။ တစ်ယောက်ယောက်ကို မုန်းရတာဟာ စိတ်အင်အားသိပ်ကုန်တယ်။ သူ့အမှားတွေ၊ သူ့အားနည်းချက်တွေကို မှတ်ထားရတာ ပင်ပန်းတာပေါ့။ လိမ်ရ၊ညာရတာ သိပ်ပင်ပန်းတယ်။ အဖြစ်မှန်အတိုင်း မှတ်မိနေတာက ရိုးရှင်းတယ်။ လူထင်ကြီးအောင်ဖြစ်ဖြစ်၊ လူအထင်သေးခံရအောင်ဖြစ်ဖြစ် တစ်ခုခုလုပ်နေစရာမလိုဘူး။ ကိုယ့်ရဲ့ စိတ်ကို ကိုယ်တန်ဖိုးထားနိုင်အောင်ကြိုးစားပြီးနေရမယ်။ တစ်ချိန်မှာ စိတ်က ကိုယ့်ရဲ့ မိတ်ဆွေဖြစ်လာရင် စိတ်က နှောင်ကြိုးကနေ လွတ်မြောက်သွားတာပဲ။ စိတ်ရဲ့ပင်ကိုယ်အလုပ်က ကြည်လင်ပြီး လင်းလက်နေတာပဲ။ အပေါ်ယံ အညစ်အကြေးတွေကို ဖယ်လိုက်ရင် စိတ်ရဲ့ မူလသဘာဝ ပြန်ရောက်လာတာပါပဲ။ ကိုယ့်စိတ်ကိုလည်း တန်ဖိုးထားပါ။ အဲဒီစိတ်ဟာ နောက်ဆုံး သေချိန်အထိ ကိုယ့်အနားမှာရှိနေမှာ။ ကြောက်အောင်လည်း သူပဲလုပ်နေတာ။ လေ့ကျင့်ထားတဲ့စိတ်ဟာ တုန်လှုပ်မှုနည်းလာတာပါပဲ။

သိပ်များများပြောရင် မမှတ်မိတော့ဘူးဖြစ်သွားလိမ့်မယ်။ အခုခေတ်မှာ လူတွေက များများသိတယ်။ ဘာမှ လိုက်မလုပ်တော့ဘူးဖြစ်နေကြတာပဲ။

တန်ဖိုးရှိတဲ့ ရှင်သန်မှုကို တန်ဖိုးထားပြီး နေသွားကြပါ။ ကိုယ်တတ်နိုင်တာလေးတွေ လုပ်ကြပါ။ လောကကြီးမှာ ကုသိုလ်သေးသေးလေးတွေကအစ တန်ဖိုးသိပ်ကြီးတယ်။ လိုနေတဲ့သူကို ကူလိုက်။ လဲနေတဲ့သူကို ထူလိုက်။ အရိုးသားဆုံး အခြေခံအပြုအမူလေးတွေက အစ တန်ဖိုးထားကြည့်စေချင်တယ်။ စိတ်ထားပြောင်းလိုက်တာဟာ မျက်မှန်ပြောင်းတပ်လိုက်သလိုပဲ၊ လောကကြီး အသစ်ဖြစ်သွားတယ်။ ဒီကမ္ဘာသစ်ဟာ သိပ်လှတယ်။ လူတွေရဲ့ ခံစားချက်ကိုလည်း ပိုပြီး နားလည်လာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နေတဲ့ မမြင်ရတဲ့ ကြိုးတွေကိုလည်း သိမြင်လာတယ်။ လွတ်လပ်တဲ့သူဖြစ်လာတယ်။ လွတ်လပ်တဲ့သူဟာ မလွတ်လပ်တဲ့ အပြုအမူကို ပြုမှာ၊ပြောမှာ၊ကြံမှာမဟုတ်တော့ဘူး။ လွတ်လပ်တဲ့စိတ်နဲ့ လွတ်လပ်တဲ့အတွေးကို တွေးပြီး၊ လွတ်လပ်တဲ့တေးကို သီနေလိမ့်မယ်။

ငြိမ်းချမ်းတဲ့စိတ်နဲ့ နှစ်သစ်ဆီကို ဦးတည်ကြပါစို့။                    ။

With Peace,
Z

ကျက်သရေရှိသော ရှင်သန်ခြင်း

$
0
0
ကျက်သရေရှိသော ရှင်သန်ခြင်း

ကျက်သရေကို မြန်မာလို သီရိလို့ ခေါ်တယ်။ ပါဠိလိုတော့ သိရီလို့ ခေါ်တယ်။ သျှရီဆိုတာလည်း ဒီစကားလုံးပဲ။ သီရိလင်္ကာမှာ ရှေ့က သီရိက သျှရီပါပဲ။ ကျန်စစ်သားရဲ့သား ရာ့ခ်ျကူမား (ရာဇကုမာရ်) ကျောက်စာရဲ့ ပထမဆုံး စာလုံးကလည်း သီရိ။ နမောဗုဒ္ဒါယသိဒ္ဒံ ပါပဲ။ အဲဒီသီရိဆိုတာကလည်း သျှရီပါပဲ။ အောင်မြင်ကြောင်း မင်္ဂလာစကားလို့လည်း အဓိပ္ပာယ်ဖွင့်ကြတယ်။ ကျက်သရေရှိစေသတည်းဆိုတာမျိုးပဲ။ ကျက်သရေရှိတာဟာတော်တော်လေး ကောင်းတာပါပဲ။

မနေ့ညလည်း အိပ်ခါနီး တရားတစ်ပုဒ်နာတော့ ဒေါက်တာ နန္ဒမာလာဘိဝံသရဲ့ နှစ်သစ်ကူးတရားမှာ ကျက်သရေရှိအောင်နေဖို့ ဟောတာပဲ။ အဲဒါလည်း တန်ဖိုးရှိတယ်။ စိတ်ထားအဆင့်မြင့်တာဟာလည်း ကျက်သရေရှိတာပါပဲ။ ရုပ်လှတာလည်း ကျက်သရေရှိတာပဲ။ အပြောချိုတာ၊ ယဉ်ကျေးတာလည်း ကျက်သရေရှိတာပါပဲ။ လောကကြီးမှာ ကျက်သရေရှိတဲ့သူတွေ အများကြီးလိုတယ်။

လူတွေဟာ တစ်ခုခုကို လုပ်နေမှ တန်ဖိုးရှိတယ်လို့ အယူရှိကြတာများတယ်။ ဘာမှမလုပ်ဘဲ ထိုင်နေတယ်ဆိုရင်ကို တစ်ခုခုမှားနေသလိုဖြစ်နေတယ်။ စိတ်ကို အလွတ်အတိုင်းထားပြီး နေတာဟာ တကယ်တော့ စိတ်ရဲ့ လိုအပ်ချက်လေးတစ်ခုပါပဲ။ လူ့စိတ်ရဲ့ လိုအပ်ချက်တွေက ရိုးရိုးရှင်းရှင်းလေးတွေပဲ။ တကယ်မလိုတဲ့ ခံစားချက်တစ်ခုခုကို အကျင့်လုပ်မွေးယူလိုက်ရင် စိတ်ဟာ အဲဒီဘက်ကို အရှိန်ရသွားတာပဲ။ အရှိန်ရသွားတဲ့စိတ်ကို ရပ်ခိုင်းရင် သိပ်ပင်ပန်းတယ်။ တစ်ခုခုကို ကြောက်လို့ ထွက်ပြေးနေတဲ့ အကောင်လေးတစ်ကောင်လိုပဲ၊ စိတ်ဟာ တစ်ခုခုမှာ တွယ်ကပ်မယ်။ အဲဒီတစ်ခုခုကို ဆုပ်ကိုင်ထားမယ်။ အဲဒီလို ဆုပ်ကိုင်မှု၊စွဲလန်းမှုဟာ ကြွက်သားတွေကို တောင့်တင်းစေတယ်။

ယောဂသင်တန်းတွေမှာ ပထမဆုံး တင်းမာတဲ့ ကြွက်သားတွေကို ပြေလျော့အောင် လုပ်ကြရတယ်။ child pose တို့ lotus pose တို့ဟာ အကြောတွေတင်းတာတွေကို လျှော့ချဖို့လုပ်ထားတာပဲ။ ဝင်လေထွက်လေကို နှာခေါင်းတစ်ဖက်စီရှူတာကို Prāṇāyāma လို့ခေါ်တယ်။ အဆုတ်ပြည့်အသက်ရှူခိုင်းတာပဲ။ ဝင်လေကို ရှည်ရှည်ရှူ၊ ခဏလောက်အောင့်ထား၊ ပြန်ထုတ်။ အဆုတ်သန့်သွားတာပေါ့။ ကြွက်သားတွေလည်းပြေလျော့လာတာပေါ့။ ဝင်လေ၊ထွက်လေကို အာရုံစိုက်လိုက်ရင် တခြား activity တွေ လုပ်လို့မရတော့ဘူး။ စိတ်ဟာ တစ်ပြိုင်နက် အလုပ်နှစ်ခုမလုပ်နိုင်ဘူး။ တစ်ခုခုကို သမာဓိတည်အောင် စူးစိုက်လိုက်ရင် ဟိုပြေး၊ဒီပြေးစိတ်ဟာ အလုပ်နည်းသွားတယ်။ အပိုမလုပ်တော့ဘူး။ အဲဒီအချိန်မှာ စိတ်က စပြီး ကျက်သရေရှိလာတာပါပဲ။ ကျက်သရေရှိတဲ့စိတ်ဟာလည်း ကျက်သရေမရှိတဲ့ တင်းမာမှုတွေ၊ အပူအပင်တွေကို လက်ခံလို့မရတော့ဘူး။ စိတ်ရဲ့သဘာဝက တစ်ဖက်ကို ညွတ်ရင် တစ်ဖက်ကို ဆန့်ကျင်ပြီးသားဖြစ်သွားစေတာပဲ။ အဲဒါကြောင့် အကုသိုလ်ကို ကုသိုလ်နဲ့ ဆေးကြောရတာပဲ။ ပညာကို သီလနဲ့ဆေးကြောရတာပဲ။ ကျက်သရေမဲ့တာကို ကျက်သရေရှိတာနဲ့ ဆေးကြောပစ်ရတာပဲ။ တင်းနေတဲ့ အကြောလေး တစ်ချောင်းမှမရှိတော့ရင် လူဟာ ပျော့ပြောင်းလာတာပေါ့။ ကြည်လင်လာတာပေါ့။ အသက်ရှူဝလာတာပေါ့။ ကိုယ့်စိတ်ကိုယ် ချမ်းသာအောင် မထားတတ်သေးရင် ဘာပညာမှမရှိသေးဘူးဆိုတဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ စကားအရဆိုရင် ကိုယ့်စိတ်ချမ်းသာအောင် ထားနိုင်မှ ကျက်သရေရှိတဲ့သူဖြစ်မယ်။

လူတော်တော်များများဟာ ကိုယ်ဘာဖြစ်ချင်သလဲဆိုတာ ရေရေရာရာမရှိကြဘူး။ အဲဒီတော့ ဘာမှမဖြစ်လာတော့ဘူး။ ဘာမှမဖြစ်လာတာထက် စိတ်အင်အားပြုန်းတီးအောင် လုပ်မိကုန်တာ ပိုဆိုးတယ်။ တန်ဖိုးရှိတာတွေ လုပ်ဖို့ အချိန်တွေကို ဖြုန်းပစ်လိုက်ရင် quality of life ကျသွားတယ်။ အချိန်မရှိရင် ဘာမှလုပ်လို့မရဘူး။ စိတ်ချမ်းသာဖို့ အချိန်မရှိတဲ့သူဟာ စိတ်ဆင်းရဲစရာ ဘဝမှာပဲ နေရမယ်။ အဲဒါ ဘယ်သူမှ လုပ်ထားတာ မဟုတ်ဘူး။ ကိုယ်တိုင် ရွေးချယ်လိုက်တာ။ ဒီရွေးချယ်မှုကို သိသိ၊မသိသိ၊ ရွေးချယ်မှုတစ်ခုစီရဲ့ အကျိုးဆက်ကို ခံစားရတာပဲ။ ကျက်သရေရှိတဲ့ ဘဝကို မရွေးချယ်ဘဲနေလိုက်ရင် အလိုလို ကျက်သရေမဲ့တာကို ရွေးချယ်မိသွားနိုင်တယ်။ အလွန်လျင်မြန်တဲ့စိတ်နဲ့ ခဏတိုင်း ပြောင်းလဲနေတဲ့ အတွေးတွေအတိုင်း လူဟာ နေထိုင်နေကြတယ်။ အတွေးရဲ့ လွှမ်းမိုးမှုကို ခံကြရတယ်။ ကောင်းတာတွေ များများတွေးဖြစ်ရင် ကောင်းလာတယ်။ ဆိုးတာတွေ တွေးရင် ဆိုးတာတွေလုပ်မိမယ်။ ကိုယ့်အတွေးတွေက ကိုယ့်ရဲ့ဘဝဖြစ်လာတာပဲ။ အသိဉာဏ်နဲ့ မရွေးချယ်ဘဲ လျှောက်လုပ်လိုက်ရင် တော်တော်ဆိုးတာတွေ ဖြစ်ကုန်တယ်။

မနေ့ည သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ အလှူရှိလို့ ခဏသွားရင်း၊ အဲဒီတိုက်မှာ လူတစ်ယောက် ခုန်ချပြီး သတ်သေထားတာတွေ့လိုက်တယ်။ နေထိုင်ခြင်းမှာ၊ ရှင်သန်ခြင်းမှာ ကျက်သရေရှာမတွေ့တော့ရင် လူမှာ လုပ်စရာ နည်းနည်းပဲရှိတော့တယ်။ သတ်သေတယ်ဆိုတာ self-destruction ပုံစံတစ်မျိုးပဲ။ နောက်ဆုံးထွက်ပေါက်တွေထဲက တစ်ခုပဲ။ တန်ဖိုးထားစရာ၊ တွယ်စရာ တစ်ခုမှလောကမှမရှိတော့ရင် အဲဒီထွက်ပေါက်နေ ထွက်သွားကြတာပဲ။ ခေတ်က ခက်ခဲတဲ့ခေတ်ဖြစ်လာတယ်။ အလုပ်ကောင်းကောင်းမရှိရင် စားဖို့၊သောက်ဖို့တောင် အနိုင်နိုင်ဖြစ်လာတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကဆိုရင် လက်နှိပ်စက်စာရေးဟာ မိသားစုတစ်စုကို ကျွေးထားနိုင်သေးတယ်။ နှစ်အနည်းငယ်အတွင်းမှာ လူတွေ သိပ်များလာပြီး ကမ္ဘာကြီး ပိုခက်ခဲလာတယ်။ ကျက်သရေရှိတဲ့လူတွေ နည်းသွားတယ်။ လူကြီးလူကောင်းနည်းသွားတယ်။ လူဟာ အလုပ်အတွက် အချိန်တွေ၉၀ ရာခိုင်နှုန်းလောက်ပေးလိုက်ရင် တကယ်ပျော်တဲ့သူ ဖြစ်ဖို့ ခက်သွားပြီ။ သူ့ဘဝမှာ အလုပ်က ပထမဖြစ်သွားရင် ကျန်တာတွေကို တကယ်တန်ဖိုးထားဖို့ အချိန်မရှိတော့ဘူး။ အလုပ်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေကို ခံစားတာတွေ သိပ်များလာလိမ့်မယ်။ အလုပ်လုပ်စရာသာ မရှိတော့ရင် သတ်သေချင်စိတ်တောင် ပေါက်လာနိုင်စရာရှိတယ်။ လောကကြီးမှာ အလုပ်တစ်ခုထဲမဟုတ်ဘူး။ ကျန်တဲ့ ဒိုင်မင်းရှင်းတွေ အများကြီးရှိသေးတယ်။ လျှာထုတ်ပြီး အသက်ရှူနေတဲ့ ခွေးကလေးတစ်ကောင် လေတိုက်တာကို အရသာခံနေတာကို ကြည့်ဖို့လည်း အချိန်လိုသေးတယ်။ ကမ်းခြေတစ်ခုဆီရောက်တာတောင် Laptop ကြီးပါလာမှ၊ အနည်းဆုံး သီချင်းနားထောင်ဖို့ phone ဖြစ်ဖြစ်၊ iPod ဖြစ်ဖြစ် ပါလာမှ နေသာထိုင်သာရှိတဲ့လူတွေ များလာတယ်။ ပင်လယ်ရဲ့အလှတရားက ပြည့်စုံနေတာပဲ။ ထိုင်ကြည့်နေရုံပဲလိုတယ်။ တိမ်တွေရဲ့ အလှတရားလည်း ပြည့်စုံပြီးသား။ ဒါတွေက လူလုပ်ထားတဲ့ အလှတရားမဟုတ်ဘူး။ သဘာဝတရားရဲ့ အလှအပပဲ။ Stephen Hawking ကတော့ Grand Design of the universe လို့တင်စားတယ်။ ဒီအလှအပတွေအတွက် အချိန်ပေးနိုင်ရင် စိတ်က ပျော်တဲ့စိတ်ဖြစ်လာတာပဲ။ မျက်စိနဲ့မြင်ရတဲ့ ကြယ်နဲ့၊ တယ်လီစကုပ်နဲ့မြင်ရတဲ့ကြယ်မတူဘူး။ လူဟာ အကန့်အသတ်ရှိတယ်။ ဒီအကန့်အသတ်တွေကို လျော့ချပြီး ပိုပြီး ကျယ်ပြန့်တဲ့ လောကဆီကိုသွားရင် စိတ်က ပျော်တာပဲ။ ရေထဲက ငါးတွေကို ရေငုပ်ပြီးကြည့်ရတဲ့ အရသာဟာ သိပ်ကြည်နူးစရာကောင်းတာပဲ။ လူလုပ်အလှတရားတွေက ကျဉ်းမြောင်းတယ်။ သဘာဝတရားကတော့ ကျယ်ပြန့်တယ်။ အံ့သြစရာတွေ သိပ်များတယ်။

ကိုယ့်ရဲ့စိတ်ကို ကျက်သရေရှိအောင် ထားနိုင်ပြီဆိုရင် သေခြင်းတရားဟာလည်း မိတ်ဆွေလိုပဲ။ တန်ဖိုးရှိတာတွေ လုပ်ခဲ့ပြီ။ သေရင်လည်း သေလိုက်ရုံပဲ။ အခုသေခါနီးပြီဆိုမှ တစ်ခုခု ထပြီး ပြေးလုပ်လိုက်ဦးမယ်လို့ မတွေးမိတော့ဘူး။ မသေသေးဘူးထင်ပြီး မလုပ်လိုက်ရတာမျိုး မဖြစ်စေနဲ့။ ကိုယ်တကယ်တန်ဖိုးထားတာတွေကို အရင်လုပ်ထားလိုက်။ အင်မတန် ကျေနပ်မှုရတယ်။ အနာဂတ်ဟာ မသေချာဘူး။ အနာဂတ်ကို ရွှေ့ထားတာတွေက မလုပ်ဖြစ်ဖို့ များသွားပြီ။ တန်ဖိုးရှိတာတွေဖြစ်ဖြစ်၊ တန်ဖိုးမဲ့တာတွေဖြစ်ဖြစ်၊ တစ်ခုခုလုပ်ဖို့ အချိန်လိုတယ်။ ကောင်းတာလုပ်ဖို့ အချိန်မရှိတော့ဘူးဆိုရင် ကိုယ့်ရဲ့ အချိန်တွေ တစ်နေရာမှာ သုံးမိသွားပြီ။ ကုန်သွားတဲ့အချိန်ဟာ ပြန်မရနိုင်တော့ဘူး။ တစ်ချို့တွေနှစ်အနည်းငယ်ကို ဖြုန်းတီးမိလိုက်တယ်။ တစ်ခါတစ်လေ ဖြုန်းတီးမိတဲ့ နှစ်အနည်းငယ်အတွက် ပြန်ပြင်ဆင်ရတာ နောက်ထပ် နှစ်အနည်းငယ် ထပ်ကြာသွားနိုင်တယ်။ ခဲသုံးလုံးလောက် ကောက်ပြီး ပင်လယ်ထဲပစ်ရတာ စက္ကန့်ပိုင်းလောက်ပဲကြာပေမယ့်၊ ပစ်လိုက်ပြီးမှ ပြန်လိုက်ကောက်ရရင် ပြန်ရှာလို့တောင်တွေ့ချင်မှတွေ့မယ်။ နှစ်ပေါင်းများစွာရှာရင်ရှာရနိုင်တယ်။ တစ်ချို့ အမှားတွေကလည်း အဲဒီလိုပဲ။ ပြန်ပြင်ရတာ အချိန်သိပ်ကြာတယ်။ အမှားနည်းရင် ဘဝကပိုပြီး ရိုးရှင်းတယ်။ စိတ်လည်း ပိုကျက်သရေရှိလာနိုင်တယ်။

မနက်နိုးလာရင် ကိုယ်ရှင်နေသေးတာက အစ အံ့သြစရာကောင်းတယ်။ မနေ့ညက အိပ်လိုက်ပြီး၊ ဒီမနက်မှာ ပြန်မနိုးတော့တဲ့သူတွေ အများကြီးရှိတယ်။ ဒီလိုရှင်သန်နေတာဟာ ဘုရားကြောင့်လို့ ယုံကြည်ရင် ဘုရားကို ကျေးဇူးတင်လိုက်။ ကံ၊စိတ်၊ဥတု၊အဟာရကြောင့်ဆိုရင် ဒီအကြောင်းခံတရားတွေကို ကျေးဇူးတင်လိုက်။ ကျေးဇူးတင်တတ်တဲ့စိတ်ဟာ သိပ်ကျက်သရေရှိတယ်။ ဒဏ်ရာတွေကို သက်သာစေတယ်။ ကိုယ်ခန္ဓာကိုလည်း ပိုပြီး ကျန်းမာအောင်လုပ်ပေးတယ်။ ကျေးဇူးသိတတ်တာဟာ သူတော်ကောင်းစိတ်ထားပဲ။ ပန်းတစ်ပွင့်ပွင့်လာဖို့ဆိုတာ ရေခံမြေခံကောင်းဖို့နဲ့၊နေရောင်ခြည်ရဖို့လိုတယ်။ အပြန်အလှန်အားဖြင့် ပန်းတစ်ပွင့်ကို မြင်ရရင် ရေခံမြေခံကောင်းနဲ့ နေရောင်ခြည်ရဲ့ ဖြည့်စွက်မှုကို မြင်ရတာပါပဲ။ ကျေးဇူးသိစိတ်ဟာ အရင်းခံစိတ်တစ်ခုပဲ။ ကြည်လင်တဲ့စိတ်က ပွင့်တဲ့ ပန်းတစ်ပွင့်ပဲ။ ဒီပန်းပွင့်လေးဟာ စိတ်ကနေပွင့်ပြီး၊ စိတ်ကို ပြန်လန်းဆန်းစေတယ်။ အညမည ကျေးဇူးပြုတယ်။ စိတ်တစ်ခုဖြစ်လာပြီး ဝမ်းမြောက်ရရင် အဲဒီဝမ်းမြောက်မှုထဲ ဝင်ကြည့်လိုက်ပါ။ ဝမ်းမြောက်မှုဟာ ဘာတွေနဲ့ဖွဲ့စည်းထားသလဲ။ သိပ်လှတဲ့ အလှတရားတစ်ခုပဲ။ ဝမ်းမြောက်တဲ့စိတ်ဟာ ပန်းတစ်ပွင့်လို လှတာပဲ။ သူ့ရဲ့ ပွင့်လန်းနေမှုဟာ လှသလို၊ အကြောင်းခံတရားတွေကလည်း လှတာပါပဲ။ ဝမ်းမြောက်တဲ့စိတ်ကိုဖွင့်ကြည့်ရင် ကျက်သရေရှိနေတာပဲ။ မွှေးရနံ့ရှိနေတာပဲ။

လောကကြီး ခက်နေတာကို လွယ်အောင်လုပ်ပေးချင်စိတ်ဟာ အင်မတန်ကျက်သရေရှိတာပဲ။ ခက်ခဲနေတာတွေက ကိုယ်သယ်လို့ ကိုယ်လေးနေတဲ့ ဝန်ထုပ်တွေပါလို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ပြောပြရတာလည်း မဆုံးနိုင်တဲ့ ပညာရေးတစ်ခုပါပဲ။ လူတိုင်းမှာ ဘဝကနေ ရလာတဲ့ ပညာရှိကြတယ်။ တစ်ခါတစ်လေမေ့သွားတယ်။ အကြောင်းတိုက်ဆိုင်လာရင် ပြန်သတိရကြတယ်။ ကိုယ်ရခဲ့တဲ့ ပညာဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာကို အခက်အခဲတွေ ကြုံမှ သိကြရတယ်။ ဘယ်ကိစ္စမှ အကြောင်းမဲ့မဖြစ်ဘူး။ လောကဓံကလည်း အကောင်းဆုံး ဆရာသမားတစ်ယောက်ပဲ။ သူ့ဆီကနေ အဆီအနှစ်အပြည့်ပါတဲ့ ပို့ချချက်တွေ ရပြီးရင် ဘဝမှာ အသာလေးနေသွားလို့ရပြီ။ ခက်နေတာတွေကို ဖြေလျှော့လိုက်ရင် လွယ်သွားမှာပါပဲ။ ရှောင်လွှဲလို့မရတဲ့ သေခြင်းတရားကိုတောင် လက်ခံကြရသေးတာပဲ။ ကျန်တာတွေက ဗာဟီရသက်သက်ပဲ။

တစ်ယောက်နဲ့တစ်ယောက် ဘဝကို ဖြတ်သန်းတဲ့ လမ်းချင်း မတူကြဘူး။ ဒါပေမယ့် လူတိုင်းဟာ ကိုယ့်ရဲ့ ဘဝခရီးလမ်းမှာ အောင်မြင်သူတွေ ဖြစ်နိုင်တယ်။ လက်ဝှေ့သမားတွေ အားနဲ့ မာန်နဲ့ ထိုးကြိတ်ကြတာမြင်ဖူးကြမှာပါပဲ။ ဒါပေမယ့် ဒီလို အင်အားသုံးဖို့တောင် အသက်ကို မှန်မှန်လေးပဲရှူရတယ်။ အသက်ရှူမှားတဲ့သူဟာ အားမြန်မြန်ကုန်သွားတာပါပဲ။ လောကဓံနဲ့ ထိုးသတ်နေရင်လည်း အသက်လေး မှန်မှန်ရှူပြီး ချက်ကောင်းကို ထိုးနှက်ကြပါ။ အသက်ရှူတော့ မပျက်စေနဲ့။ ဘဝဟာ တိုတိုလေး။ သောကတွေ သိပ်မများဘဲနဲ့ ကျက်သရေရှိရှိလေး နေဖို့ကောင်းပါတယ်။ နေရတဲ့စက္ကန့်တိုင်းဟာ တန်ဖိုးသိပ်ရှိတယ်။ ကိုယ်မသိလိုက်ဘဲ အချိန်တွေ မကုန်သွားစေနဲ့။

ကျက်သရေရှိတဲ့ ရှင်သန်မှုဟာ တည်တည်ငြိမ်ငြိမ်ဖူးပွင့်နေတဲ့ ကြာပန်းဖြူလေးတစ်ပွင့်လို၊ သိပ်လှပပြီး တင့်တယ်နေတယ်။ လောကကို ကျက်သရေရှိရှိ အလှဆင်ထားတယ်။ အဲဒီ ကြာဖြူပန်းလေး ခင်ဗျားတို့ရင်ဘတ်ထဲမှာ ပွင့်နေတာကို ငုံ့ကြည့်ဖို့ အချိန်လေး နည်းနည်းပါးပါးတော့ ပေးကြပါ။     ။

Regards,
Z

မျှော်လင့်ချက်ကို ပင်အပ်နဲ့ထိုးစိုက်ထားတဲ့အခါ ... ငြိမ်သက်ခြင်းခန္ဓာနဲ့ ရှင်သန်ခြင်းယောင်ယောင် တောင်ပံများဟာ တဖျတ်ဖျတ်ခတ်လို့နေတယ်။

$
0
0
မျှော်လင့်ချက်ကို ပင်အပ်နဲ့ထိုးစိုက်ထားတဲ့အခါ ... ငြိမ်သက်ခြင်းခန္ဓာနဲ့ ရှင်သန်ခြင်းယောင်ယောင် တောင်ပံများဟာ တဖျတ်ဖျတ်ခတ်လို့နေတယ်။

ပြေးလွှားနေသည့် ကိန်းဂဏန်းများကြားထဲ အိမ်မက်တစ်ခုသည် စံပယ်ရနံ့လို တရွေ့ရွေ့ ဝင်ရောက်လာသည်။ ကောင်းသော ရှင်သန်မှု၊ ကောင်းသော အသက်မွေးမှု၊ ကောင်းသော နောင်တရမှုများနှင့်အတူ ဆောင်းရာသီ၏ ဝင်ရောက်မှု၊ ထွက်ခွာမှုသည် အလွန်သိမ်မွေ့နေသည်။ "ဒီကိစ္စ တအားနူးညံ့တာ"ဟု မိတ်ဆွေတစ်ယောက်က ပြောသည်။ ဟုတ်မည်ထင်သည်။

ပန်းချီကျော် ဒါလီ၏ ရယ်စရာ နှုတ်ခမ်းမွှေးတစ်ခုကစမည်ထင်သည်။ ထိုနေ့က ဆိုးဆိုးရွားရွား ခေါင်းကိုက်နေသည်။ စင်ရော်တောင် မျက်ခုံးလေးတစ်ခုသည် ရယ်စရာကောင်းသော ဒါလီ၏နှုတ်ခမ်းမွှေးကို သတိရနေစေသည်။ လွမ်းမည်ဆိုလျှင် ကြံဖန်လွမ်းနေစရာကောင်းသည်။ အေးမြသော ဆောင်းရာသီသည် ဘာမဆို လွမ်းဆွတ်ချင်စရာကောင်းနေသည်။ စင်ရော်တောင် မျက်ခုံးလေးတစ်ခု၊ကြည်စင်သော အပြုံးတစ်ခုနှင့်အတူ မျက်ဝန်းတစ်စုံသည် မိမိ၏ စိတ်ကို ပြတိုက်တစ်ခုဖြစ်စေခဲ့သည်ထင်သည်။ ပြတိုက်သည် ရပ်တန့်မှုသက်သက်သာဖြစ်သည်။ ပြတိုက်သည် ပိုင်ဆိုင်ထားသော အလှတရား၊ အမှတ်ရမှုများဖြင့်သာ တစ်သက်လုံးနေထိုင်သွားသည်။ "
ဒီကိစ္စ တအားရူးသွပ်တာ"ဟု မိတ်ဆွေက ဆိုလေသည်။

တောင်တန်းတစ်ခု၏ သင်္ကေတမှာ ရှင်သန်မှု အနည်းဆုံးဖြင့် ဘဝကို ဖြတ်သန်းသွားရန် ညွှန်းဆိုနေသည်။ တောင်တန်းများကို ထိုအချိန်မှစ၍ ချစ်ခင်မိသွားခြင်း ဖြစ်ဟန်တူသည်။ အယ်နောင်း၏ တရွေ့ရွေ့ဝေးကွာ သီချင်းကို ထပ်ခါတလဲလဲ နားထောင်ရင်း ဆောင်းလေများ အေးမြလာခဲ့သည်။ တောင်တန်းများသည် ထွက်ခွာသွားသော တိမ်တိုက်များကို မော့ကြည့်နေခဲ့သေးသည်။ ရွေ့လျားမှုကို စွန့်လွှတ်ထားခဲ့သော ရှင်သန်မှုတစ်ခု၏ ကြောက်မက်ဖွယ် အေးမြမှုကို စိတ်က တစ်ဆစ်ချင်း နားလည်လာသည်။

Hannibal ရုပ်သံဇာတ်လမ်းတွဲ ၂၆ ကားအကြောင်းပြောရင်း အရူးတစ်ယောက်၏ ချစ်ခြင်းမေတ္တာအကြောင်းကို ရောက်ရှိသွားသည်။ အရူးတစ်ယောက်၏ အတ္တသည် အလွန်ပြည့်စုံသော တည်ဆောက်မှုဖြစ်သောကြောင့် အချစ်ကို ထပ်မံဖြည့်စွက်စရာ နေရာမရှိတော့ဟု မျက်ဝန်းနက်ကလေးတစ်စုံက ဆိုသည်။ "ဒီကိစ္စ တအား နူးညံ့တာ"ဟု မိတ်ဆွေတစ်ဦးက မပြောပါ။ ဆောင်းရာသီ၏ သစ်ရွက်ကြွေများ ရွေ့လျားသံသည် အလွန်လှသော ဂီတဖြစ်ကြောင်းသာ ပြောဖြစ်ခဲ့သည်။

လူသည် ဗိုက်ပြည့်ပြီး၊ အိပ်ရေးဝနေလျှင် အလွန်လွမ်းဆွတ်တတ်သော သတ္တဝါဖြစ်ကြောင်း သူငယ်ချင်းတစ်ယောက်က အဆိုပြုလေသည်။ အခြေခံလိုအပ်ချက်များ ပြည့်စုံလာလျှင် လူသည် spiritual need ဘက်သွားသည်ဟူသော အဆိုကို တိုက်ရိုက်ကန့်လန့်တိုက်နေသယောင်ဖြစ်နေသော အဆိုဖြစ်မည်။ ကျိုက်ထီးရိုး ဘုရားဖူးသွားကားပေါ်တွင်တော့ လူတိုင်းဟာ တွေးခေါ်ရှင်၊ လူတိုင်းဟာ ဒဿနဆရာ၊ လူတိုင်းဟာ ဟာသသမား၊ လူတိုင်းဟာ ပျော်ရွှင်သော ဘဝပိုင်ဆိုင်သူတွေ ဖြစ်နိုင်ခဲ့ကြသေးသည်။ သိပ်ဝေးဝေးမဟုတ်သော အတိတ်သည်ပင် ၁၃ နှစ်ကြာညောင်းခဲ့ပြီဖြစ်သည်။ တောင်ဝှေးထက်စာလျှင်တော့ နူးညံ့နွေးထွေးသော ချစ်သူ့လက်က တစ်သက်လုံး သယ်ဆောင်သွားရန်သင့်လျော်ကြောင်း နားလည်စေခဲ့သော ခရီးဖြစ်သည်။

လူသည် မိမိ အမှားမှသာ သင်ယူသော သတ္တဝါဖြစ်သည်။ ထိုအဆိုကို တင်ပြခဲ့သူမှာ ရေလျှံနေသော ဆိပ်ကမ်းသာလမ်းတွင် မြောင်းပေါက်ကျွံကျဖူးသော ငယ်သူငယ်ချင်းဖြစ်နေသည်။ ဘဝနှင့်ရင်းပြီး သင်ယူလေ့လာခဲ့သော အဆိုဖြစ်ဟန်တူသည်။ ပြောင်းလဲမရသော အတိတ်ကို သင်ယူနေရန် လိုအပ်သေးလားဟု မေးနေရန် အချိန်မရှိတော့ပါ။ အမှားအသစ်များ၏ အကန့်အသတ်မဲ့ လှပမှုများသည် နောင်တဖြင့်နေထိုင်ခြင်း၏ အရောင်အသွေးကင်းမဲ့မှုကို ပျက်ရယ်ပြုကြပါသည်။ ကြာရှည်သော နောင်တများသည် ဥပါဒါန်ဖြစ်လာနိုင်သည်။ တိတ်ဆိတ်သော အခန်းကျဉ်းလေးမှ သံချေးတက်နေသော သံချောင်းတစ်ချောင်းသည် ကမ္ဘာကျော် ပန်းချီကားတစ်ကားကို စောင့်နေမှန်း ကျွန်တော်တို့ ကြိုမသိခဲ့ပါ။ ချာလီဝှိုက်တစ်ပုလင်း အိမ်သာကြမ်းပြင်ပေါ် ကျကွဲသွားတုန်းကနှင့်တူနေသော နေ့စွဲများလည်း ရှိကြသေးသည်။ အလွန်မွှေးမြနေသော လွဲချော်မှုတစ်ခုသာဖြစ်သည်။ လူသည် မိမိ အမှားမှသာ သင်ယူသော သတ္တဝါဖြစ်သည်ဟု အဆိုပြုခဲ့သော သူငယ်ချင်းအား ဂျော်နီဝေါ်ကား ရွှေပတ်တစ်ပုလင်း လက်ဆောင်ပေးရဦးမည်ထင်သည်။

ချစ်ခြင်းတရားသည် မထွန်းကားသော ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ စွန့်စားသွားးလာရန်လည်း Costantine ဆန်လွန်းနေမည်ထင်သည်။ Costantine ကတော့ ဂါထာအစွမ်းဖြင့် နတ်မိစ္ဆာများကို နှိမ်နင်းနေသည်။ ချစ်သူဟောင်း သီလရှင်ဝတ်သွားသော ခံစားချက်ကို အနတ္တဟုရှုမြင်နိုင်သော တစ်နေ့တွင် Costantine သေနတ်ဒဏ်ရာဖြင့် လဲကျနေခဲ့သည်။ ပျော်စရာကောင်းသော ဇာတ်လမ်းတွင် အနမ်းတစ်ခုစီရှိနေခဲ့သည်။ ယုဒသည် ငွေအသပြာ အနည်းငယ်အတွက် သခင်ကိုနမ်းခဲ့ဖူးသည်။ ပိုက်ဆံရဖို့ နမ်းရသော ဘဝသည် အင်မတန်ခမ်းခြောက်မည်ထင်သည်။ ချစ်ခြင်းမေတ္တာအတွက် ချစ်ခြင်းမေတ္တာသည် အကောင်းဆုံးဆေးဝါးဖြစ်ပါလိမ့်မည်။ တိမ်တိုက်များမသိလိုက်သော ကြယ်ကြွေတေးများသည် အချိန်ကာလတစ်ခုအထိ ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း သွားလာနေဦးမည်ဖြစ်သည်။

ကြွေပြီးသား ကြယ်များ၏ အလင်းတို့ဖြင့် ဘဝကို မျှော်လင့်ခဲ့ကြသည်။ တည်ငြိမ်သော ရိပ်မြုံလေးတစ်ခုနှင့် လှပသော ဥယျာဉ်လေးတစ်ခုစီ။ နွားခြေရာခွက်ထဲတစ်ဝက်ပြည့်နေသော ရေဖြင့်ပင် အလွန်လှသော လဝန်းကို သိမ်းဆည်းနိုင်ခဲ့ကြသည်။ ချစ်ခြင်းတရား၏ သိမ်မွေ့မှု၊ ပြည့်စုံမှုတို့ဖြင့် နေ့စွဲများ တောက်ပလာသည်။ ချစ်ခြင်း၏ အလင်းဖြာမှုသည် ဖန်ဆင်းခြင်းဖြစ်စဉ်တွင် အလွန်အရေးပါခဲ့လိမ့်မည်။ လူသည် ချစ်ခြင်းတရားအားဖြင့် မိမိ၏ ဘုရားအဖြစ်ကို ပြန်လည်ရရှိခဲ့ကြသည်။ လူသည် ချစ်ခြင်းတရားဖြင့်ပင် ဒဏ်ရာများကို ကုစားခဲ့ကြသည်။ အခါခပ်သိမ်းမှောင်မိုက်ခြင်းဖြင့် ငြိမ်သက်နေသော စကြဝဠာအတွင်း ပထမဆုံး လောင်ကျွမ်းမှုသည် ချစ်ခြင်းတရားဖြစ်လိမ့်မည်။ အချိန်ကာလတစ်စုံတစ်ရာအကြာတွင် ချစ်ခြင်းတရား၏ အလင်းရောင်သည် စကြဝဠာ အနန္တဆီသို့ ပျံ့နှံ့သွားလိမ့်မည်။ အမှောင်တိုက်သည်လည်း လင်းရလိမ့်ဦးမည်။ ပိတ်ဆို့သော တံခါးသည်လည်း ပွင့်ရလိမ့်ဦးမည်။ အရုဏ်ကြို ငှက်ကလေးတစ်ကောင်၏ နူးညံ့သော အတောင်ဖျားတစ်လျှောက် ချစ်ခြင်း၏ အလင်းရောင်သည် စိုစွတ်ရဦးမည်။ ဒီကိစ္စ တအားနူးညံ့တာဟု မိတ်ဆွေကတော့ ဆိုလေမည်လားမသိ။

Sadhguru အဆိုအရ အလွန်အသုံးဝင်သော အမှိုက်ပုံးကို တွယ်တာလွန်းပြီး ဝင်အိပ်နေသည့်အခါ မှားယွင်းခြင်းများ စတင်ခဲ့သည်ဟူ၍ ဖြစ်သည်။ အမှိုက်ပုံးနှင့် မိမိ၏ အကွာအဝေးသည် အင်မတန်အရေးပါသည်။ အမှိုက်ပုံးသည် အမှိုက်များအတွက် ဖြစ်သည်။ စိတ်သည် အစိုးမရသော ဖြစ်တည်မှုများ၊ ဖန်ဆင်းခြင်းများဖြင့် ပြည့်နှက်နေသော စကြဝဠာအသေးစားလေးတစ်ခုဖြစ်ပါသည်။ အလွန်သိမ်မွေ့သော အမှိုက်ပုံးတစ်ပုံးလည်းဖြစ်သည်။ အမှိုက်ပုံးလိုအပ်မှုနှင့်၊ အမှိုက်ပုံးကို တွယ်တာမှုသည် မတူညီပါ။ အလွန်တရာလှပသော အရာများ၊ အလွန်တရာလေးနက်သောအရာများ၊ အလွန်တရာပြည့်စုံသော ခမ်းနားမှုများသည် စိတ်၏ ဖန်ဆင်းခြင်းဖြစ်စဉ် အစိတ်အပိုင်းမျှသာဖြစ်ပါသည်။ တုန်လှုပ်နေသော လောကတွင် တုန်လှုပ်နေသော စိတ်တစ်ခုထပ်ဖြည့်စွက်ရန်မလိုအပ်တော့ပါ။ တိတ်ဆိတ်ခြင်း ဖြစ်စဉ်အတွင်း အမှိုက်ပုံးတစ်ပုံးနှင့် စိတ်တစ်လှမ်းစာ အကွာအဝေးတွင် နေထိုင်ခြင်းဖြင့် နူးညံ့သော ဒဏ်ရာများကို စတင်ရေတွက်နေမိသည်။

ရှရီဆိုင်း အန်ထုတ်လိုက်သော ရွှေကြက်ဥသည် နှစ်အတန်ငယ်ကြာသည့်အခါ ပုဝါထဲတွင် ရှိနှင့်ပြီးသား ဖြစ်နေခဲ့သည်။ လူသည် အလွန်တော်သော သရုပ်ဆောင်များအဖြစ် နေထိုင်သွားကြသည်။ ရိုးစင်းသောဘဝ၏ ချမ်းမြေ့ဖွယ် ဂီတကို မနှစ်သက်ကြတော့။ ရိုးသားခြင်းသည် ပျင်းရိဖွယ်တေးဖြစ်သည်ဟု ထင်လာကြသည်။ တိတ်ဆိတ်မှုသည် တန်ဖိုးဖြတ်၍ မရမှန်း တိတ်ဆိတ်လာသော တစ်နေ့တွင် သိလာခဲ့ကြသည်။ ချစ်ခြင်းတရားထက် သန့်စင်သော ပုဝါဖြူတစ်ခုဖြင့် ရွှေကြက်ဥတစ်လုံးကို ဖွက်ထားရန် မလိုတော့ပါ။ အလွန်နူးညံ့သော စိတ်ထားဖြင့် စံပယ်ပန်းလေးတစ်ပွင့်ကို ကြွေချိန်အထိ စောင့်ဆိုင်းနေသော တရားကျင့်ယောဂီကြီး တစ်ယောက်၏ အနီးတွင် မိနစ် အနည်းငယ်သွားထိုင်နေလိုက်သည်။ မိုးသည်းကြီးလည်း တိတ်ရလိမ့်ဦးမည်။ ပျော်ရွှင်ခြင်းသည်လည်း ရပ်တန့်ရလိမ့်မည်။ တောက်လောင်နေသော အလင်းတရားသည်လည်း ငြိမ်းရလိမ့်ဦးမည်။ ရှင်သန်ခြင်း၏ နဂိုအတိုင်းပြည့်စုံမှုကို မေ့လျော့သူတို့သည် ဘုရားစင်ရှေ့တွင် တစ်ခုခု ထပ်တောင်းနေလိမ့်ဦးမည်။ လိုအပ်ချက်အတွက် အားကိုးတစ်ခုခု ရှာနေသော စိတ်ကို သေချာကြည့်လျှင် ... အင်မတန် ကြေကွဲဖွယ်ကောင်းသော ပြဇာတ်တစ်ခုဖြစ်လာလိမ့်မည်။ အလွန်လင်းသော စိတ်အပိုင်းအစတစ်ခုသည် မိမိ၏ မြင့်မြတ်မှုကို ပြန်လည်ရှက်နေရလိမ့်ဦးမည်ထင်သည်။ အလွန်အဆင့်မြင့်သော ဘုရားအဖြစ်အထိ တိုးတက်ဖြစ်ထွန်းသွားနိုင်သော စိတ်ကို သိမ်းဝှက်၍ အင်မတန် အဆင့်နိမ့်သော ရှင်သန်မှုထဲတွင် ရုန်းကန်သော ဖန်ဆင်းရှင်/ဖန်ဆင်းခြင်းတရား၏ မော်လီကျူးများသည် ဖန်ဆင်းရှင်/ဖန်ဆင်းခြင်းတရားကို စိတ်ကျန်းမာရေး ထိခိုက်စေနိုင်သည်။ ကမ္ဘာကြီးထဲမှာ အံ့သြစရာကောင်းလောက်အောင် ပြည့်စုံနေတဲ့ လူသားတစ်ယောက်ရဲ့ ပြည့်စုံမှုကို ခဏလောက်ရပ်ပြီး ခံစားနားလည်ဖို့ ဘာလို့ ပျက်ကွက်ခဲ့ကြတာလဲ။ တစ်ယောက်ယောက်နဲ့တူဖို့၊ တစ်ယောက်ယောက်လုပ်တာ လိုက်လုပ်ဖို့တွေကို ရပ်ပြီး ကိုယ်နေချင်တဲ့ ဘဝကို ကိုယ်နေတတ်သလိုလေး နေသွားဖို့ ဘာလို့ သတ္တိမရှိတာလဲ ဟု မိမိကိုယ်မိမိမေးကြည့်ကြဖို့ကောင်းသည်။ လူသည် မိမိတို့၏ ပြည့်စုံမှုကို လစ်လျူ အရှုတတ်ဆုံး သတ္တဝါများပင်ဖြစ်သည်။

BOSE company ကတော့ သူတို့ ထုတ်လိုက်တဲ့ product တွေဟာ ဈေးနဲ့ အရည်အသွေး အကောင်းဆုံး ကိုက်ညီစေရမည်ဟုဆိုသည်။ ပုံမှန်ထက် ချဲ့ကားထားသော bassသံ၊ treble သံတွေမပါစေရဘူးဟုဆိုသည်။ ဘဝကိုရော BOSE speaker တစ်ခုလို အရှိအတိုင်းဖြတ်သန်းသွားလို့ မရနိုင်ဘူးလား။ ကိုယ့်ကိုယ်ကို ကြော်ငြာဖို့မလို။ ကိုယ့်ခံစားချက်ကို လူသိရှင်ကြားဖြစ်ဖို့မလို။ ချစ်ခင်သူများကို ချစ်ခြင်းတရားဖြင့် လုံခြုံစေလိုက်မည်။ အလွန်လှသော ညနေခင်း တိမ်များကို ငေးကြည့်နေလိုက်မည်။ ရိုးသားသော စိတ်ဖြင့် ရိုးသားသော၊ ရိုးရှင်းသော ဘဝတစ်ခုကို ဖြည်းဖြည်းခြင်းတည်ဆောက်မည်။ လောကဓံတရား၏ input အတိုင်း၊ ရိုးရိုးလေး အလိုက်အလျားသင့်လိုက်မည်။ တစ်ယောက်တည်းနေရုံဖြင့် အထီးကျန်ခံစားချက်ရှိနေသေးလျှင် မိမိစိတ်သည် အလွန်ဆိုးသောမိတ်ဆွေဖြစ်နေပြီဟု Sadhguruက ဆိုသည်။ ပုံစံပြောင်းလဲသွားသော တိမ်တိုက်များသည် အချိန်ပေါ်မူတည်သည်။ ရှင်သန်ခြင်း၊ဖြစ်တည်ခြင်းများသည်လည်း အချိန်ပေါ်မူတည်သည်။ အချိန်သည် အလွန်အင်အားကြီးသော ဒိုင်မင်းရှင်းတစ်ခုဖြစ်သည်။ စကြဝဠာသည် အချိန်၏ အစတွင် စတင်မွေးဖွားခဲ့သည်။ ကျဉ်းမြောင်းမှုမှ ကျယ်ပြန့်လာခဲ့သည်။ အလွန်သေးငယ်သော တုန်ခါမှုလေးတစ်ခုစီဖြင့် စကြဝဠာ၏ ဂီတကို ဖွဲ့ခဲ့ကြသည်။ ခမ်းနားမှုပေါင်းမြောက်များစွာကို အမိုက်တိုက်ထဲမှ ထုတ်ယူပြသခဲ့ကြသည်။

သွား၍မရောက်နိုင်သော ခရီးများအတွက် ကျွန်တော်တို့ငြိမ်သက်ခဲ့ကြသည်။ ပြုပြင်၍မရသော လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ငြိမ်သက်ခဲ့ကြသည်။ အသိဉာဏ်၏ အသုံးမဝင်သော အခိုက်အတန့်များအတွက် ကျွန်တော်တို့ ငြိမ်သက်ခဲ့ကြသည်။ မိမိဘဝ၏ အနာဂတ်ကို ပြဌာန်းနေသော အရာများမှာ ဧရာမကိစ္စကြီးများ မဟုတ်ဘဲ လက်ရှိ အတွေးလေးတစ်စစီ၏ စုပေါင်းဖွဲ့တည်မှုမျှသာဟု နားလည်ခြင်းသည် အလွန်နက်ရှိုင်းသော တိတ်ဆိတ်မှုဆီသို့ ဦးတည်စေသည်။ စံပယ်ပန်းလေးတစ်ပွင့်ကို ခူးဆွတ်ခြင်းကိုပင် နူးညံ့သော အကြမ်းဖက်မှုဟု နားလည်လာစေသော စိတ်၏ သိမ်မွေ့ခြင်းမျိုး လိုအပ်လာသည်။ ကြွေကျနေသော သစ်ရွက်လေးတစ်ရွက်အကြောင်းကို ခြေခြေမြစ်မြစ်နားလည်နိုင်သော နှလုံးသားသစ်တစ်ခုလိုအပ်လာသည်။ လှည့်စားတတ်သောစိတ်၏ ပြဇာတ်များကို ပရိတ်သတ်တစ်ယောက်အဖြစ် စွက်ဖက်မှုမရှိဘဲ တည်တည်ငြိမ်ငြိမ် ခံစားနားလည်တတ်ဖို့လိုသည်။ ရှင်သန်ချိန်ခဏတွင် ... ငြိမ်းငြိမ်းချမ်းချမ်း စိတ်အထာဖြင့် တည်တည်ငြိမ်ငြိမ် ဖြတ်လျှောက်သွားနိုင်ရန်လိုသည်။

အလွန်လှသောကမ္ဘာသစ်တစ်ခုသည် အသိဉာဏ်မျက်တောင်တစ်ခတ်စာ အကွာအဝေးတွင်ရှိနေသည်။     ။


Regards,
Zephyr






ဖိနပ်အန္တရာယ်။

$
0
0
ဖိနပ်အန္တရာယ်။

စင်ကာပူမှာ ဖိနပ်တစ်မျိုးတော်တော် ဒုက္ခပေးနေတယ်။ ဈေးက တစ်ဆယ်ဝန်းကျင်လောက်ပဲလို့ပြောတယ်။ စီးလိုက်ရင် အင်မတန် နူးညံ့တယ်။ အောက်ခြေကို တော်တော်လေး ပျော့အောင်လုပ်ထားတယ်လို့ဆိုတယ်။ အဲဒီလောက် ပျော့တော့ ခြေထောက်တွေ ဟန်ချက်ပျက်အောင်မသိမသာလုပ်တယ်။ စီးတာကြာရင် ခြေထောက်တွေ နာတယ်။ ခြေမက အတွင်းဘက်ကို ကွေးသွားတဲ့တစ်ယောက်လည်းရှိတယ်။ ဆရာဝန်က ဖိနပ်လဲခိုင်းတယ်။ အဲဒီအမျိုးအစားအတူတူပဲထင်တယ်။ စီးလို့ကောင်းတယ်၊မကောင်းဘူးဆိုတာ ခဏနဲ့မသိနိုင်ဘူး။ ခြေထောက်တွေ၊လက်တွေရဲ့ သဘောက အဆင်မပြေတာကို အဆင်ပြေအောင် လိုက်ကူပေးတယ်။ အဲဒီလို မသိမသာလေး လိုက်ကူရင်း၊ ဖိနပ်ရဲ့ပြဿနာကနေ ခြေထောက်ခေါက်တာလို့၊လိမ်တာတို့၊စောင်းတာတို့ဖြစ်ကုန်တယ်။ နမူနာပြတာတော့ ကြည့်လိုက်တယ်။ ဖုန်းမပါလာလို့ ဓာတ်ပုံတော့ မရိုက်လိုက်မိဘူး။ အခြေခံသုံးချက်က ဈေးပေါတယ်။ သိပ်ပျော့တယ်။ စစီးစီးချင်း အင်မတန်စီးလို့ကောင်းတယ်။ အဲဒါလေး သတိထားကြပါလို့ပြောချင်တယ်။ ခြေထောက်တွေကိုလည်း သတိထားကြပါ။ ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းကိုမဆို လစ်လျူမရှုထားနဲ့။ တစ်ချိန်မှာ အဲဒီအစိတ်အပိုင်းက သူအရေးကြီးကြောင်း ပေါက်တတ်ကရ လုပ်ပြရင် ခက်မယ်။

Regards,
The Concerned citizen
(မြန်မာလိုတော့ တာဝန်သိပြည်သူတစ်ဦး)

ဟာချီကို နှင့် ချစ်ခြင်းတရား

$
0
0
ဟာချီကို နှင့် ချစ်ခြင်းတရား

ဟာချီကိုဟာ ပိုင်ရှင်မဲ့ ခွေးတစ်ကောင်ဖြစ်တယ်။
သူ့ဟာ လှောင်အိမ်တစ်ခုထဲကနေ ထွက်လာတဲ့ သတ္တဝါငယ်လေးပဲ။ သူ့နေ့ရက်တွေက ရိုးရှင်းလွန်းခဲ့တယ်။ အကီတာ အမျိုးအစား ခွေးတစ်ကောင်အနေနဲ့ သူဟာ နူးညံ့တယ်။ သူဟာ သိမ်မွေ့တယ်။ သန်စွမ်းတဲ့ ခြေလက်တွေရှိတယ်။ သခင်ကိုလည်း သိပ်ချစ်တယ်။

ဘူတာရုံလေးတစ်ခုမှာ ကျကျန်ရစ်တဲ့ လှောင်အိမ်ထဲက ခွေးကလေးတစ်ကောင် အဖြစ် လောကထဲဝင်ရောက်လာတယ်။ လောကထဲမှာ ချစ်တဲ့သူကို ရှာဖွေဖို့လိုတယ်။ ဟာချီကိုဟာ ချစ်တဲ့သူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။

ချစ်ခြင်းတရားဟာ အတိုင်းအဆမရှိပါဘူး။ အချစ်စစ်ရဲ့ တစ်လမ်းမောင်း လမ်းသွယ်ထဲ ဟာချီကို ချိုးကွေ့ဝင်ရောက်ခဲ့တာပေါ့။ သိပ်သည်းနူးညံ့တဲ့ ချစ်ခြင်းတရားဟာ နွေရာသီမှာ အေးမြပြီး၊ ဆောင်းရာသီမှာ နွေးထွေးနေလိမ့်မယ်။ လူတစ်ယောက်ကို ချစ်ဖို့ အချိန်တွေ အများကြီးပေးရတယ်။ လူတစ်ယောက်ကို နားလည်ဖို့လည်း အချိန်တွေ အများကြီးပေးရတယ်။ နားမလည်ဘဲ မချစ်နိုင်ဘူး။ မချစ်ဘဲလည်း နားမလည်နိုင်ဘူး။ ဟာချီကိုဟာ ဒီဒဿနကို ကြိတ်သဘောပေါက်နေတဲ့ ခွေးကြီးခွေးကောင်းတစ်ကောင်ပါပဲ။

နွေဦးမှာ ကြွေကျမယ့် သစ်ရွက်ခြောက်လေးတစ်ရွက်ရဲ့ အသင့်ဖြစ်နေမှုမျိုးနဲ့ချစ်ခြင်းတရားမှာ အသင့်ဖြစ်နေတဲ့ ခွေးကလေးတစ်ကောင်ရဲ့ တစ်ရောင်တည်းသော နေ့ရက်တွေမှာ သူပျော်မွေ့နေတယ်။ သူဟာ ဘယ်လောက်သင်သင် ဘောလုံးလေးတစ်လုံးကို မကောက်ဘူး။ ဒါဟာ သူ့အလုပ်မဟုတ်ဘူးလို့ ထင်နေပုံရတယ်။

သူ့သခင် ပါမောက္ခကြီး အလုပ်သွားတာကို ဘူတာရုံအထိ လိုက်ပို့ချင်တဲ့ တွယ်တာတဲ့ ခွေးကလေး။ သခင်ပြန်လာမယ့် ညနေမှာ ရထားဘူတာရုံရှေ့မှာ အချိန်မှန် ထိုင်စောင့်နေချင်တဲ့ ခွေးကလေး။ သူ့နေ့ရက်တွေကို အလွမ်းနဲ့ အချစ်ကလွဲရင် ဘာမှ အဝင်မခံဘူး။ သိပ်ပြည့်စုံလှပတဲ့ ကမ္ဘာတစ်ခုကို စိတ်ထဲမှာဆောက်ထားတဲ့ ခွေးကလေး။ သူဟာ ကြီးမြတ်လွန်းတဲ့ ခွေးကလေးပဲ။

အချိန်ကာလ မလွှမ်းမိုးနိုင်တဲ့မေတ္တာတရားရဲ့ သိမ်မွေ့မှုကို သူရှာတွေ့ခဲ့တာပါပဲ။ အချိန်က ချစ်ခြင်းမေတ္တာကိုပြောင်းလဲနိုင်တယ်ဆိုရင် ပိုမိုသိပ်သည်းလာဖို့ပဲ တတ်နိုင်လိမ့်မယ်။ အချိန်ဟာ နှလုံးသားထဲက မေတ္တာကို သမိုင်းတစ်လျှောက်လုံး မဖျောက်ဖျက်နိုင်ခဲ့ဘူး။

သူ့သခင်က ပီယာနိုတီးတယ်။ ဟာချီကိုဟာ ဂီတကို နားမလည်ရင်တောင် ဂီတသမားရဲ့ နှလုံးသားကို နားလည်သူပဲ။ သူချစ်တဲ့သူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို စကားလုံးမဖြည့်စွက်ဘဲ ပရမတ်တည့်တည့် နားလည်နေတဲ့ ခွေးကလေးတစ်ကောင်။ သခင်ကို ဘူတာရုံလိုက်ပို့မယ်။ ဘူတာရုံက ပြန်သွားကြိုမယ်။ တစ်နေ့တာဝတ္တရားထဲ ချစ်ခြင်းတရားဖြည့်သိပ်ထားတဲ့ ခွေးကလေးတစ်ကောင်ရဲ့နူးညံ့စိတ်ထားဟာ ကမ္ဘာအဆက်ဆက်လှပနေတော့တာပဲ။

နှလုံးသားဟာ ဆွစ်နာရီတွေထက် အချိန်တိကျတယ်။ ဟာချီကိုဟာ ဘယ်တော့မှ လာကြိုဖို့ နောက်မကျခဲ့ဘူး။ ချစ်ခြင်းတရားနဲ့ သံပတ်ပေးထားတဲ့ နှလုံးသားထက် ဘယ်နာရီမှပိုပြီး မတိကျနိုင်ပါဘူး။ လေးနက်တဲ့ ချစ်ခြင်းတရားမှာ သိပ်ကိုတိကျတဲ့ ဇီဝဗေဒ နာရီတစ်လုံးရှိတယ်။ နှလုံးခုန်ချက်တိုင်းဟာ တိကျတယ်။ သွေးခုန်နှုန်းလေးတစ်ခုစီက တိကျတယ်။ ချစ်ခြင်းတရားနဲ့ နှလုံးသားဟာ ဝီရိယအပြည့်နဲ့အမြဲ တက်ကြွနေတယ်။

တစ်နေ့မှာ ..... ပါမောက္ခကြီး အလုပ်သွားတော့ ဟာချီကိုက လိုက်မပို့ဘူး။ ဘယ်လိုခေါ်ခေါ်မလိုက်ဘူး။ ဟောင်ပဲဟောင်နေတယ်။ ပါမောက္ခကြီးဘူတာရုံရောက်တဲ့အထိ လှည့်ကြည့်လှည့်ကြည့်နဲ့သွားတယ်။ သူ့ကိုသိပ်ချစ်တဲ့ ခွေးကလေး ဘာလို့များ လိုက်မပို့သလဲဆိုတဲ့ အံ့သြစိတ်နဲ့ လှည့်လှည့်ကြည့်နေတယ်။ နောက်ဆုံး ဟာချီကို လိုက်လာတာတွေ့တယ်။ သူ့အနားရောက်တော့ ဟာချီကိုက ကိုက်ချီလာတဲ့ ဘောလုံးလေး ချပေးလိုက်တယ်။ ပါမောက္ခကြီး အံ့သြသွားတယ်။ သူ့ခွေးလေးဟာ ဘယ်တုန်းကမှ ဘောလုံးမကောက်ဘူး။ ဒီနေ့မှ ထူးထူးခြားခြားလုပ်လာတယ်။ ဒါပေမယ့် သူအလုပ်သွားရဦးမယ်။ ခွေးကလေးကိုနှုတ်ဆက်ပြီး သူရထားပေါ်တက်သွားတယ်။

အဲဒီခရီးဟာ ပြန်မလာနိုင်တော့မယ့် ခရီးတစ်ခုဖြစ်မှန်း ပါမောက္ခကြီး ကြိုမသိခဲ့ဘူး။

လောကကြီးဟာ သိပ်ချစ်တတ်တဲ့သူတွေ ဒဏ်ရာရဖို့ လက်စွမ်းပြတည်ဆောက်ထားတဲ့ နေရာတစ်ခုများလား။ ခေတ်အဆက်ဆက် နာကျင်တဲ့စိတ်ရှိခဲ့သူတွေဟာ သိပ်ချစ်တတ်သူတွေပါပဲ။

ဟာချီကိုဟာ ပြန်မလာတော့မယ့် သခင်ကို ညနေတိုင်း လာလာကြိုတယ်။ ချစ်ခြင်းနဲ့ထိုးထားတဲ့ တက်တူးတစ်ခုရဲ့ မြဲမြံနေပုံမျိုးပဲ။ ရာသီဥတုတွေဟာ ချစ်တဲ့သူပြန်လာမယ်ထင်နေတဲ့ ခွေးကလေးတစ်ကောင်အတွက် ထင်သလောက်မဆိုးရွားပါဘူး။ ပြန်မလာသူတွေ မသိနိုင်တဲ့ စောင့်ဆိုင်းသူရဲ့ ကျင့်မြဲတရားမှာ သက်ဝင်ယုံကြည်နေတဲ့ ခွေးကလေးတစ်ကောင်၊ သူ့နေ့တွေဟာ မှောင်လွန်းတယ်။ ဘူတာရှေ့မှာထိုင်ပြီး ခရီးသွားတွေထဲက ချစ်တဲ့သူကို ရှာရတဲ့ ဝေဒနာဟာ ဘယ်လောက်နာကျင်လိမ့်မလဲ။ ပြန်မလာမယ့်ချစ်သူကို ပြန်လာမယ်ထင်နေတဲ့ ခွေးကလေး။ ဒဏ်ရာတွေဟာ တစ်နေ့ထက်တစ်နေ့ သိပ်သည်းလာတယ်။ ဒါပေမယ့် သူထိုင်စောင့်နေတယ်။ ချစ်ခြင်းတရားနဲ့တည်ဆောက်တဲ့ နှလုံးသားမှာ မျှော်လင့်ခြင်းဟာ ထာဝရမြဲတဲ့တရားပဲ မဟုတ်လား။

မျှော်နေတဲ့ခွေးလေးကို အချိန်ကာလက လုပ်ပေးနိုင်တာ အိုမင်းလာဖို့ပဲ။ ကျန်တာတွေတော့ အချိန်က မကူညီနိုင်ဘူး။ ချစ်ခြင်းတရားနဲ့ထွင်းထားတဲ့ သစ္စာတရားဟာ နက်ရှိုင်းလွန်းတယ်။ ညနေတိုင်း ရထားလာစောင့်နေတဲ့ ခွေးကလေးတစ်ကောင်ရဲ့နှစ်တွေ အလီလီပြောင်းခဲ့ပြီ။ ချစ်ခြင်းတရားကို မြောက်ပြန်လေဟာမသယ်ဆောင်သွားနိုင်ဘူး။ နွေးထွေးတဲ့ နွေဦးဟာ မေတ္တာတရားကို မခမ်းခြောက်စေနိုင်ပါဘူး။ သစ္စာတရားဟာ ချစ်တဲ့သူတွေရဲ့ အလွန်လှပတဲ့ နှလုံးသားပဋိညာဉ်တစ်ခုပါပဲ။ စိတ်နဲ့ရေးထိုးထားတဲ့ လက်မှတ်ဟာ၊ ဦးနှောက်နဲ့ ရေးထိုးထားတဲ့ လက်မှတ်များလို ဖျက်လွယ်၊ပြင်လွယ်မဟုတ်ဘူး။ ဒါကို ဟာချီကိုက စကားလုံးမပါဘဲ သက်သေခံသွားတာ။

ပြန်မလာတော့မယ့် ခရီးသွားရဲ့ရုပ်ပုံလွှာဟာ သိစိတ်ထဲမှာ မြဲမြံထင်ရှားနေတယ်။
လွမ်းဆွတ်ခြင်းနဲ့ ရက်လုပ်ထားတဲ့ မီးခိုးရောင် ဆွယ်တာလေးတစ်ထည် ငြိမ်သက်တိတ်ဆိတ်နေသလိုမျိုး ချစ်ခြင်းတရားမှာ ကျိန်စာမိနေတဲ့ ခွေးကလေးတစ်ကောင် စောင့်မျှော်နေတယ်။

နှစ်တွေ၊သက္ကရာဇ်တွေက ပြဿနာမဟုတ်ပါဘူး။ သေတဲ့အထိ မစွန့်သွားတဲ့ မေတ္တာတရားရဲ့ မာခြင်းအဆင့်နဲ့သိပ်သည်းမှုအတွက် သက်တမ်းတစ်ခုဟာ ဘယ်တော့မှ မရှည်လျားပါဘူး။ ရှင်သန်နေတဲ့ နောက်ဆုံးစက္ကန့်အထိ စတင်ခဲ့တဲ့ချစ်ခြင်းဟာ အမြဲ ဖျတ်လတ်သစ်လွင်နေတာပါပဲ။ Shibuya ဘူတာရုံရှေ့မှာ ထိုင်နေတဲ့ခွေးကလေးအတွက် နာရီတွေ မလိုပါဘူး။ ချစ်ခြင်းတရားနဲ့ရှူသွင်းလိုက်တဲ့ လေထဲမှာ အောက်ဆီဂျင်နဲ့အတူ လွမ်းဆွတ်ခြင်းတွေ အမြဲပါလာနေကျ။

စစ်မှန်တဲ့ မျှော်လင့်ခြင်းနဲ့ ပြည့်ဝတဲ့ချစ်ခြင်းအတွက် အဖြေဟာ တစ်နေ့တော့ ရောက်လာမှာပါပဲ။ ရှင်သန်နေတုန်းမှာ ရှာမတွေ့တာတွေ သေခြင်းတရားမှာ ပြန်လည်တွေ့ရှိရမှာပဲမဟုတ်လား။ ဒီလိုပဲပေါ့။

တစ်ခုသောဆောင်းမှာ ဟာချီကို တိတ်တဆိတ်ထွက်ခွာသွားတယ်။ စောင့်ဆိုင်းခြင်းရဲ့ကမ္ဘာကနေ ပြန်လည်ပေါင်းဆုံခြင်းဗိမာန်ဆီကိုထွက်ခွာသွားတာပါပဲ။ အဲဒီမှာ သူချစ်တဲ့သူရှိတယ်။ သူ့ကိုလည်းစောင့်နေတယ်။ ချစ်ခြင်းတရားမှာ မြဲနေတဲ့ ကတိတစ်ခုဟာ အလွန်လှပတဲ့ အိမ်မက်ချိုတစ်ခုပဲပေါ့။ သူချစ်တဲ့သူဆီ သူပြေးထွက်သွားတယ်။ ဒီလိုပြေးထွက်ခွင့်ရမယ်၊ ဒီလိုပြန်လည်တွေ့ဆုံမယ်လို့ သူ့နှလုံးသားဟာ ထာဝရယုံကြည်ခဲ့တာပဲ။ ချစ်ခြင်းတရားမှာ အလုပ်နှစ်ခုပဲရှိတယ်။ ချစ်ခင်စွာ ပွေ့ဖက်ထားဖို့နဲ့ ဒီအချိန်မတိုင်ခင်အထိ ချစ်ခင်စွာ စောင့်ဆိုင်းနေဖို့ပါပဲ။

ချစ်ခြင်းတရားမှာ စကားလုံးတွေ မလိုအပ်ပါဘူး .............။ တိတ်ဆိတ်တဲ့လေးနက်မှုနဲ့ ငြိမ်ငြိမ်လေးထိုင်စောင့်နေတဲ့ ခွေးကလေးတစ်ကောင်ရဲ့ရင်ထဲမှာ ပွင့်နေတဲ့ ခရမ်းပြာပန်းလေးတစ်ပွင့်ကို မြင်လာတဲ့တစ်နေ့မှာ .... ချစ်ခြင်းတရားရဲ့ သိမ်မွေ့တဲ့ ဖူးပွင့်မှုကို နားလည်လာရမှာပါပဲ။                     ။

With Regards,
Zephyr

p.s I love hachiko.

ဘဝရဲ့ဒုတိယပိုင်း

$
0
0
ဘဝရဲ့ဒုတိယပိုင်း

ရှေ့သက်တမ်းတစ်ဝက်တွင် သင်ယူလေ့လာခဲ့သမျှကို ပြန်လည်မေ့ဖျောက်ရန် ကျွန်တော် အလေးအနက်တွေးနေမိသည်။ ဒုတိယပိုင်းသည် ပထမပိုင်း၏ အဆက်မဟုတ်ပါ။ လေထဲလွင့်သွားသော ဖုံမှုန့်လေး ဘယ်များရောက်သွားပါလိမ့်ဟု ကျွန်တော်တွေးနေတုန်းဖြစ်ပါသည်။ It's a heartache ဟုBonnie Tyler က ၁၉၇၈ ကတည်းက ကြိုသိနေခဲ့ခြင်းမှာ မဆန်းပါလော။ သင်ယူလေ့လာမှုသည် ခြောက်သွေ့လွန်းသော သမားရိုးကျနည်းလမ်းများကို လွန်မြောက်ရမည်ဟု ဆရာသမားကဆိုသည်။ ဤအဆိုကိုလည်း သူ့ဆရာသမားမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်လိမ့်မည်။ ပျော်ရွှင်ဖွယ်ကောင်းသော သင်ယူမှုဖြင့်သာ ရှင်သန်တတ်ရန် သင်ကြားပေးခဲ့သူများကို လေးစားတတ်ရန် အချိနယူရပါလိမ့်မည်။

ပထမပိုင်း၏ အခက်အခဲမှာ မလုပ်မဖြစ် အချိန်ဇယားများဖြစ်ပါသည်။ တကယ်မလိုအပ်မည့် စာများကို အချိန်နာရီထောင်ပေါင်းများစွာပေး၍ ကျက်မှတ်ခဲ့ပါသည်။ ယခုခေတ်ဘဏ်မန်နေဂျာများထက် သင်္ချာ နှစ်ဆပိုတွက်ခဲ့ဖူးပြီး၊ ယခုခေတ်အရောင်းသမားများထက် တက်ကျမ်း ၂ ဆပိုဖတ်ခဲ့ဖူးသည့်အတွက် နည်းနည်းမျှ ဂုဏ်မယူခဲ့မိပါ။ ထိုအရာများသည် ဘဝ၏ ဒိုင်းမင်းရှင်းကို ပိုမို ကျယ်ပြန့်စေသော တရားများသာဖြစ်သည်ဟု နားလည်လာခဲ့ချိန်အထိ စိတ်ရှည်နေခဲ့ဖို့သာလိုသည်။ အကြောင်းမဲ့ဖြစ်သောအရာ တစ်ခုမှ မရှိဟု မုတ်ဆိတ်ရော၊နှုတ်ခမ်းမွှေးပါမက၊ မျက်တောင်မွှေးများပင် ဖြူနေသော ဆရာကြီးတစ်ဦးကဆိုသည်။ ထိုအရာတစ်ခုကို သေချာသိဖို့ ဖြူခဲ့ရသည့် အမွှေးအမျှင်များပင် မနည်းလှဟု တွေးပြီး ရယ်မိမလိုဖြစ်သွားသည်။

ဒုတိယပိုင်း၏ ပြဿနာမှာ ပထမပိုင်းတွင် သိမ်းပိုက်စွဲလန်းထားသော ဥပါဒါန်များကို တစ်ခုစီ ပြန်လည် စွန့်လွှတ်ရန်ဖြစ်ပါသည်။ ထိုအခက်အခဲမှာ ရယ်မောတတ်ရန် အချိန်များစွာ လိုအပ်နေခြင်းတွင် အခြေခံသည်။ အလေးအနက်များကို စွန့်လွှတ်လိုက်လျှင် ပေါ့ပါးစွာ လေးနက်ခွင့်ကို ပြန်လည် ရရှိလာလိမ့်မည် ထင်သည်။

ပထမဆုံး ကြိုးပမ်းချက်အနေဖြင့် အချိန်နာရီပေါင်းများစွာပေး၍ တည်ဆောက်ထားသော စာကြည့်တိုက်လေးတစ်ခုကို မြန်မာပြည်ပြန်ပို့လိုက်သည်။ စာအုပ်များသည် အင်မတန်အကျိုးပေးခဲ့သည်။ အကျိုးများစွာရှိစေခဲ့သည်။ ဘဝတွင် အပေါ့၊အလေးသွားသောကိစ္စမှအစ ကုသိုလ်ရရန်သင်ပေးခဲ့သည်။ အနာဂတ်ငွေကြေးစီမံမှုကိုလည်း သင်ကြားပေးခဲ့သည်။ လူအုပ်ကြီးထဲတွင် အဆင်ပြေရန်၊တစ်ယောက်တည်း အထီးမကျန်စေရန် အစစအရာရာသင်ကြားပေးခဲ့သည်။ မြန်မာပြည်ကစာအုပ်တွေကို အကြိမ်ကြိမ်ခွဲ၍ သယ်ခဲ့သည်။ စာအုပ်စင် အမြင့်ကြီးတွေ ဝယ်ပြီး သပ်သပ်ရပ်ရပ်ဖြည့်စွက်ခဲ့သည်။ စာအုပ်တစ်အုပ်စီကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်စီလို ရင်းနှီးချစ်ခင်ခဲ့သည်။ ပထမပိုင်း၏ သမိုင်းသည် စာကြည့်တိုက်လေးတစ်ခုဖြစ်သည်။ ထိုစာကြည့်တိုက်ကို ပြန်မပို့လျှင် ဒုတိယပိုင်းတွင် ပထမပိုင်း ကိစ္စများ ရှုပ်နေနိုင်သည်။ မည်သည့်လူငယ်လေးတစ်ယောက်မဆို စာကြည့်တိုက်အသေးစားလေးတစ်ခု ပိုင်ဆိုင်လာသည့်နေ့တွင် လေးနက်သော ဘဝအမြင်တစ်ခု ကိုယ်ပိုင်ဖန်တီးယူနိုင်လာလိမ့်မည်။ စာအုပ်များထက်ပို၍ ကိုယ့်စိတ်ကိုကိုယ် ပြန်လည်သိမြင်စေသော ပြင်ပအကူမရှိပါ။ အချိန်ဆယ်နှစ်သည် စာအုပ်တစ်ထောင်ကျော်ကို ကျေညက်စွာဖတ်ရန် လုံလောက်ပါသည်။ ထိုအသိတရားသည် ဘဝ၏ပထမပိုင်းတွင် နေပျော်သူတစ်ဦးဖြစ်စေနိုင်သည်။ စာအုပ်တွေမပါတဲ့ ခရီးကိုသွားလေ့မရှိသူ၊ စာတစ်ပိုဒ်မှ မဖတ်ဘဲ အိပ်မပျော်နိုင်သူဖြစ်အောင် စာကြည့်တိုက်လေးက ကူညီခဲ့သည်။ သူ သိုဝှက်သိမ်းဆည်းထားသော အနုပညာနဲ့ ချစ်ခြင်းတရားကို စာကြည့်တိုက်လေးက မခြွင်းမချန်ပေးအပ်ခဲ့သည်။ ပညာကို တန်ဖိုးထားသော စိတ်ဓာတ်အမွေကိုလည်း ပေးခဲ့သေးသည်။

ဘဝ၏ဒုတိယပိုင်းသည် အပြင်က ပညာကို စိတ်အတွင်း ပြန်ရှာကြည့်ရန် အလေးအနက်ထားရသည့် ကာလဖြစ်သည်။ သင်ယူမှုများ၏ အဆီအနှစ်သည် ဒုတိယပိုင်းတွင် ကိုယ်ပိုင်အမှတ်အသားဖြစ်လာသည်။ စာရေးသူတစ်ယောက်သည် စာရေးရင်းရေးရင်း သူ့ရေးဟန်တစ်ခုဖြစ်လာသလို အတွေးအခေါ်သည်လည်း စုစည်းလေ့လာမှုမှ အသစ်တစ်ခုဖြစ်လာသည်။ စိတ်ထားသည်လည်း အသစ်တစ်ခု ဖြစ်လာသည်။ ပြောင်းလဲမှုဖြစ်သည်။ ထိုအရာသည်လည်း ဆင့်ကဲဖြစ်စဉ်တစ်ခုသာဖြစ်သည်။ လူသားတစ်ဦးစီ၏ ပြောင်းလဲမှုသည် နောင်နှစ်သန်းပေါင်းများစွာကြာသည့်အခါ သိသာသောဖြစ်ထွန်းမှုဖြစ်လာနိုင်သည်။ ဆန်းကြယ်သော စိတ်၏ စွမ်းအားများသာဖြစ်သည်။ စစ်ပွဲလိုလားသူများသာ နှစ်တစ်သန်းတိုင် စစ်ပွဲဆက်တိုက်လိုလားခဲ့လျှင် မွေးရာပါ လက်နက်တပ်ဆင်ပြီးသား လူသားများဖြစ်ထွန်းလာနိုင်သည်။ လောကကို ဦးဆောင်သောအရာမှာ စိတ်ပင်ဖြစ်သည်။ လောကသည် စိတ်အစုအပေါင်း၏ ရောင်ပြန်ဟပ်ဖြစ်ထွန်းမှုသာဖြစ်သည်။ မငြိမ်းချမ်းသော စိတ်များက မငြိမ်းချမ်းသော လောကသစ်တစ်ခုကို ပြုလုပ်နေသည်။ ဘဝ၏ ဒုတိယပိုင်းတွင် မသိစိတ်ဖြင့် မငြိမ်းချမ်းမှုကို အားပေးအားမြှောက်မလုပ်ရန် အရေးကြီးလာသည်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံကြည့်တတ်ရန်လိုလာသည်။ ငါစွဲမှသာမက နိုင်ငံစွဲမှပါ လွတ်မြောက်ရန်လိုအပ်လာသည်။ ကမ္ဘာသားအမြင်၊ စကြဝဠာအဖွဲ့အစည်းမှ မော်လီကျူးလေးငယ်လေးတစ်ခု၏ အမြင်မျိုးလိုအပ်လာသည်။ အင်မတန်သေးဖွဲသော စကြာဝဠာ၏ အမှုန်လေးတစ်ခုအနေဖြင့် မလုပ်သင့်၊မရှိသင့်သော အတ္တမာနများနှင့် မလိုလောဘများကို စွန့်ဖယ်လိုက်ရန်လိုအပ်လာသည်။

စကြဝဠာ၏ တည်နေပုံအရ ကမ္ဘာအပါအဝင် နေအဖွဲ့အစည်း၏ ပျောက်ကွယ်သွားနိုင်မှုမှာ တစ်စက္ကန့်အတွင်း ဖြစ်ပျက်သွားနိုင်သည်။ လောင်ကျွမ်းမှုကုန်ဆုံးသောနေ့တွင် နေသည်လည်း ငြိမ်းသွားနိုင်သည်။ လောင်ကျွမ်းမှုမညီမျှမှုလေးတစ်ခုကြောင့်ပင် ရက်သတ္တပတ်တစ်ပတ်အတွင်း ကမ္ဘာကြီး အေးခဲသွားနိုင်သည်။ ကမ္ဘာကြီး၏ဖြစ်တည်မှုသည်လည်း အလွန်တရာ တိုက်ဆိုင်နေသော ကြုံတောင့်ကြုံခဲ မတော်တဆမှုလေးမျှသာဖြစ်သည်။ ကမ္ဘာကြီးကို ပတ်လမ်းထဲမှ တိုက်ထုတ်ပစ်လိုက်ရန် စကြဝဠာအတွင်းတွင် အစိုင်အခဲများစွာရှိနေသေးသည်။ တစ်နေ့မဟုတ် တစ်နေ့ လူသားအားလုံး ရုတ်တရတ် မျိုးပြုတ်သွားနိုင်သည်။ ထိုအခက်ကြီးအတွင်း ပျော်နေသော ကိုယ့်စိတ်ကိုယ် အံသြလေးစားတတ်ရန် အရေးကြီးလာသည်။ မောဟသည် အလွန်လှသော ကမ္ဘာတစ်ခုဖြစ်စေသည်။ မနက်ဖြန်ကို စိတ်မချနိုင်လျှင် ဒီညကို ပျော်အောင်အိပ်ဖို့ ခက်နေမည်ထင်သည်။

မသေချာမှုများကို သေချာယောင်ဆောင်ထားသော အရာမှာ မောဟပင်ဖြစ်သည်။ သေနိုင်သောအရာများကို မသေနိုင်ဟုထင်နေစေသော အရာမှာ မောဟပင်ဖြစ်သည်။ မောဟ၏ ပြုပြင်မှုဖြင့် အမှန်မမြင်နိုင်သော ကမ္ဘာတစ်ခုထဲတွင် ကျွန်တော်တို့အားလုံးပိတ်မိနေကြသည်။ သေတတ်သောလူများသေသွားခြင်းကို ဝမ်းနည်းနေခြင်းမှာ မောဟ၏ ပိတ်ဆို့မှုသာဖြစ်သည်။ လူအားလုံး သေရမှာပဲဟူသော အသိကို ယုံကြည်သောစိတ်ကိုပင် မောဟက လက်မခံချေ။ ထို့ကြောင့်မကြာခဏ စိတ်သည် သေခြင်းကို တုန်လှုပ်ရသည်။ မိဘများသေဆုံးလျှင် သာ၍တုန်လှုပ်သည်။ ခံနိုင်ရည်မရှိအောင်ဖြစ်ရသည်။ ဘဝ၏ဒုတိယပိုင်းတွင် မောဟကို နားလည်သော ပညာတစ်မျိုးလိုလာသည်။ မိမိ၏စိတ်ကို မောဟ မခြယ်လှယ်လျှင် စိတ်သည် ခံနိုင်ရည်ပိုရှိလာနိုင်သည်။ ပထမပိုင်းတွင် ဥစ္စာစီးပွားရှာရန်လိုသော ပညာကို ကျကျနနသင်ယူလေ့လာခဲ့ကြပြီးဖြစ်သော်လည်း ဒုတိယပိုင်းတွင် မိမိတို့သည် သူငယ်တန်းပြန်ဖြစ်နေသည်။ မိမိစိတ်ကို ပျော်အောင်မထားနိုင်သေးသော ကလေးငယ်များသာဖြစ်နေသည်။ မောဟ၏ မှောင်မိုက်ကို ကျော်လွန်၍ မသွားနိုင်သော ကလေးငယ်များသာဖြစ်နေသည်။ ထိုခံစားချက်သည် အလွန်သိမ်ငယ်ဖွယ်ကောင်းသည်။ ပထမပိုင်း၏ ပညာများသည် ဒုတိယပိုင်း၏ အခက်အခဲအတွက် လုံလောက်သော ပုံသေနည်းများ မပေးနိုင်တော့။ ပထမပိုင်း၏ ပင်လယ်တွင် ဖောင်သဖွယ်ဖြစ်ခဲ့သော ပညာများကို ဒုတိယပိုင်းကမ်းခြေတွင် ချထားခဲ့ရတော့မည်။ ဒုတိယပိုင်း၏ အခက်အခဲသည် ပိုမိုသိမ်မွေ့သည်။ သိသာသော အခက်အခဲများမဟုတ်တော့။ သိမ်သိမ်မွေ့မွေ့လေး ဒုက္ခပေးနေသော ဒဏ်ရာဒဏ်ချက်များဖြစ်လာသည်။

လူသည် လောကတွင် ရှင်သန်ရန် ပညတ်များကို စနစ်တကျ သင်ယူခဲ့ပြီး၊ လောကလွန်တရားသို့ ဆက်သွားရန် ပညတ်များကို စနစ်တကျ ပြန်လည် စွန့်ပစ်ကြရသည်။ ဒုတိယပိုင်း၏ ကသိကအောင့်ဖြစ်ဖွယ်အမှန်တရားမှာ မိမိတို့၏ အသားကျနေသော ဆင်ခြင်မှုပုံစံဖြစ်သည်။ ဒုတိယပိုင်းသည် သိမ်မွေ့သော ပြောင်းလဲမှုလေးတစ်ချက်သာဖြစ်သည်။ လူသည် ဒုတိယပိုင်းကိစ္စများကို သတိမမူမိလျှင် ပထမပိုင်းဟုသာ ထင်နေမိနိုင်သည်။ ပထမပိုင်းသည် အင်မတန် လှုပ်ရှားသက်ဝင်သည်။ တက်ကြွစွာပါဝင်သည်။ ရဲရင့်စွာစူးစမ်းသည်။ အင်အားသစ်များစွာရရှိသည်။ ဒုတိယပိုင်းတွင် ခန္ဓာထက် စိတ်၏ အခန်းကဏ္ဍမှာ ပို၍လေးနက်လာသည်။ ပထမပိုင်းတွင် လူတစ်ယောက် အကူအညီလိုလျှင် ပစ္စည်းတစ်ခုခုပေးလိုက်ရန် အာရုံထားသည်။ ဒုတိယပိုင်းတွင် လူတစ်ယောက်အကူအညီလိုလျှင် မည်သည့်ပစ္စည်းကို မည်သည့်စိတ်အခြေအနေဖြင့် ပေးသည်ကို အာရုံထားလာသည်။ သေးဖွဲသောအရာဟုထင်ခဲ့သော အရာများကို အကျယ်ချဲ့၍ကြည့်သည်။ ကိုယ့်စိတ်၏ အပြောင်းအလဲမြန်ဆန်မှုများကိုသာ အချိန်ပေး၍လေ့လာသည်။

ပထမပိုင်းတွင် ဂီတကို နားထောင်သည်။ စာပေကိုဖတ်ရှုသည်။ ဒုတိယပိုင်းတွင် ဂီတ၏ နောက်ကွယ်မှ အနုပညာအင်အား၊ စာပေ၏နောက်ကွယ်မှ အနုပညာအင်အားကို ခံစားသည်။ မူလဓာတ်၏ တစ်ခုတည်းဖြစ်မှုဆီသို့ ပြန်သွားသည်။ ရှုပ်ထွေးမှုများသည် ရှင်းလင်းမှုတစ်ခု၏ အလင်းဖြာမှုများသာဖြစ်ကြောင်း ခံစားနားလည်ရန်ကြိုးပမ်းကြသည်။ သဘာဝတရား၏ လေးနက်မှုဘက်ကို ကိုင်းညွတ်လာကြသည်။ ပထမပိုင်း၏ ပျော်မွေ့ဖွယ် ကိစ္စများကို ဒုတိယပိုင်းတွင် လျှော့ချလာကြသည်။ စူပါမားကတ်၏ ဆန်းပြားမှုဆီမှ တောအုပ်၏ စိမ်းညို့မှုဆီသို့ စိတ်ကိုပို့လွှတ်ကြသည်။ မူလစိတ်၏ အင်အားပြည့်စုံမှုပြန်လည်ရရှိရန် ပိတ်ဆို့ကာဆီးသမျှကို တလွှာချင်းခွာချပစ်သည်။ ကြိုက်တာစားရာမှ သင့်ရာစားလာကြသည်။ ကြိုက်ရာဝယ်နေရာမှ လိုအပ်တာသာဝယ်တော့သည်။ အမှုကိစ္စများကိုလည်း တတ်စွမ်းသရွေ့လျှော့ချ၍ ပိုတန်ဖိုးရှိသော ရွေးချယ်မှုများ လုပ်ကိုင်လာကြသည်။

ပထမပိုင်းမှ သင်ယူလေ့လာမှုများသည် အတ္တကို စနစ်တကျ တည်ဆောက်ရန် ဖြစ်သည်ဟုဆိုလျှင် ဒုတိယပိုင်း၏ ပညာသည် အနတ္တအမြင်ကို ခိုင်မာရန်ထောက်ကူမှုဖြစ်လိမ့်မည်။ ပထမပိုင်းမှ ပညာသည် ရှင်သန်ခြင်း၏ အခက်အခဲများကို ပြေလည်စေရန်အတွက် အရေးကြီးသည်ဆိုလျှင် ဒုတိယပိုင်း၏ပညာသည် သေဆုံးခြင်းကို လွယ်ကူစေရန် အရေးကြီးသည်ဟုဆိုရမည်။ ပထမပိုင်း၏ ပညာသည် လှုပ်ရှားမှုဆိုလျှင် ဒုတိယပိုင်း၏ ပညာသည် ရပ်တန့်တည်ငြိမ်မှုသာဖြစ်ရမည်။ ပထမပိုင်းသည် ပျော်ရွှင်သော ဘဝအတွက်ဆိုလျှင် ဒုတိယပိုင်းသည် ငြိမ်းချမ်းသော ဘဝဖြစ်လိမ့်မည်။ တန်ဖိုးကိုယ်စီရှိသည်။ မတူညီသော ဒိုင်းမင်းရှင်းနှစ်ခုပါဝင်သော ရှင်သန်မှုကာလကို ဘဝဟုခေါ်ခြင်းဖြစ်လိမ့်မည်။

ပထမပိုင်းနှင့် ဒုတိယပိုင်း၏အကူးအပြောင်း၏ ထူးခြားသိသာသော လက္ခဏာမှာ လစ်ဟာမှုဖြစ်သည်။ ပထမပိုင်း၏ ပြည့်စုံမှုသည် ဒုတိယပိုင်းတွင် တစ်စုံတစ်ခုလိုနေသည်။ ပထမပိုင်းတွင်ရရှိခဲ့သော အောင်မြင်မှုများသည် ဒုတိယပိုင်း၏ လိုအပ်မှုကို မဖြည့်စွက်နိုင်ပေ။ ထိုလစ်ဟာမှုလေးကို ငြိမ်းချမ်းမှုမှအပ မည့်သည့်အရာနှင့်မျှ ဖြည့်စွက်၍မရ။ မြင့်မြတ်ခြင်းတွေ၊ ဉာဏ်စဉ်တွေထက် ပိုအရေးကြီးသည်မှာ ကျက်သရေရှိသော ရှင်သန်မှုဖြစ်သည်။ မိမိ၏စိတ်သည် လိုနေသောစိတ်တစ်ခုမဟုတ်။ တန်ဖိုးရှိသော ငြိမ်းချမ်းမှုဖြင့် ပြည့်နေသော စိတ်အခြေအနေဖြစ်နေရမည်။ လောကကြီးကို ခက်အောင်မလုပ်သည့်စိတ်ဖြစ်နေသည်။ လူသားများ၏ ဘဝကို ခက်အောင်မလုပ်သူဖြစ်လာမည်။ လူသားတိုင်း၏ ဘဝကို လွယ်ကူစေချင်သောစိတ်သည် မေတ္တာနှင့်ကရုဏာအပြည့်ပါနေလိမ့်မည်။ တကူးတကဖြည့်စွက်ထားသော မေတ္တာမျိုးမဟုတ်။ သူ့အလိုလို ပေါ်လာသော မူရင်းသဘာဝသာဖြစ်လိမ့်မည်။ ပထမပိုင်း၏ ကုသိုလ်များသည် ဆင်ခြင်ဉာဏ်နှင့် အသိတရားကို အခြေခံ၍ပြုခဲ့သည်ဆိုသော် ဒုတိယပိုင်း၏ ကုသိုလ်များသည် နူးညံ့သောစိတ်မှ သူ့အလိုလိုပွင့်ဖူးလာသော ပန်းပွင့်များသဖွယ်ဖြစ်သည်။ ကုသိုလ်ကိုပြုသူမရှိတော့။ စိတ်၏လိုအပ်ချက်ကို စိတ်၏သဘာဝက ဖြည့်စွက်သော ဖြစ်စဉ်သက်သက်မျှဖြစ်လာသည်။ ဒုတိယပိုင်းတွင် အတ္တ၏ နယ်မြေကျဉ်းသထက်ကျဉ်းလာပြီး သဘာဝတရားပိုဆန်လာသည်။ နွေရာသီတွင် ကြွေကျသော သစ်ရွက်လေးတစ်ရွက်သည် သဘာဝစည်းမျဉ်းကို သဘာဝအတိုင်းလိုက်နာသလိုမျိုး၊ စိတ်က သူ၏ မူလသဘာဝဆီသို့ ပြန်၍သွားလိမ့်မည်။ စိတ်၏သဘာဝအတိုင်း စင်ကြယ်မှု၊ သဘာဝအတိုင်းလျှင်မြန်မှု၊ သဘာဝအတိုင်း အတွေးများတွင် ငြီးငွေ့လွယ်မှုများကို အရှိအတိုင်းသိနေခြင်းသည် ဒုတိယပိုင်း၏ တစ်ခုတည်းသော အလုပ်ဖြစ်လာလိမ့်မည်ထင်ပါသည်။

ရှင်သန်နေဆဲကိစ္စများအတွက် ပထမပိုင်း၏ ပညာများကို သုံးစွဲနေရသည့်တိုင် ဒုတိယပိုင်းသည် သူ့လက္ခဏာများကို လူတိုင်းကို သတိပေးနေမြဲဖြစ်သည်။ ပထမပိုင်းတွင် ပွင့်လန်းခဲ့သော အသိပညာ၏ပန်းများသည် အသီးအဖြစ်သို့ရောက်လာသော အခိုက်အတန့်သည် ဒုတိယပိုင်းဖြစ်သည်။ ဒုတိယပိုင်း၏ အသီးသည်၊ ပထမပိုင်း၏ ပန်းပွင့်နှင့် အသွင်သဏ္ဍာန်ခြားနားသော ဖြစ်တည်မှုဖြစ်သလို၊ မတူညီသော လိုအပ်ချက်လည်းရှိလိမ့်မည်။ ဒုတိယပိုင်းသည် မတူညီသော်လည်း ပထမပိုင်းနှင့်မကင်းချေ။ ပထမပိုင်း၏အဆက်မဟုတ်သော်လည်း ပထမပိုင်း၏ တင်းအားတွင် အခြေခံ၍ ပျံသန်းထွက်လာသော မြားတစ်စင်းဖြစ်သည်။ ပထမပိုင်း၏ တင်းအားသည် ဒုတိယပိုင်းပျံသန်းမည့် မြားတစ်စင်း၏ အကွာအဝေးကို ပြဌာန်းလိမ့်မည်ထင်သည်။ ရှုပ်ထွေးမှုမှ ရိုးရှင်းမှုဆီသို့ ပြန်သွားရသော ခရီးသည် ထင်မှတ်မထားလောက်အောင် ခက်ခဲနေခြင်းမှာ မိမိတို့ကိုယ်တိုင် စနစ်တကျ ခြေရာဖျောက်ထားသောကြောင့်ဖြစ်ပါသည်။ ခက်ခဲသော်လည်း မဖြစ်နိုင်သည့် ခရီးတော့မဟုတ်ပါ။ မသေချာသော ကမ္ဘာကြီးထဲတွင်၊ မသေချာသော ရှင်သန်မှုများဖြင့် ရစ်ပတ်ဖွဲ့နှောင်ထားသော လူသားသည် ငြိမ်းချမ်းသောစိတ်တစ်ခုကိုသာ ကိုယ်ပိုင်ဥစ္စာအဖြစ်ယူသွားနိုင်လိမ့်မည်ထင်သည်။

အရှိတရား၏ ပြည့်စုံမှုကို နားလည်ရန် ငြိမ်သက်သောစိတ်ဖြင့် ဒုတိယပိုင်းကို စတင်ဖို့လိုလိမ့်မည်ထင်သည်။ လူသည် အပိုမလုပ်တော့လျှင် အလွန်ပေါ့ပါးသော စိတ်ရှိလာနိုင်သော သတ္တဝါဖြစ်ပါသည်။ တစ်နေ့တစ်နေ့ တိမ်များကို အချိန်ပေး၍ ငေးကြည့်နေသူများတွေ့လျှင် လူပျင်းများဟု မထင်လိုက်ကြပါနှင့်။ ထိုသူများသည် ဒုတိယပိုင်း သင်ခန်းစာများကို သဘာဝတရားဆီမှ ပြန်လည် လေ့လာနေသူများလည်း ဖြစ်နေနိုင်သည်။

စံပယ်ပန်းလေးတစ်ပွင့်ကို ခူးယူပြီး ဘုရားကပ်မည့်အစား အပင်မှာပွင့်နေသည့် စံပယ်ပန်းလေးကိုပဲ ဘုရားကိုလှူလိုက်ခြင်းသည် ဒုတိယပိုင်း၏ စိတ်ထားဖြစ်လာလိမ့်မည်။ နူးညံ့သောစိတ်ထားဖြင့် ရဲရင့်သောရှင်သန်ခြင်းသည် ဒုတိယပိုင်း၏ ဖတ်စာအုပ်ဖြစ်လာလိမ့်မည်။ ပထမပိုင်း၏အလင်းသည် အနီရောင်ဖြစ်လျှင် ဒုတိယပိုင်း၏အလင်းသည် အပြာရောင်ဖြစ်လိမ့်မည်။ ငြိမ်သက်သောစိတ်သည် အများအတွက် အချိန်ရှိသောစိတ်လည်းဖြစ်သည်။ ဒုတိယပိုင်းကိစ္စများသည် ကိုယ်ကျိုးအတွက် သိပ်များများလုပ်စရာမရှိတော့။ ပထမပိုင်းတွင် အများအကူအညီဖြင့်/ပြင်ပအထောက်အပံ့ဖြင့် ရရှိခဲ့သော အသိပညာနှင့်ဥစ္စာပစ္စည်းများကို ဒုတိယပိုင်းတွင် အများအတွက် လွယ်ကူအောင်လုပ်ပေးသည့် အလုပ်များအတွက် ပို၍အသုံးချလာမည်။ ဒုတိယပိုင်း၏ အလှတရားသည် ပထမပိုင်းထက်ပိုပြီး သိမ်မွေ့သည်။ ပိုပြီးနူးညံ့သည်။ လေးနက်သော ပညာကို လက်ဆင့်ကမ်းခြင်းသည် ဒုတိယပိုင်း၏ လှပသောဒါနတရားတစ်ခုဖြစ်လာလိမ့်မည်။ ပထမပိုင်းတွင် မြင်ရသော သစ်ရွက်ခြောက်၏ အဆင်းအရောင်မွဲခြောက်မှုသည် ဒုတိယပိုင်းတွင် တောက်ပလာသည်။ ဒုတိယပိုင်းလောကသည် အရောင်အသွေးပိုမိုစုံလင်လာသည်။ ပထမပိုင်း၏ နားလည်မှုသည် ဖြေသိမ့်သော စကားလုံးများဖြစ်လျှင် ဒုတိယပိုင်း၏ နားလည်မှုသည် နာကျင်မှုအတွင်း အတူယှဉ်တွဲ ငြိမ်သက်နေခြင်းသာဖြစ်လိမ့်မည်။

စိတ်ထဲတွင် ခက်ခဲနေသောအရာများသည် လွယ်ကူသောအရာတစ်ခု၏ အလင်းပြန်မှုသာဖြစ်လိမ့်မည်။ ခက်ခဲမှု၏ပြဿနာမှာ လွယ်ကူသောအရာများတွင် သဘောထားမမှန်ကန်မှုများ စုစည်းပေါင်းဖွဲ့လာခြင်းသာဖြစ်ရလိမ့်မည်။ လောကကြီးကို လွယ်ကူစေခဲ့သူများကို လေးစားသောစိတ်သည် တစ်နေ့တစ်ခြားတိုးပွားလာရမည်။ ပထမပိုင်း၏ သီလသည် ရှောင်ကြဉ်မှုပေါ်တွင် အခြေခံလျှင် ဒုတိယပိုင်း၏ သီလသည် တစ်ဆင့်မြင့်ရလိမ့်မည်။ ခက်ခဲနေသူများအောင် လွယ်ကူအောင်လုပ်ပေးရမည်။ အလိမ်ခံရသူများအား အလိမ်မခံရအောင်ကူညီရမည်။ အခိုးခံရသူများအား အခိုးခံလိုက်ရသော ဥစ္စာပစ္စည်းများပြန်ပေးရမည်။ အသက်ဘေးရောက်နေသူများအား ကုသစရိတ်ပေးရမည်။ ကုသ၍မရတော့သူများအား ငြိမ်သက်သောစိတ်ပေးရမည်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို အနိုင်အထက် ပြုကျင့်မှုမရှိအောင် အသိဉာဏ်ရော၊ခွန်အားကိုပါ အသုံးပြုပြီး ဆန့်ကျင်ရမည်။ မူးယစ်စေသောအရာများမလိုအပ်သော ကမ္ဘာသစ်တစ်ခု၏ အလှတရားအကြောင်းကိုလည်း ပြောပြရလိမ့်မည်။ ကလေးငယ်များအတွက် နေပျော်သော၊ အလွန်လှသော ကမ္ဘာသစ်တစ်ခုကို ငြိမ်းချမ်းသောစိတ်ဖြင့် တစ်ဦးစီ ဝိုင်းဝန်းတည်ဆောက်ရန်လိုအပ်ကြောင်းလည်း နှိုးဆော်ရလိမ့်ဦးမည်။

ဒုတိယပိုင်း၏ အခက်အခဲမှာ စကားလုံးများဖြင့် ခရီးဆက်၍ မရခြင်းဖြစ်ပါသည်။ သိစိတ်များ၏ ဆက်သွယ်မှုသည်သာ ထိရောက်သော ဝါကျတစ်ကြောင်းဖြစ်ပြီး နှလုံးသားချင်းနားလည်မှုသည်သာ နူးညံ့သော ကဗျာတစ်ပုဒ်ဖြစ်လိမ့်မည်။

ဆက်လက်ခရီးဆက်ကြပါဦးစို့။         ။


With Peace,
Uncle Zephyr

အချစ်စစ်၏ ဒုတိယပုံစံ

$
0
0
အချစ်စစ်၏ ဒုတိယပုံစံ

ကျွန်ုပ် ယခုတလော အလွန်အံ့သြနေသည်။ အွန်လိုင်း အရောင်းအဝယ် လုပ်ငန်းအကြောင်း လေ့လာသည်။ စမ်းသပ်မှာကြည့်သည်။ ဇနီးသည်ကလည်း ကူညီသည်။ တစ်ခါတစ်ခါ အိမ်သူဖြစ်ပြီး၊ တစ်ခါတစ်ခါ အသတ်အပုတ်ဖြင့် သတ်ထားသော အိမ်သူသတ်ထားဖြစ်သည်။ အိမ်သူသက်ထားဖြစ်ရန် နည်းနည်းကလေး လွဲသွားသည်။ အွန်လိုင်းတွင်ဈေးသက်သာသည်။ အရည်အသွေး အတန်အသင့် ရှိတတ်သည်။ အဆင်ပြေသည့်အခါလည်း ပြေသွားတတ်သည်။ ကိုးရီးယားနှင့် တရုတ်ပြည်တို့မှ အဓိကတင်ပို့ကြသည်။ ဝယ်လိုက်သည့် ဇာအင်္ကျီတစ်ထည်တွင် zip က တစ်ဝက်သာတပ်၍ရသည်။ complaint လုပ်သော် ဒါ့ပုံပို့ပါဟုဆိုသည်။ Zip ကောင်း၊မကောင်း ဓာတ်ပုံကြည့်၍ ဆုံးဖြတ်နိုင်သည်ဟုဆိုသော် ရှားလော့ခ်ဟုမ်းထက်ပင် သာနေချေတော့သည်။ ကျွန်ုပ်ဇနီးသည်ကလည်း ဓာတ်ပုံရိုက်ပြီး ပို့လိုက်လေသည်။ နောက်တစ်နေ့တွင် နောက်တစ်ထည် ထပ်ပို့လိုက်ပါပြီဟုဆိုသည်။ ထို့နောက် နောက်တစ်ထည် ထပ်ပို့ လိုက်ပြီဆိုတာ တစ်ခြားတစ်ယောက်ကိုပြောတာဟုဆိုပြန်သည်။ နားလည်ရခက်လေစွ။ နောက်တစ်ကြိမ် ရှည်လျားစွာ complaint ထပ်လုပ်ရပြန်သည်။ ထိုအခါတွင်တော့ တစ်ကယ်နောက်တစ်ထည်ပို့ပေးမည်။ အခုတစ်ထည်လည်း အပိုင်ယူလိုက်တော့။ ပြန်မပို့လည်းရသည်ဟုဆိုသည်။ ကျွန်ုပ်တို့သည် အချောင်သမားများ မဟုတ်လေရာ၊ တစ်ကျပ်တန် တံဆိပ်ခေါင်းကပ်၍ ပြန်ပို့ လိုက်လေသည်။ ဒုတိယတစ်ထည်ကတော့ zip တပ်၍ရသည်။ ခါးပတ်ချိတ်သောသံကွင်းတစ်ခုပါမလား။ ခါးပတ်ချိတ်၍မရ။ အွန်လိုင်းရောင်းဝယ်မှုသည် ဈေးသက်သာမှုပေါ်တွင် အခြေခံပြီး ဆိုင်ခန်းစရိတ်သက်သာသော ရောင်းဝယ်မှုပုံစံသစ်တစ်ခုအဖြစ် အောင်မြင်စပြုလာသည်။ အချစ်စစ်သည်လည်း စွန့်စားဝယ်ယူရသော သဘောရှိပါသည်။ ဝယ်ယူရခြင်းမဟုတ်သည့်တိုင် ပိုင်ဆိုင်ရန် အားထုတ်ရမှုများ ရှိနေနိုင်သည်။ သမီးများစွာမွေးထားသော ယောက္ခမများပင်လျှင် one-to-one exchange တော့ မပေးချေ။ သွားကျိုးသည်ဖြစ်စေ၊ ဝမ်းလျှောသည်ဖြစ်စေ စောင့်ရှောက်ပါမည်ဆိုတာမျိုးတွေလည်း ကျိန်သလိုလို I do ကြရသေးသည်။ ကျွန်ုပ်၏ တစ်သီးပုဂ္ဂလအမြင်အရ I do ဆိုသည်မှာ I do understand သာဖြစ်သည်။ အချစ်စစ်သည်ဖြစ်စေ၊ မစစ်သည်ဖြစ်စေ ယူပြီးလျှင်တော့ သစ္စာရှိရမည်။ ဘဝဆိုတဲ့ကျောင်းစာအုပ်မှာပါသလို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီဘဝမှာတော့ ဒီတစ်ယောက်တည်းပဲရမည်။

ဝင်ငွေကို ခင်ပွန်းကိုအပ်သောသူများကို ကျွနု်ပ်လုံးဝ မနှစ်သက်။ ကိုယ့်ပိုက်ဆံကိုယ်ရှာသည်ဆိုလျှင် ကိုယ်ဟာကိုယ်စီမံပါ။ ခြယ်လှယ်သောသူများသည် ဘူဇွာများသာဖြစ်သည်။ ကျွန်ုပ်ဇနီး၏ လခကို ကျွန်ုပ် အတိအကျမသိချေ။ ထို့အတွက်လည်း မည်သို့မျှ မခံစားရပါ။ သူဝယ်ချင်တာ သူဝယ်လည်း မည်သို့မျှ မနေပါ။ သူ့အိမ်သူပေးလည်း အနေသာကြီးသာဖြစ်သည်။ ကိုယ့်အတွက် လက်ဆောင်ဝယ်ပေးလျှင်တော့ ပျော်ပါသည်။ ကျွန်ုပ်တွင် ပိုက်ဆံဘယ်လောက်ရှိမှန်းလည်း သူသိပုံမရချေ။ စပ်လည်းမစပ်စုကြ။ တစ်ခုခုဝယ်ရန် ပိုက်ဆံစုသည့်အခါမှအပ များသောအားဖြင့် ငွေရေးကြေးရေးအားဖြင့် အမီအခိုကင်းပါသည်။ လှူတာတန်းတာတွေကိုလည်း တစ်ယောက်နဲ့ တစ်ယောက် မတားကြေးလုပ်ထားပါသည်။ ကိုယ်ကြိုက်တာ ကိုယ်လှူကြသည်။ မည်သို့မျှ သဘောမထားပါ။ မိမိပိုက်ဆံကို မည်သည့်အကြောင်းနှင့်မျှ အခြားတစ်ယောက်ကို စီမံခိုင်းစရာအကြောင်းမရှိပါ။ ဒီကိစ္စကို နားမလည်သော ရှေးရိုးစွဲတစ်ယောက်ယောက်ကို သင်တို့ယူမိသော် ပြုပြင်ယူကြပါ။ အိမ်ထောင်ပြုသည်ဆိုသည်မှာ သခင်နှင့်ကျွန်များမဟုတ်ပါ။ တပည့်ကြီးနှင့်ဆရာကြီးများလည်းမဟုတ်ပါ။ ချစ်သူခင်သူနှစ်ယောက် ချစ်ခင်စွာနေထိုင်ခြင်းသာဖြစ်သည်။ ကျန်အရာများကို ဝင်မခြယ်လှယ်ပါနှင့်။ Personal space လေးပေးကြပါ။ အထူးသဖြင့် အသက်ကြီးကြီး ငတိကြီး၊ငတိမကြီးများနှင့် ယူမိလျှင် personal space ကို ဒင်းကြီးတို့ နားလည်ရန်ခက်မည်ထင်သည်။ နေ့တိုင်း ထိုင်ကန်တော့ခိုင်းနေလျှင် ဒွတ်ခဟုတောင် တွေးမိသည်။ လွတ်လပ်ခြင်းနှင့်ပတ်သက်၍ အလွန်လှသော ကဗျာအဖွဲ့များတွင် နေမင်း၏ အလင်းရောင်ကို ဥပမာပေးလေ့ရှိသည်။ နွေထွေးမှုဖြင့် လွှမ်းခြုံထားသော်လည်း မွန်းကြပ်တုပ်နှောင်မှုမျိုး မဖြစ်စေသော မေတ္တာစစ်၏ လွှမ်းခြုံမှုမှအပ မည်သည့်  ခြယ်လှယ်မှု၊ ဆရာလုပ်မှု၊ ကြီးကြပ်မှုမှ မလိုပါ။ ဖြစ်နိုင်လျှင် ကျောင်းအုပ်ဆရာမကြီး တို့ ၊ကျောင်းအုပ်ကြီးတို့ မယူကြစေချင်ပါ။ သူတို့၏ မျက်လုံးများသည် လူတကာကို တပည့်ထင်နေသည်ဟု ကျွနု်ပ်ထင်သည်။ ဆရာဝန်ယူမည်ဆိုလျှင်လည်း ဆေးခန်းမထိုင်ရသည့်ဆရာဝန်သာယူကြပါ။ ဆေးနံ့များသည် ခေါင်းကိုက်ချင်စရာကောင်းလှသည်။ လူနာဗိုက်ခွဲလာသော လက်ကြီးဖြင့် ကယုကယင် ပြုမူသော် ကြက်သီးထစရာကြီးဖြစ်နေမည်ထင်သည်။ တကယ်မချစ်လျှင် ယူဖို့ သုံးခါပြန်စဉ်းစားသင့်သည်။

အနံ့အသက်မကောင်းသူများကို မယူသင့်ချေ။ ရုံးကအပြန် ညစ်တီးညစ်ပတ်နှင့် အနံ့တဟောင်ဟောင် ပြန်တတ်သော ချစ်သူ၊ရည်းစားရှိလျှင် နောက်တစ်ယောက်ပြောင်းစဉ်းစားဖို့ကောင်းသည်။ ကိုယ့်ကိုယ်ကို သန့်ရှင်းအောင်မှ မထားနိုင်သူနှင့် အတူနေရလျှင် အမှိုက်ပုံထဲ နေရသလို ဖြစ်နေနိုင်သည်။ ဟန်ဆောင်ပန်ဆောင်ဖြင့် သန့်ပြန့်ပြတတ်သောသူများကိုလည်း သေချာ အကဲခတ်သင့်သည်။ တစ်ချို့လူများသည် အပြင်ထွက်လျှင် အလွန်သန့်သလောက် နေတာထိုင်တာ သိပ်ညစ်ပတ်သည်။ ခြေအိတ်ကို တစ်နေ့တစ်ခါမလဲ။ ဖိနပ်ထဲထိုးသိပ်ထားလိုက်သေးသည်။ လူကိုတော့ ရေမွှေးဖြန်းကောင်းဖြန်းလာမည်။ ပါစင်နယ်လတီကိုတော့ ရေမွှေးမဖြန်းထားကြ။ အစားအသောက်စားလျှင်လည်း စားပုံသောက်ပုံ အင်မတန်ဆိုးရွားသည်။ အင်မတန်ကံဆိုးစွာ ယူမိသော် မြန်မြန်ပြင်ခိုင်းသင့်သည်။ မယူရသေးလျှင် နောက်တစ်ယောက် ပြောင်းယူဖို့သာ စဉ်းစားဖို့ကောင်းသည်။

စိတ်အပြောင်းအလဲမြန်လွန်းသူများကိုလည်း မယူလျှင် အင်မတန်သင့်သည်။ ကြာလာလျှင် ကိုယ့်ကိုယ်ကို ကလေးထိန်းလိုလို စိတ်ရောဂါကု ဆရာဝန်လိုလို ခံစားလာရနိုင်သည်။ ကိုယ့်ဘဝကို ကိုယ်တစ်ယောက်တည်းသွားတာ ပိုပျော်စရာကောင်းလျှင် မည်သူ့ကိုမှ မယူပါနှင့်။ အားနာလို့လည်းမယူနဲ့။ လူများတွေယူလို့လည်းမယူနဲ့။ မိဘပေးစားလို့လည်းမယူနဲ့။ တစ်ယောက်တည်းပျော်နေသည်မှာ နှစ်ယောက်ပေါင်းပြီး စိတ်ညစ်နေရသည်ထက် အပုံကြီးသာပါသေးသည်။ နားလည်မှုမရှိသူကို မည်သည့်အခါမှ အိမ်ထောင်ဖက်အဖြစ် မစဉ်းစားပါနှင့်။ အင်ဂျင်ဝိုင် ယိုနေသော ကားဝယ်မိသလို စိတ်အကြီးကြီးညစ်ရမည်။

တစ်ချို့ အိမ်ထောင်ရှိသူများသည် အိမ်ထောင်မပြုသူများကို စသလိုလို နောက်သလိုလို လုပ်ကြသည်။ အင်မတန်မလုပ်သင့်သော အရာဖြစ်သည်။ အိမ်ထောင်ကျခြင်းမှာ တစ်ခုခု ကွာလဖိုင်းဖြစ်သည်ဟုမဆိုလိုပါ။ မယူချင်သူများ မယူဘဲ နေခွင့်ရှိသည်။ ယူသည်ဖြစ်စေ၊မယူသည်ဖြစ်စေ ဘဝတွင် အောင်မြင်စွာ နေသွားနိုင်သည်။ လူတစ်ဦးစီသည် သီးခြားဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် တူညီနေစရာမလိုပါ။ သူ့အတွေးအခေါ်၊ သူ့ယုံကြည်ချက်ဖြင့် ဘဝကိုရဲရင့်စွာ ဖြတ်သန်းနေသူများကို လေးစားခြင်းမှာ လူကြီးလူကောင်းစိတ်ထားဖြစ်ပါသည်။ အဲဒီလို စသလို၊နောက်သလိုလိုနဲ့ ပြောတတ်သည့်ချစ်သူ၊ရည်းစားရှိလျှင် စောစောစီးစီးက ဖြတ်ထားပါ။ သူငယ်နာမစင်သေးသူများဖြစ်သည်ဟု နှလုံးသွင်း၍ ဖြတ်စာပေးပါ။

နောက်တစ်မျိုးကတော့ မစ္စတာ N မစ္စGadgets တွေ။ ချစ်လို့ကော်ဖီအတူသောက်နေလည်း ဒီဖုန်းကိုမချနိုင်သေးဘူးဆိုရင် သူယူသင့်တာ ဖုန်းပဲ။ ခင်ဗျားမဟုတ်ဘူး။ ယူပြီးမှမပြင်နဲ့။ ကားဝယ်သလိုပေါ့။ကိုယ်ကြိုက်တာတွေပါမှ ဝယ်ပေါ့။ ဝယ်ပြီးမှ အားလုံးပြန်ပြင်ရရင် အချိန်ကုန်၊ငွေကုန်တာပေါ့။ လူမှာလည်း ပြင်လို့မရတာတွေ အများကြီးရှိသည်။ မျိုးရိုးကိုပြင်လို့မရဘူး။ ဘာသာဆိုတာလည်း ပြင်လို့မရဘူး။ ယူပြီးမှ ပြင်လို့မရရင် ပြန်ကွဲဖို့လည်းခက်တယ်။ ကိုယ်နားလည်ပေးနိုင်သလောက်ပဲနားလည်ပါ။ ချစ်တုန်းဖြည့်စွက်နားလည်ပေးထားတာတွေဟာ ရေရှည်မှာ မလွယ်ဘူး။

ခင်ဗျားသေလောက်အောင် ချစ်တယ်ဆိုရင်တောင် စကားတစ်ခွန်းက နှစ်ခွန်းမပြည့်သေးဘူး။ စိတ်ကောက်ပြီဆိုတာမျိုးတွေမယူနဲ့။ ဘဝကြီးက တိုတိုလေး။ အဲဒါကို ခင်ဗျားဘဝရဲ့တစ်ဝက်က တောင်းပန်နေတာနဲ့ ကုန်သွားမယ်။ မျိုးနဲ့ရိုးနဲ့သာ စိတ်ကောက်တယ်ဆိုရင် ခင်ဗျားက သူ့အဖေကိုလည်း ချော့ရ၊ သူ့အမေကိုလည်းချော့ရ၊ သူ့ကြီးတော်ကြီးကိုလည်းချော့ရ၊ သူတို့အိမ်က ကြောင်ကလေးကိုလည်း ချော့ရ။ သေရချည်ရဲ့ဗျာ။ အေးအေးသာသာ နောက်တစ်ယောက်သာရှာပါ။

နောက်တစ်မျိုးက ဘာသာရေး သိပ်လုပ်လွန်းနေရင် မယူနဲ့။ ကြာရင် ခင်ဗျား အကုသိုလ်ဖြစ်လာမယ်။ ဝါတွင်းသုံးလမှာ သူကရိပ်သာမှာ။ ပြန်လာတော့ တစ်နေ့ကို ဘုရားရှိခိုးတာချည်း လေးနာရီနဲ့ မိနစ်ငါးဆယ်ကြာတယ်။ ခင်ဗျားက ရော့ခ်သီချင်းဖွင့်ခါနီး သူက တရားခွေဖွင့်ပြီ။ မကောင်းတာတော့မဟုတ်ဘူး။ သူ့ဟာက သီလရှင်ဝတ်ရမှာကြီးကို ခင်ဗျားက ဒုက္ခပေးသလိုဖြစ်နေတာ။ အဲဒီလို ရည်းစားရှိရင် ခင်ဗျား ကျောင်းတကာ၊ ဆွမ်းတကာပဲလုပ်။ ယောကျာ်းတော့သွားမလုပ်လိုက်လေနဲ့။ အကုသိုလ်ဖြစ်မယ်။ သူတော်ဓလေ့နဲ့ ဂူပျော်မွေ့ပါစေ။ လောကကြီးမှာ တစ်ခြားလူတွေ အများကြီးရှိသေးတယ်။ Adele ဆိုနေတဲ့ someone like you ပေါ့။ ၁၀၀ ရာခိုင်နှုန်းတူစရာမလိုပါဘူး။ လူတွေ ဒီလောက်များတာ တစ်ယောက်ယောက်တော့ ရှိမှာပါ။

အတင်းအဖျင်းပြောတဲ့သူတွေလည်း မယူနဲ့။ ဘဝကြီးက တိုတယ်။ လူများမကောင်းကြောင်းချည်း တစ်နေ့သုံးနာရီထိုင်ပြောနေရင် ခင်ဗျားလည်း နေရင်းထိုင်ရင်း ဗစ်ဒယိုထဲက အတင်းတုပ်လိုက်၊သန်းတုပ်လိုက် ကြီးတော်ကြီးတွေလိုလိုဖြစ်လာမယ်။ ကိုယ့်ဟာကိုယ်ဘယ်လောက်ကောင်းကောင်း၊ ယူလိုက်ပြီဆိုရင် ကြိုက်ကြိုက်မကြိုက်ကြိုက်၊ ခင်ဗျားရဲ့ ၁၈ ကိုက်စည်းထဲမှာသူရှိနေပြီ။ ပျော်စရာလေးတွေ ပြောရင်တော်သေးတယ်။ တစ်နေ့တစ်နေ့ မကျေနပ်စရာတွေချည်းဆို ခင်ဗျားလည်း သေရောပေါ့။ ရည်းစားဘဝတုန်းကတော့ ခင်ဗျား ရေလိုက်ငါးလိုက် နားထောင်ပေးကောင်း၊နားထောင်ပေးနိုင်မယ်။ ယူပြီးပြီဆိုရင် ခင်ဗျားလည်း စိတ်က ပုံမှန်ပြန်ဖြစ်သွားပြီ။ စိတ်ရင်းမှန်နဲ့ကို နားညည်းလာရနိုင်တယ်။ မယူရသေးရင်မယူနဲ့။ ယူခါနီးဆိုရင် ရက်ရွှေ့ထားပြီး တစ်ခြားတစ်ယောက်ရှာပါဗျာ။

နောက်တစ်မျိုးက သူ့ဟာသူ အေးအေးဆေးဆေးမနေနိုင်တဲ့သူ မယူနဲ့။ ကိုယ့်ဟာကိုယ်တခါတလေ အေးအေးဆေးဆေးလေးနေချင်မှာပဲ။ အဲဒါကို မကြိုက်ဘူးဆိုရင် ခင်ဗျားလည်း ဒုက္ခရောက်မှာပဲ။ အရှင်လတ်လတ် ခံရတဲ့ငရဲဘုံလိုဖြစ်နေမယ်။ ကျုပ်ဆို စာရေးတယ်။ စာရေးနေတုန်း စကားမပြောဘူး။ တစ်ခါတစ်လေ ကျုပ်ဟာကျုပ်တွေးနေတယ်။ အဲဒီလိုလေးနေရတာကိုကြိုက်တယ်။ ချစ်တာကချစ်တာပဲနော်။ ကိုယ့်အချိန်ကို ကိုယ်အသုံးပြုတာ မတူနိုင်ဘူး။ စရိုက်နဲ့ဝါသနာမတူဘူး။ ညှိယူလို့ရတာလည်းရှိတယ်။ မရတာလည်းရှိတယ်။ အဲဒီလိုလေးမှ လွတ်လွတ်လပ်လပ်နေခွင့်မရဘူးဆိုရင် ခင်ဗျား အထပ်မြင့်တိုက်ပေါ်က ခုန်ချနေရမယ်။ ကိုယ့်အသက်အန္တရာယ်ရှိတဲ့ ဘယ်သူ့ကိုမှ မယူမိစေနဲ့။ ရည်းစားနဲ့ပြတ်သွားတာ နည်းနည်းတော့ ခံစားရမယ်။ ဒါပေမယ့် ခင်ဗျားဘဝကြီးကို ခင်ဗျားမကယ်တင်ရင် ခင်ဗျားပဲဒုက္ခရောက်မှာ။

လူတွေကို ချစ်ရတာလွယ်တယ်။ ချစ်စရာရှိရင် ချစ်တာပဲ။ အိမ်ထောင်ပြုတာကတော့ ချစ်ရုံနဲ့မရဘူး။ အဲဒီလူတစ်ယောက်ဟာ ခင်ဗျားဘဝထဲ 24/7 365 ကြီးရောက်လာမှာ။ သေချာစဉ်းစားမှတော်ရာကျမယ်။ ကြိုက်ရုံနဲ့လည်း ယူလို့မဖြစ်သေးဘူး။ အကြိုက်ကပြောင်းနေဦးမှာ။ တကယ်သေချာပြီဆိုရင်တော့ အပေါ်ကပြောတာတွေကို ခင်ဗျားနားမထောင်တော့ဘူး။ ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်ဆိုပြီး ယူဖို့စဉ်းစားတော့မှာပဲ။

အဓိကကတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ဦးနှောက်ရဲ့ မျှခြေနေရာမှာ သူရှိနေဖို့ပဲ။ မိဘဂုဏ်သိက္ခာမကျဘူး၊ ကိုယ်လည်းပျော်ရွှင်ရမယ်ဆိုရင် ကောင်းတာပါပဲ။ စိတ်ညစ်ရမယ်ဆိုရင်တော့  ဇွတ်မှိတ်ယူနေဖို့မလိုဘူး။ ဘဝကိုပေါ့ပေါ့လေး ဖြတ်သန်းချင်တဲ့သူတွေနဲ့၊ ဆေးဝါးနဲ့ အေးအေးဆေးဆေးမွေ့လျော်ချင်တဲ့သူတွေကတော့ တစ်လိုင်းသက်သက်ပဲ။ သူတို့က သူတို့ရဲ့အဂ္ဂဘုံမှာ။ ခင်ဗျားမရှိလည်းဖြစ်တယ်။ ဘာသာရေးအစွန်းရောက်ကိုတော့ ဘယ်နည်းနဲ့မှ မယူနဲ့။ ကိုယ်ကိုးကွယ်တဲ့ဘာသာရဲ့တန်ဖိုးအစစ်ကိုမသိဘဲ လူတကာကို အမြင်စောင်းနေတာကြီး။ ခင်ဗျားပျော်ရမှာမဟုတ်ဘူး။

ငြိမ်းချမ်းတဲ့စိတ်နဲ့ကြည့်ပါ။ ခင်ဗျားရဲ့ နှလုံးသားနဲ့ဦးနှောက်ရဲ့ဆုံမှတ်မှာ သိပ်ချစ်စရာကောင်းတဲ့သူတစ်ယောက်ရှိပြီး၊ အဲဒီလူကိုလည်း တစ်သက်လုံးအတွက် ယုံကြည်နိုင်တယ်ဆိုရင် ခင်ဗျား ဒီပို့စ်ကို ဖတ်နေတာ အချိန်ဖြုန်းမှုသက်သက်ပဲဗျ။

ခင်မင်စွာဖြင့်
Zephyr



Viewing all 146 articles
Browse latest View live